
အသက် ၅ နှစ် အရွယ်သာ ရှိသေးတဲ့ ကလေးငယ် တဦးရဲ့ ခန္ဓာကိုယ်ဟာ သတ္တု ပစ္စည်းတွေ ကို ဆွဲငင်နိုင်စွမ်း ရှိတဲ့ အဖြစ် အပျက်ဟာ ဆရာဝန်တွေကို စိတ်ရှုပ်ထွေး ဝေခွဲ မရအောင် ဖြစ်စေ ခဲ့ပါတယ်။
ကလေးငယ် အာမဲန်ဒဲလ်လစ်ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင် X-Men ထဲက ဇာတ်ကောင် သံမဏိလူသားတဦးလို ဖြစ်နေခဲ့ပြီး ဒီစွမ်းရည်တွေကို သူ့မိဘတွေ သတိပြုမိခဲ့ချိန်မှာတော့ မှင်တက်အံ့သြသွားခဲ့ကြတာပါ။
မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဓား၊ ကတ်ကြေး စတဲ့ သတ္တု ကိရိယာပစ္စည်းတွေကို သူ့ဆီ ဆွဲငင်နိုင်ခဲ့တာကို တွေ့ရမှာပါ။
သူ့ရဲ့ ရင်ဘတ်မှာ ဒင်္ဂါးပြား ၁၃ ပြား အပါအဝင် ဇွန်း ၃ ချောင်း၊ ခက်ရင်းတချောင်းတို့ကို ဆွဲငင်ကပ်ထားခဲ့ကာ နောက်ကျောဘက်တွေထိ ဆွဲငင်နိုင်စွမ်း ရှိနေတာပါ။
အာမဲန်ရဲ့ မိဘတွေဟာ တနေ့ အိမ်မှာ တီဗွီကြည့်နေရင်း ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ သတ္တုပစ္စည်းတွေကို ဆွဲငင်နိုင်တဲ့ အစွမ်းသတ္တိရှိနေတာကို ရုတ်တရက် သိခဲ့ရတာလို့ ဆိုပါတယ်။