ဒီတစ်ခါတော့ ဘိုလီဗီးယားနိုင်ငံ က ဆားဟော်တယ်ကိုတင်ဆက်ပေးပါ့မယ်။ စပိန်လို Palacio de Sal လို့ခေါ်ကြပြီး ဆားနန်းတော် လို့ အဓိပ္ပါယ်ရသည့် ထိုအဆောက်အဦမှာ ဆားတုံးဆားခဲများဖြင့် တည်ဆောက်ထားသော အပန်းဖြေတည်းခိုစရာ ဟော်တယ် တစ်ခုပါ။

ထို ဆားဟော်တယ်သည် ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီး ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသည် ဘိုလီဗီးယား နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး La Paz မြို့၏ တောင်ဘက် 350 km(220 mi) အကွာတွင်တည်ရှိပြီး Salar de Uyuni ဟုအမည်ရပါသည်။

ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသို့ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသော ခရီးသွားများသည် အနားယူအပန်းဖြေစရာ နေရာကောင်းတစ်ခုကို အလိုရှိခဲ့ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများအတွက် အပန်းဖြေစရာ ၊ တည်းခိုစရာနေရာတစ်ခုတည်ဆောက်ရန် စီစဉ်ခဲ့ကြပါသည်။ ထိုအပန်းဖြေဟော်တယ်ကိုလည်း ထိုဒေသ၏ သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် ဆားတုံးဆားခဲများကိုအခြေခံ တည်ဆောက်ရန် စိတ်ကူးပုံဖော်ခဲ့ကြပါသည်။

ပထမဆုံးဟော်တယ် အဆောက်အဦကို ၁၉၉၃ မှ ၁၉၉၅ ခုနှစ်အတွင်းဆားပြင်ကြီး၏ အလယ်နေရာတွင် စတင်တည်ဆောက်ခဲ့ပါသည်။ ခရီးသွားသူများ၏ အကြိုက်ဖြစ်ခဲ့ပြီး အားပေးမှုကိုရရှိခဲ့ပါသည်။ သို့သော် ထိုအဆောက်အဦတွင် နှစ်ယောက်အိပ်ခန်း ၁၂ ခန်း ၊ စုပေါင်းသုံး Bathroom တစ်ခုသာ ပါရှိခဲ့ပါသည်။ ရေချိုးခြင်းကိုတော့ လက်မခံခဲ့ပါ။

စတင်တည်ဆောက်ကတည်းက တည်ဆောက်မှုနှင့် တည်နေရာတို့တွင် ပြဿနာ အခက်အခဲများရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်တော့ တစ်စစီ ပြန်လည်ဖျက်သိမ်းခဲ့ရပါသည်။ သို့သော်လိုအပ်နေသော ဟော်တယ်တစ်ခုအတွက် ၂၀၀၇ ခုနှစ်တွင်Palacio de Sal ဟုအမည်ရသော ဆားဟော်တယ်သစ်တစ်ခုကို ပြန်လည်တည်ဆောက်ခဲ့ကြပါသည်။ ထိုဟော်တယ်သစ်တွင်တော့ တည်ဆောက်မှုပိုင်းရော၊ ၀န်ဆောင်မှုပိုင်းများတွင်ပါ အကောင်းဆုံးဖြည့်ဆည်းပြီး တည်ဆောက်ထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။