Sunday, December 30, 2018

တစ်နှစ် လေးနာရီလောက်သာ ရေပေါ်ပေါ်သည့် ပင်လယ်ဖြတ်ကူး လမ်းကလေး

တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ပြင်တွင် ကျွန်းတစ်ကျွန်းမှ တစ်ကျွန်းသို့ ဖြတ်သန်းသွားနိုင်တဲ့ ထူးထူးခြားခြား ရေပေါ်ပေါ်လာတတ်သည့် လမ်းကလေးအကြောင်း တင်ပြပေးပါမယ်။ ထိုလမ်းကလေးဟာ ပင်လယ်ပြင်အတွင်း တည်ရှိနေပြီး တစ်နှစ်မှ အများဆုံးလေးရက်လောက်သာ ၊ တစ်ရက်လျှင်လည်း တစ်နာရီခန့်သာ ဒီရေအကျတွင် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျွန်းနှစ်ကျွန်းကို ကူးသန်းသွားနိုင်တဲ့ ရေပေါ်လမ်းကလေးနှင့် ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီပုံပြင်လေးကလည်း တည်ရှိနေပါသေးတယ်။

ဒီပင်လယ်ထဲမှ သဘာဝလမ်းကလေးကို မိုးဇက်ရဲ့ အံ့သြဖွယ် လမ်းလေးအဖြစ် တင်စားကြပါတယ်။ ယခုလမ်းလေးသည် တောင်ကိုရီးယားနိုင်ငံ ကျွန်းဆွယ်၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း ဂျင်ဒိုကျွန်း နှင့် မိုဒိုကျွန်းအကြား တည်ရှိနေခြင်း ဖြစ်ပါတယ်။ ဂျင်ဒိုကျွန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက် အကြီးဆုံးကျွန်းကြီးဖြစ်ပါတယ်။ ထိုဂျင်ဒိုကျွန်းမှ မိုဒိုကျွန်းကလေးသို့ ဒီရေကျချိန် နှစ်စဉ် တစ်နှစ်လျှင် အများဆုံး လေးရက်လောက် လူအများ ဖြတ်သန်းနိုင်တဲ့ သဘာဝလမ်းကလေး ပေါ်ထွက်လာတတ်ပါတယ်။ တစ်ရက်လျှင် တစ်နာရီခန့်သာ ကြာမြင့်ပါတယ်။ ထိုအချိန်မျိုးတွင် လာရောက်လည်ပတ်ကြသူ ထောင်ပေါင်းများစွာသည် ထိုပင်လယ်အတွင်းမှ လမ်းကလေးအတိုင်း တစ်ကျွန်းမှ တစ်ကျွန်းသို့ ပျော်ပျော်ပါးပါး ကူးဖြတ်ကြပါတယ်။

ထိုသဘာဝလမ်းကလေးဟာ အရှည်အားဖြင့် ၂.၉ ကီလိုမီတာ ( ၁.၇ မိုင်ကျော်) နဲ့ အကျယ် ၄၀ မီတာ (၁၃၁ ပေ ခန့် ) ရှိပါတယ်။ ထိုသဘာဝ ဖြစ်ရပ်ဆန်း လမ်းကလေးကို ယခင်က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများ မသိကြပါ။ ၁၉၇၅ ခုနှစ်တွင် ပြင်သစ်သံတမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး နောက်ထိုအကြောင်းကို ပြင်သစ်သတင်းစာမှာ ရေးသားခဲ့သဖြင့် ကမ္ဘာကျော် လမ်းကလေးအဖြစ် ကျော်ကြားခဲ့ခြင်း ဖြစ်ပါတယ်။


ထို သဘာဝဆန်းကြယ် လမ်းကလေးနှင့် ပတ်သတ်တဲ့ ဒေသခံများရဲ့ ရိုးရားပုံပြင်လေးကလည်း ရှိနေပါတယ်။ တစ်ချိန်မှာ ဂျင်ဒိုကျွန်းပေါ်ရှိ ရွာကလေးမှာ ကျားဆိုးတွေရဲ့ ရန်ပြုခြင်းကိုခံခဲ့ ရပါတယ်။ ရွာသားများဟာ အနီးရှိ မိုဒိုကျွန်းကိုထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ ဒါပေမယ့် အဘွားအိုတစ်ဦးကတော့ ကူညီသူမရှိလို့ နောက်ကျကျန်နေခဲ့ ရရှာပါတယ်။ ထိုသနားဖွယ်ကောင်းသော အဘွားအိုဟာ ပင်လယ်စောင့်နတ်မင်းကို တိုင်တည်ဆုတောင်းခဲ့ပြီး ၊ နတ်မင်းကြီးက အဘွားအိုကို ကျားရိုင်းတွေရဲ့ ဘေးကနေ လွတ်အောင် ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲပြီး မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့  လမ်းကလေး ဖန်ဆင်းပေးခဲ့ပါတယ်။ ထိုအချိန်မှစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင် ကျဆင်းပေးခဲ့ ရတယ်လို့ ဆိုပါတယ်။ ဒါကတော့ ရိုးရာ ပုံပြင်လေး ဖြစ်ပါတယ်။

ယခုအခါမှာတော့ ထိုလမ်းကလေးဟာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်နေရာ အဖြစ် တည်ရှိနေပြီး Jindo Sea Parting Festival ဟု ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ကျင်းပကြပါတယ်။ ထိုပွဲတော်ကို နှစ်စဉ် မေလ ၁၈ ရက်နေ့မှာ ဖြစ်ပေါ်ကျင်းပတတ်ပါတယ်။ တစ်နှစ်လျှင် မတ်၊မေ နဲ့ ဂျူလိုင်လတွေမှာ ပွဲတော် ၃ ပွဲကျင်းပလာရာမှ ဧည့်သည်များ ပိုမိုများပြားလာသဖြင့် ဧပြီလမှာလည်း တိုး၍ကျင်းပလာခဲ့ပါတယ်။





သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...