Monday, January 14, 2019

အမေရိက၏ ထူးခြားသော ပုံရိပ်များ

ရေဘဝဲသစ်ပင် (Oregon)

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်အရပ်ရှိ ထင်းရှူးပင်ကြီးတစ်ပင်သည် ထူးခြားစွာဖြင့် ရေဘဝဲကြီးတစ်ကောင်လို ပေါက်နေသည်။ ပင်စည်ကြီးတစ်ခုမှ အကိုင်းအခက်များ ထူးခြားစွာ ဖြန့်ထွက်နေခြင်းကြောင့်လည်း ရေဘဝဲကြီးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ထိုအပင်ကြီးသည် ယခင်အမေရိကတိုက်တွင် နေထိုင်ခဲ့သည့် ရှေးဟောင်းလူမျိုးစုများနှင့် ဆက်စပ်ခဲ့သည်ဟု ဆိုသည်။ Tillamook ဆိုသည့် ကမ်းရိုးတန်းနေ မျိုးနွယ်စုများသည် ထိုအပင်ကြီးတွင် အခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ လုပ်ခဲ့ကြောင်း သိရသည်။

အမေရိကမှ ရှေးဦးမျိုးနွယ်စုတို့သည် ကနူးလှေများလုပ်ရာတွင် ဤအပင်ကြီးမှ အသားကို အဆောင်အဖြစ် တစ်နေရာတွင် ထည့်သုံးလေ့ရှိကြသည်။ ရိုးရာဓလေ့အတွက် ထိုအပင်ကြီးသည် အရေးအပါဆုံးဟူ၍လည်း သတ်မှတ်ထားကြသည်။ ထိုအပင်ကြီးသက်တမ်းက နှစ်ပေါင်းရာကျော်ခန့်ရှိပြီဖြစ်သည်။ “အတိုင်ပင်ခံ အပင်” ဟူ၍လည်း ထိုအပင်ကိုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူမျိုးစုများသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ဤနေရာတွင် လာလုပ်ကြသောကြောင့်ဖြစ်သည်။
ဟိုဘိုပြတိုက် (Iowa)

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ် Britt တွင် National Hobo Convention ဆိုသည့် အိမ်တစ်အိမ်ရှိသည်။ ထိုအိမ်တွင် နှစ်တိုင်း ပွဲကျင်းပလာခဲ့သည့်မှာ ၁၉၀၀ ပြည့်နှစ်ကတည်းက ဖြစ်သည်။ ထိုအိမ်ကို ဟိုဘိုပြတိုက် (Hobo Museum) ဟူ၍လည်း ခေါ်သည်။ ဟိုဘိုဟုခေါ်သည့် အိမ်ခြေအတည်အကျမရှိ၊ လှည့်လည်သွားလာနေကြသော ရွှေ့ပြောင်းအလုပ်သမားများ၊ လမ်းဘေးနေ ခြေသလုံးအိမ်တိုင်များအတွက် အထိမ်းအမှတ် ပြတိုက်တစ်ခုလည်း ဖြစ်သည်။

ထိုပြတိုက်ထဲတွင် ဟိုဘိုတို့၏ ပစ္စည်းများ၊ နေထိုင်ပုံများ၊ စရိုက်များကို ဖော်ကျူးထားသည့် ပစ္စည်းများ၊ ပုံများကို ပြည့်နေအောင် ခင်းကျင်းပြသထားသည်။ ၂၀၀၈ ခုနှစ်က အိုင်အိုဝါပြည်နယ် တက္ကသိုလ်မှ ကျောင်းသားများသည် ထိုအဆောက်အအုံကို သမိုင်းဝင် နေရာတစ်နေရာအဖြစ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယခင်က ထိုနေရာသည် ပြဇာတ်ရုံတစ်ရုံ ဖြစ်သည်။ ထိုမြို့က ဟိုဘိုဟုခေါ်သည့် ခြေသလုံးအိမ်တိုင်သမားများကို ဂုဏ်ပြုပြီး ဟိုဘိုပြတိုက်၊ ဟိုဘိုတော၊ ဟိုဘိုသင်္ချိုင်း စသည်ဖြင့် သတ်မှတ်ပေးထားကြောင်းလည်း တွေ့ရသည်။

ထူးဆန်းသည့်ဆင်ရုပ်ကြီး (New Jersey)

အတ္တလန္တိတ်စီတီးမြို့တောင်ဘက်တွင် ၆၅ ပေခန့်မြင့်သည် ဆင်ရုပ်တုကြီးတစ်ခုကို Margate ပင်လယ် ကမ်းခြေအနီး သဲပြင်ပေါ်တွင် တွေ့ရမည်ဖြစ်သည်။ ဆင်ရုပ်ကြီးအမည်ကို လူစီဟုပေးထားသည်။ ၁၈၈၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ဆင်ရုပ်ကြီးဖြစ်သည်။ အရှေ့ဘက်ကမ်းရိုးတန်းတွင် ထူးဆန်းစွာဖြင့် ကြီးမားသည့် ဆင်ကြီးတစ်ကောင်ကို သင်္ဘောသားများ မြင်တွေ့ရပြီးနောက် ထိုရုပ်တု ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုဆင်ရုပ်ကြီးကို စတင်ဆောက်လုပ်ရန် အကြံရသူမှာ ဂျိမ်းစ်ဗီ လက်ဖာတီဆိုသူဖြစ်သည်။ ၁၈၈၂ ခုနှစ်တွင် သူက ဆင်ရုပ်ကြီးကို “လူစီ” ဟု အမည်ပေးခဲ့သည်။ သူက ဆင်ရုပ်ဖြင့် အဆောက်အအုံကြီးတစ်ခု တည်ဆောက်ရန် အားထုတ်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းဆက်ခံသူများက ကမ္ဘာလှည့် ခရီးသည်များအတွက် ရည်စူးပြီး ဆက်လက်ထိန်းသိမ်း ဖွင့်လှစ်ခဲ့သည်။ သမ္မတ ဝုဒ်ရိုး ဝီလ်ဆင်သည် ထိုဆင်ရုပ်ကြီးထံ လာရောက်လည်ပတ်ခဲ့ဖူးသည်။ လူစီထံ အင်္ဂလိပ်ဆရာဝန်တစ်ဦးနှင့် သူ့မိသားစုတို့ နှစ်စဉ် လာရောက်လည်ပတ်သည်။ ဆင်ရုပ်ကြီးအနီးတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်းဖွင့်ထားသည်။ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်သည့် နေရာတစ်နေရာ ဖြစ်သည်။

မြေလျှိုးမိုးထောင်ခြံ (Florida)

အမေရိကန်ပြည်ထောင်စုတွင် Cadillac Ranch ဟု ခေါ်သည့် ခြံကြီးတစ်ခြံရှိသည်။ အနုပညာ Installation တစ်ခုအနေနှင့် စွန့်ပစ်ထားသည့် ကာဒီလက်ကားကြီးများကို မြေကြီးထဲ တိုးဝင်နေပြီး အပေါ်ထောင်နေသည့်အတိုင်း ဖန်တီးထားခြင်းဖြစ်သည်။

ယင်းခြံကို Airstream Ranch ဟုခေါ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Tampa အရပ်တွင်ရှိသည်။ ဖရန့်ဘိတ်ဆိုသူက ထိုခြံကြီးအနီးတွင် RV ဆိုသည့် ဘတ်စ်ကားကြီးများက ကိုယ်စားလှယ်အဖြစ် ရောင်းချနေသူဖြစ်သည်။ ဘိတ်က အနုပညာတစ်ရပ်အနေနှင့် ထိုကဲ့သို့ ကားကြီးများကို မြေစိုက်နေသည့် ပုံစံလုပ်ထားခြင်းမှာ ကြော်ငြာလို ဖြစ်နိုင်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တရာရုံးက လက်မခံသဖြင့် ၂ နှစ်ခန့် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ရသေးသည်။

ထိုကားများကို မြေထဲထိုးစိုက်နေသည့် ပုံစံကို ၂၀၀၇ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၇၅ နှစ်မြောက် Installation ပွဲကို Airstream ကုမ္ပဏီက ထိုနေရာတွင် ကျင်းပခဲ့သေးသည်။ ထိုခြံကြီးတွင် ယခင်က RV ဘတ်စ်ကားသစ်ကြီးများကို ပြသရောင်းချရန်ဖြစ်သော်လည်း ဘိတ်က လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဘတ်စ်ကားအဟောင်းများကို မြေထဲထိုးစိုက်ကာ ပြသခဲ့ခြင်းဖြစ်သည်။

ဘိတ်က ထိုခြံကြီးကို နောင်တွင် ပန်းခြံကြီး တစ်ခြံအဖြစ် ရည်စူးခဲ့သည်ဟုဆိုသည်။ သူက ထိုခြံကြီးကို လက်ထပ်ပွဲများ ကျင်းပသည့် နေရာတစ်ရာအဖြစ်လည်း စိတ်ကူးယဉ်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် Airstream ခြံကြီးကို ပိုင်ရှင်ကို စိတ်ပိုင်းပြီး ရောင်းချခဲ့သည်။ သို့သော် ကားကြီးတွေကို Installation လုပ်ထားပုံမှာ ယနေ့တိုင် ထူးဆန်းစွာလာကြည့်သည့် နေရာတစ်နေရာ ဖြစ်စေခဲ့ပါသည်။
မိုးစက်
(Ref:US Roadside Attraction)
Credit:The Voicemyanmarnews journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...