
အမေရိကန်ဖွား ခရစ်ဘန်ဂယ် တစ်ယောက် (၁၇) နှစ်ကြာ BMW ဒီဇီုင်းဌာန အကြီးအကဲ အလုပ်မှ အနားယူလိုက်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဂျာမနီကနေ အီတလီရှိ ငြိမ်းချမ်းသော ကလာဗီဆာနာ ရွာကလေးသို့ ပြောင်းလာခဲ့သည်။ ထိုရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် သူ့ဘ၀သည်များစွာ ငြိမ်းချမ်းကာ အပြောင်းလဲကြီး ပြောင်းလဲခဲ့သလို၊ ရွာလေးအဖို့လည်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
လူချမ်းသာတွေအတွက် ကားဒီဇိုင်းတွေ ဆွဲရတာ စိတ်ကုန်လာပြီ။ လူတိုင်းခံစားနိုင်မည့် ဒီဇိုင်းမျိုးတွေ ဘန်ဂယ် ရေးဆွဲချင် သည်။ သူ့ဒီဇိုင်းသည် သဘာဝနှင့်လည်း သဟဇာတ ဖြစ်စေလိုသည်။ သူ့ခေါင်းထဲ ၀င်လာတာက ပန်းခြံထဲကခုံမျိုး အကြီးစားကြီးလုပ်ဖို့ ဖြစ်သည်။ ဇနီးသည် ကတ်သရင်းနှင့် တိုင်ပင်ကာ “ဧရာမထိုင်ခုံ ပရောဂျက်” ကို စတင်ဖြစ်ခဲ့သည်။
ရွာဝန်းကျင်က ရှုခင်းကောင်းပြီး အများပြည်သူ အပန်းဖြေနိုင်သော နေရာတွေမှာ ဧရာမပန်းခြံ ထိုင်ခုံကြီးတွေ ဆောက်ဖို့ဖြစ်သည်။ ထိုင်ခုံကြီးပေါ် တက်လိုက်လျှင် လူကြီးတစ်ဦးသည်ပင် ကလေးသာသာ ဖြစ်သွားမည်။ ခြေတွဲလောင်းချထိုင်ရင်း ကလေးတစ်ယောက်၏ ခံစားချက်မျိုးဖြင့် လောကကြီးကို ကြည့်ဖြစ်သွားကြစေလိုသည်။