Monday, January 14, 2019

မယ်စကြာဝဠာပြိုင်ပွဲဝင် အာရှအလှမယ်များ၏ ထူးခြားဆန်းပြား အမျိုးသားဝတ်စုံ ၈ စုံ

ထိုင်းနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ၂၀၁၈ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲမှာ ထူးထူးခြားခြား ဆန်းဆန်းပြားပြား ဖန်တီးချုပ်လုပ်ထားတဲ့ အာရှဒေသတွင်း နိုင်ငံကိုယ်စားပြု အမျိုးသားဝတ်စုံတွေဟာ လတ်တလော ရေပန်းစားနေပါတယ်။
၆၇ ကြိမ်မြောက် ကျင်းပတဲ့ အခုနှစ်ရဲ့ မယ်စကြာဝဠာပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။
နောက်ဆုံးအဆင့် ပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – AFP, EPA
Credit:DVB

ဗီယက်နမ်နိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ အမျိုးသားဝတ်စုံကတော့ အသားညှပ် ဆင်းဒ်ဝစ်ခ်ျပေါင်မုန့်ခြင်းတောင်းပုံ ချုပ်လုပ်ထားခဲ့တာဖြစ်ပြီး အစီအရီထည့်ထားတဲ့ ဆင်းဒ်ဝစ်ခ်ျတွေနဲ့ အလှမယ်ရဲ့ ဝတ်စုံဟာ ဆန်းပြားလို့ နေပါတယ်။

အိမ်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ ဝတ်စုံကတော့ နိုင်ငံသင်္ကေတ အဖြူရောင်ဆင်တကောင်အသွင် အလှဝတ်စုံအနေနဲ့ ဖန်တီးထားခဲ့တာပါ။


လာအိုနိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ အမျိုးသားဝတ်စုံကတော့ ရွှေရောင်အဆင်းနဲ့ ကိုယ်ပွားတွေကိုပါ ပေါ်လွင်ထင်ရှားအောင် ဖန်တီးချုပ်လုပ်ထားတာမို့ ဒါကလည်း အံ့အားသင့်စရာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ အမျိုးသားဝတ်စုံဟာလည်း ထင်ရှားတဲ့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်အသွင် တီထွင်ချုပ်လုပ်ထားတာမို့ ဒီဝတ်စုံတွေကြားထဲ တမျိုးတော့ ထူးခြားနေတာပါ။

အိန္ဒိယနိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ ပလ္လင်နဲ့ မင်းသမီးဟန် ဝတ်စုံဖန်တီးမှုဟာလည်း ပရိသတ်တွေကို ခံစားမှုတမျိုး ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကတော့ အရင်တုန်းက ပြိုင်ပွဲဝင်အလှမယ်တွေလို ကီမိုနိုနဲ့ ဆာမူရိုင်း အသွင်မျိုးတွေ မဟုတ်တော့ဘဲ ဆေလာမွန်းပုံစံ ကော့စ်ပလေး အမျိုးသားဝတ်စုံအနေနဲ့ ပါဝင်လာတာဟာလည်း ထူးခြားနေပါတယ်။

အရောင်အသွေးစုံလှပတဲ့ နောက်ကျောက အဝိုင်းပုံသဏ္ဌာန် ကားချပ်နဲ့ ဆန်းဆန်းပြားပြား ချုပ်လုပ်ထားတဲ့ ဖိလစ်ပိုင်အလှမယ်ရဲ့ အမျိုးသားဝတ်စုံကတော့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကို ပြသလိုတာဖြစ်ပြီး နိုင်ငံရဲ့ အဓိကကျွန်းအုပ်စု ၃ ခုကို ကိုယ်စားပြု ဖန်တီးထားတာလို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံကိုယ်စားပြု အလှမယ်ရဲ့ အမျိုးသားဝတ်စုံကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ထိပ်သီးအစည်းအဝေးကို ဂုဏ်ယူညွှန်းဆိုတဲ့ အထိမ်းအမှတ်နဲ့ နှစ်နိုင်ငံအလံပေါ်မှာ လက်ဆွဲနှုတ်ဆက်နေပုံကို သရုပ်ဖော်ထားခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...