Wednesday, October 30, 2019

ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းနှင့် ဟွာရှန်းတောင် ဘုရားကျောင်းများ

တရုတ်နိုင်ငံမှ ဟွာရှန်းတောင် တောင်တက်လမ်းကို ကမ္ဘာပေါ်တွင် သွားလာရခက်ခဲသလို အန္တရာယ်များလွန်းလှတဲ့ တောင်တက်လမ်းအဖြစ် သတ်မှတ်ကြပါတယ်။ ကျဉ်းမြောင်းမတ်စောက်တဲ့ တောင်တက်လမ်းများနှင့်အတူ တောင်ကမ်းပါးယံကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရသဖြင့် တက်ဖို့မပြောနဲ့ တွေ့မြင်ရယုံနှင့်ပင် အသဲတယားယား ရင်တဖိုဖို ဖြစ်ကြရပါတယ်။ ထို့ပြင် တောင်ကမ်းပါးယံများပေါ်တွင် ခက်ခက်ခဲခဲ တည်ဆောက်ထားကြတဲ့ နှစ်ထောင်ချီသက်တမ်းရှိ ဘုရားကျောင်းများကြောင့်လည်း နာမည်ကျော်ကြားလှပါတယ်။ ထိုတောင်တက်လမ်းသည် တရုတ်နိုင်ငံ၊ Shaanxi ပြည်နယ်ရှိ ဟွာရှန်းတောင် (Mt. Huashan) မှ ဘုရားဖူး ခရီးစဉ် တစ်ခုပင် ဖြစ်ပါတယ်။

ဟွာရှန်းတောင်သည် တရုတ်နိုင်ငံ ယဉ်ကျေးမှုရဲ့ဦးဆောင်ဒေသအဖြစ် စံတင်ရသည့် နေရာတစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနှင့် အရေးအပါဆုံး တောင်ငါးလုံးတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ပေ ၇၀၀၀ ကျော် (2,160 m) မြင့်သော တောင်တက်ခရီးစဉ် တစ်ခုဖြစ်ပြီး ခက်ခဲလှတဲ့ တောင်တက်လမ်းများကို ဖြတ်သန်းကြရမည် ဖြစ်ပါတယ်။ ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းဖြစ်ပေမယ့် လမ်းတစ်လျောက် သာယာလှပလှတဲ့ ရှုခင်းများ ၊ ရှေးဟောင်း ဘုရားကျောင်းဆောင်များ ၊ သမိုင်းဝင် ဇာတ်လမ်းများနဲ့ မမေ့နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ။

ဟွာရှန်းတောင်ဟာ တောင်ထွတ် ၅ခုရှိပြီး ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် တည်နေပါတယ်။ တောင်ထိပ်တစ်ခုစီမှာ ဘာသာရေးကျောင်းဆောင် တစ်ခုစီတည်ထားပြီး တစ်ခုနဲ့တစ်ခု ကူးသန်းသွားရောက်ဖို့ လမ်းတွေဖောက်ထားခြင်း ဖြစ်ပါတယ်။ ခက်ခဲပြီး ကြောက်မက်ဖွယ် တောင်တက်လမ်းပိုင်းများ တည်ရှိနေပေမယ့် တောင်တက်ဝါသနာပါသူများအနေနဲ့ လာရောက်လည်ပတ်တတ်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။


ဟွာရှန်းတောင်တက်လမ်းဟာ အန္တရာယ်အလွန်များပြီး မတော်တဆပြုတ်ကျမှုတွေလည်း ရှိခဲ့ပါတယ်။ တောင်တက်သူများ အန္တရာယ်ကင်းစေရန် စီစဉ်ထားပေမယ့် နှစ်စဉ် ပြုတ်ကျသေဆုံးမှု ၁၀၀ ခန့်ဖြစ်ပွားတတ်တယ်လို့ ဆိုကြပါတယ်။ စွန့်စားရတာကြိုက်သူတွေနဲ့ တောင်တက်ဝါသနာရှင်တွေအတွက်တော့ စွန့်စားမှုနှင့်အတူ လှပတဲ့တောင်ပေါ်မြင်ကွင်းများ၊ အသဲတယားယား ဖြတ်သန်းရမှုများ၊ စတဲ့ဆွဲဆောင်မှုများစွာရှိတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ကာ နှစ်စဉ်လာရောက်သူ များပြားလှပါတယ်။

ထို့ပြင် ဟွာရှန်းတောင်ပေါ်နှင့် တောင်ကမ်းပါးယံများတွင် ကပ်ကာတည်ဆောက်ထားသော ဘုရားကျောင်းများကြောင့်လည်း ကျော်ကြားလှပါတယ်။ အမြင့်ပေ ၇၀၀၀ ကျော် ရှိတဲ့ တောင်နံရံတွေမှာ တရုတ်ဘုန်းကြီးကျောင်း ၊ ဘုံကျောင်းများ အများအပြား တည်ဆောက်ထားပါတယ်။ တောင်ခြေ၊ တောင်နံရံ၊ တောင်ထိပ် နေရာတော်တော်များများမှာ ဘုံကျောင်းများ ရှိနေပါတယ်။ ရှေးယခင်ကတည်းက ယုံကြည်လာတဲ့ ဘာသာရေး အစွဲအလမ်းအရလည်း ယင်းတောင်မှာ အောက်ဘုံက ဘုရား၊ နတ်ဆိုးတို့ နေထိုင်တယ်လို့ ဆိုပါတယ်။ ဘုံကျောင်းအချို့ ဆိုရင် ၂ ရာစု ခေတ်တွေကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်ထောင်ကျော်သက်တမ်းရှိ ဘုရားကျောင်း အဆောက်အဦများ ရှိနေတာပါ။

ထို့ကြောင့်ပင် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ တောင်ပေါ် ဘုရားကျောင်းများပေါ်ရောက်ဖို့ ဖောက်ထားတဲ့ လမ်းက ကြောက်စရာ ကောင်းပေမယ့် ခရီးသည်သွားများ အတွက်ကတော့ စိတ်ဝင် စားစရာ နေရာဒေသ တစ်ခုအဖြစ် လာရောက်လည်ပတ်တတ်ကြပါတယ်။























သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...