
တစ်နေ့ လက်ဖက်ရည် တစ်ခွက်သောက်ခြင်းသည် အရိုးပွပြီး အရိုးကျိုးနိုင်ခြေကို သုံးပုံတစ်ပုံ လျော့ကျသွားစေကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
အထူးသဖြင့် သကြား၊ နို့တို့နှင့် ရောစပ်ခြင်း မရှိသော လက်ဖက်ရည်ကြမ်း စစ်စစ်သည် အာနိသင် အရှိဆုံးဟုလည်း သိရသည်။ လက်ဖက်ရွက် ထဲတွင်ပါသော ဖလေဗာနွိုက်ဓာတ်သည် အရိုးမပွအောင် ထိန်းပေးနိုင်စွမ်း ရှိသည်။ လက်ဖက်ရည်ကြမ်းသည် ကင်ဆာ၊ နှလုံးစသည့် အဓိက ရောဂါကြီးများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်စွမ်း ရှိကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားပြီး ဖြစ်သည်။ ယခုတစ်ဖန် အရိုးကိုပါ သန်မာစေနိုင်ကြောင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဗြိတိန် တစ်နိုင်ငံတည်းမှာပင် အမျိုးသမီး သုံးယောက်တွင် တစ်ယောက်၊ အမျိုးသား (၁၂) ယောက်တွင် တစ်ယောက်သည် အရိုးပွဝေဒနာ ခံစားနေရသည်။ ဆေးလိပ်သောက်၊ အရက်သောက်သူများ၊ မိသားစု အရိုးပွ ရာဇ၀င်ရှိသူများသည် အရိုးပွ ဝေဒနာ ခံစားရနိုင်ခြေ အများဆုံး ဖြစ်သည်။
အရိုးပွ ဝေဒနာ ခံစားနေရသူသည် အရိုးကို အမာဓာတ် ပေးစွမ်းသော ကယ်လ်စီယမ်နှင့် ဖော့စ်ဖရတ် ဓာတ်တို့ ဆုံးရှုံးမှုပိုမြန်ကာ အရိုးပွပြီး ကျိုးလွယ်သည်။ ယခု လေ့လာသုတေသနသည် ဗြိတိန် နိုင်ငံသူ (၁၂၀၀) ကို ဆယ်နှစ်ကြာ စောင့်ကြည့် လေ့လာထားခြင်း ဖြစ်သည်။
စစ်တမ်းကာလအတွင်း အမျိုးသမီး (၂၈၈) ဦး အရိုးကျိုးသည်။ ထက်ဝက်ခန့်သည် ချော်လဲကာ တင်ပါးဆုံရိုးကျိုးခြင်း ဖြစ်သည်။ စစ်တမ်း ပါဝင်သူများထဲတွင် တစ်ရက်ကို လက်ဖက်ရည်ကြမ်း သုံးခွက်နှင့် အထက် သောက်သုံးသူများသည် တစ်ခွက်အောက်သာ သောက်သုံးသူများထက် အရိုးကျိုးနိုင်ခြေ (၃၀) ရာခိုင်နှုန်းထိ နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့သည်။
နေ့စဉ် လက်ဖက်ရည်ကြမ်း တစ်ခွက်သောက်တိုင်း အရိုးကျိုးနိုင်ခြေ (၉) ရာခိုင်နှုန်းစီ နည်းသွားသည်ဟုလည်း သုတေသီများက တွက်ချက်ထားသည်။
''လက်ဖက်ရည်ကြမ်း သာမကပါဘူး။ ဖလေဗာနွိုက်ဓာတ် ပေါကြွယ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားရင်လည်း အရိုးကို ကောင်းကျိုးပြုပါတယ်'' ဟု စစ်တမ်းအဖွဲ့တွင် ပါဝင်သော ဒေါက်တာ ဂျော်နသန်ဟော့ဆန်က ပြောသည်။
လေ့လာမှု စစ်တမ်းကို American Journal of Clinical Nutrition ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: Daily Mail
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။