အမေရိကန်နိုင်ငံ ရဲ့လမ်းမများပေါ်မှာ တလှုပ်လှုပ်နဲ့ လမ်းလျောက်နေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့မြင်ရသူတိုင်း ငေးကြည့်မိတတ်ကြပါတယ်။
နေပူ ၊ မိုးရွာ ၊ ဆီးနှင်းများ ကျနေပါစေ၊ ခရီးဆောင်အထုတ်အပိုးတွေကို တွန်းလှည်းလေးပေါ်တင်လို့ ထိုအဖိုးအို လမ်းလျောက်နေတတ်ပါတယ်။
သူဘယ်ကို သွားမလဲ ။ ဘယ်က လာသလဲဆိုတာ မသိကြပေမယ့် သူပုခုံးပေါ်က ဆိုင်းဘုတ်ကြောင့် လူတိုင်း စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။
သူ ရေးထားတဲ့ စာတန်းက ရှင်းရှင်းလေးပါ။
" Love Life" တဲ့ ။
ဘဝ ကို ချစ်ဖို့ သူဘာကြေင့် ရေးထားတာလဲ ? ဘာအတွက် သူလုပ်နေတာလဲ ?
ထိုအဖိုးအို ရဲ့ နာမည်က Steve Fugate ပါ။
တစ်ချိန်က သူ့မှာ ပျော်ရွှင်စရာ မိသားစုဘဝလေး ရှိခဲ့ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ သူ့အတွက် မိသားစုလေးက အရေးပါ ပါတယ်။
ဒါပေမယ့် လက်ခံချင်စရာ မကောင်းတဲ့ အဖြစ်အပျက်များ Steve Fugate ရဲ့ဘဝထဲကို တန်းစီဝင်လာပါတယ်။
သူရဲ့သားတစ်ယောက် ဟာ ကိုယ့်ကိုကိုယ် သတ်သေ သွားခဲ့ပါတယ်။ ဘဝကို လွယ်လွယ်နဲ့ အရှုံးပေး နှုတ်ဆက်သွားတဲ့ သားအတွက် ရင်နာခံစား ခဲ့ရသလို ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ဖခင်တစ်ယောက် အနေနဲ့ မတားဆီး နိုင်ခဲ့တာကိုလည်း ဖြေမဆည်နိုင်ခဲ့ပါ။
ကြမ္မာဆိုးက ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။
နောင်နှစ်မကြာခင်မှာပဲ ကျန်ရှိနေတဲ့ သူ့သမီးတစ်ယောက်ဟာလည်း မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးခဲ့ရပြန်ပါတယ်။ သားအတွက် ဖြေမဆည်နိုင်ခင် သမီးအတွက် အပူမီးပါ ထပ်တိုးရလိုက်ပါတယ်။
ဘဝကို လွယ်လွယ် အရှုံးပေးခဲ့သလို ဘဝကို တန်ဖိုးမဲ့အောင် လုပ်သွားကြတဲ့ သား နဲ့ သမီး အတွက် ပူဆွေးမိသလို ဒီအဖြစ်မျိုး ဖြစ်ခဲ့ရတာကို မတားဆီး မဆုံးမ နိုင်ခဲ့တဲ့ မိမိကိုယ်တိုင်ကိုလည်း ခွင့်မလွှတ်နိုင်ရအောင် ဖြစ်ရပါတယ်။
ထို့နောက် အသက် ၆၄ အရွယ် Steve Fugate ဟာ မိမိရဲ့ကျန်ရှိနေသေးသည့် သက်တမ်းအတွက် အကျိုးရှိရာ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ဒါကတော့ နောက်ထပ်လူငယ် လူရွယ်များနဲ့ ဘဝကိုအရှုံးပေး ထွက်ခွာသွားချင်သူများကို တတ်နိုင်သလောက် လမ်းမှန်ပေါ်ရောက်ရန် ကြိုးစားပေးဖို့ပါ။ ဒါဟာ သူတစ်ဖက်သားကို ကူညီရာရောက်သလို ဘဝကိုကောင်းမွန်စွာ နေထိုင်ဖြတ်သန်းဖို့ မိမိသားသမီးများအပေါ် မဆုံးမနိုင်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ဒဏ်ခတ်ခြင်းလည်း ဖြစ်စေမှာပါ။
၁၉၉၉ ခုနှစ် မှစ၍ Steve Fugate ဟာ မိမိအိမ်မှ ထွက်ကာ တစ်ကိုယ်တည်း လမ်းလျောက်ခရီးကို စတင်ခဲ့ပါတယ်။ ဦးတည်ရာအရပ် မရှိ။အမေရိကန် တစ်နိုင်ငံလုံးသည် သူရဲ့ဦးတည်ရာပါ။ အမေရိကန်မှ ပြည်နယ်တွေအားလုံးကို လမ်းလျောက်ဖြတ်သန်းဖို့ သူရည်ရွယ်ပါတယ်။
သူလမ်းလျောက်ဖို့ပဲလား။ မဟုတ်ပါဘူး။ သူသွားရာ လမ်းတစ်လျောက်ရှိ
ဘဝကိုစိတ်ကုန်နေတဲ့သူတွေ ၊ ဦးတည်ရာရည်ရွယ်ချက် မဲ့နေတဲ့သူတွေ ၊
ဖြစ်ချင်ရာဖြစ် ဘဝကို တန်ဖိုးမထား လေလွင့်နေတဲ့သူတွေ ကို တတ်နိုင်သမျှ
အားပေးစကားပြောပြီး ဘဝကိုတန်ဖိုးထားတတ်ဖို့ နဲ့
သူ့သားသမီးတွေလို တန်ဖိုးမဲ့ သေဆုံးရခြင်းမျိုးတွေ မဖြစ်ပေါ်စေဖို့
အားပေးကူညီ စကားပြောနိုင်စေရန်ပါ။
အစ ပထမပိုင်း "Love Life" စာတန်းကြီးနဲ့ သူ့ကို တွေ့မြင်ရသူတွေက လူရူးကြီးလို့ ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဆက်တိုက်လမ်းလျောက် နေခဲ့တဲ့ သူ့ကို လူတွေ သတိထားအလေးဂရုပြုလာကြပါတယ်။
ပြီးတော့ သူ့ရဲ့အားပေးစကားများကြောင့် လမ်းမှန်ရောက် ဘဝကို ရင်ဆိုင်ဖို့ ခွန်အားဖြစ်လာစေတဲ့သူတွေလည်း ရှိလာခဲ့ပါတယ်။
ယခုအခါ သူသွားရာ လမ်းတစ်လျောက်ရှိ စိတ်ဓာတ်ကျနေတဲ့သူတွေ ၊
အခက်အခဲရှိ၍ ရင်ဖွင့်တိုင်ပင်ချင်သူတွေဟာ သူမရောက်မှီ ကတည်းက သူ့ကို စောင်မျှော်နေကြပါပြီ။
သူကိုယ်တိုင်လည်း အမေရိကန်တစ်ပြည်လုံးကို လမ်းပတ်လျောက်နေတာ
တစ်ကြိမ်တည်း မဟုတ်တော့ပါ။ ၇ ကြိမ်ကျော်ပါပြီ။
စတင်ထွက်ခွာချိန်မှ ပထမ ၁၄ နှစ်အတွင်း သူလမ်းလျောက်ခဲ့တဲ့ ပမာဏဟာ မိုင်ပေါင်း ၃၄ ၀၀၀ ကျော်ခဲ့ပါတယ်။
ပြီးတော့ အခု သူတစ်ယောက်တည်း မဟုတ်တော့ပါဘူး။
"Love Life" အမည်နဲ့ ကူညီရေးအဖွဲ့များ ပေါ်ပေါက်လာသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အားပေးကူညီမှုတွေလည်း ပြုလာခဲ့ပါပြီ။
သား နဲ့ သမီး တန်ဖိုးမဲ့ သေဆုံးရခြင်းမှ အခြားသော လူငယ်လူရွယ်များ လမ်းမှန်ရောက်အောင် သူတတ်နိုင်သလောက်
လုပ်ဆောင်ပေးနိုင်ခဲ့ပါပြီ။
သူကတော့ "Love Life" စာတန်းကြီးနဲ့ လမ်းဆက်လျောက်နေအုံးမှာပါပဲ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။