ရေမြောင်းတစ်ခု ဖောက်လုပ်တာ အထူးအဆန်းမဟုတ်ဘူးဟု ထင်ရပေမယ့် ယခုတာ့ဖားရေးမြောင်းကတော့ နှစ်ပေါင်း ၃၆ နှစ်ကြာအောင် ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထို့ပြင် ထိုရေမြောင်းဟာ တောင်သုံးလုံးကို ကျော်ကာ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပြီး မီတာ ၃၀၀ မှ ၄၀၀ ကျော်အထိ မြင့်တဲ့ ကျောက်တောင် ကမ်းပါးစောက်များကို ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ထိုရေမြောင်းရဲ့ အရှည်ကတော့ မီတာ တစ်သောင်းကျော် (၆ မိုင်ကျော်) အထိရှည်လျားခဲ့ပါတယ်။
ဘာကြောင့် ထိုရေမြောင်းကို ဒီလောက်ဝေးဝေး ဒုက္ခခံကာ ဖောက်လုပ်ခဲ့ရသလဲဆိုတာ နောက်ခံအကြောင်းအရင်း ရှိပါတယ်။ တကယ်တော့ တရုတ်ပြည် အနောက်ပိုင်းဒေသရှိ ကျွေးယိမြို့ ၊ ထွမ်ကျယ်ရွာလေးဟာ လူသူအရောက်အပေါက်နည်းပြီး ရေအလွန်ရှားပါးတဲ့ ရွာလေးဖြစ်ပါတယ်။ သုံးရေမပြောနဲ့ သောက်ရေပင် ရှားပါးလှသည့် တောင်ကမ်းပါးများ ၀န်းရံနေတဲ့ ရွာလေးပါ။ ဒါကြောင့်လည်း ဒေသခံရွာသားများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို စိတ်ရှိသလို မလုပ်နိုင်ဘဲ ရေကိုချွေတာသုံးကြ၇ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ထိုရွာမှာ ဟွမ်တာ့ဖားဆိုသူ ရွာသူကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ သူရွာလူကြီး ဖြစ်ချိန်တွင် ရွာသားများရဲ့ ဆင်းရဲချို့တဲ့ရတဲ့ အကြောင်းအရင်းကို ဆန်းစစ်ကြည့်ပါတယ်။ သူ အဓိကမြင်တာကတော့ သူ့ရွာမှာ ရေအလွန်ရှားပါးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှားပါးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မြေရှိသလောက် မလုပ်ကိုင်နိုင်ပဲ စားလောက်ယုံအနည်းငယ်သာ စိုက်ကြရပါတယ်။ မွေးမြူရေးလည်း မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ရွာအတွက် မရှိမဖြစ် တူးမြောင်းတစ်ခု ဖောက်လုပ်ပေးဖို့ ကြံစည်ခဲ့ပါတယ်။
သူရဲ့အကြံအစည်ဟာ သေချာစဉ်းစားကြည့်ရင် ဖြစ်နိုင်ဖို့ ခဲယဉ်းလွန်းနေပါတယ်။ ဒါကတော့ ရွာအတွက် လုံလောက်တဲ့ရေရဖို့ ရေအရင်းအမြစ်တည်ရှိရာ နေရာဟာ တောင်သုံးလုံးကို ကျော်ဖြတ်ပြီးမှ ရရှိမှာပါ။ ထိုတောင်တွေကလည်း ပေ ၁၀၀၀ ကျော်အထိ မြင့်တဲ့တောင်တွေ ဖြစ်သလို ရေမြောင်းဖောက်ဖို့ မပြောနဲ့ လူသွားဖို့ပင် လမ်းမရှိခဲ့ပါ။ ပြီးတော့ ကျောက်တောင်များလည်း ဖြစ်နေပြန်ပါသေးတယ်။ တောတောင်များကို ဖြတ်ဖောက်ရမည့် အရှည်ကလည်း ၆ မိုင်ကျော် ၇ မိုင်နီးပါးပင် ရှိနေပါတယ်။
မည်သို့ပင်ရှိရှိ ဟွမ်တာ့ဖားတစ်ယောက် ရွာသားများကို ဦးဆောင်ကာ တူးမြောင်းဖောက်ဖို့ စတင်လုပ်ကိုင် ခဲ့ပါတယ်။ လမ်းမရှိတဲ့ ကျောက်တောင်များအပေါ် ရေမြောင်းတစ်ခု ဖြစ်ပေါ်စေဖို့ ရွာသားများဟာ လိုအပ်တဲ့ ဘိလပ်မြေ ၊ သဲ နဲ့ ကျောက်တုံးကြီးများကို လူအားဖြင့် ခက်ခက်ခဲခဲ သယ်ဆောင်လုပ်ကိုင်ခဲ့ကြပါတယ်။ ငွေအား လူအား စိုက်ထုတ်ကြကာ တစ်နေ့ပြီးတစ်နေ့ လုပ်ခဲ့ကြပြီး ၁၀ နှစ်အကြာမှာတော့ အခက်အခဲများကြောင့် ရေမြောင်းဖောက်လုပ်ခြင်းကို ရပ်နားခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဟွမ်တာ့ဖားဟာ ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ရုံမှာ အလုပ် ဝင်လုပ်ခဲ့ပါတယ်။ ထိုနေရာမှာ သူဟာ သုံးနှစ်အချိန်ယူပြီး ရေမြောင်းတူးဖေါ်ရေး နည်းပညာများကို လေ့လာသင်ယူခဲ့ပါတယ်။ သူ မအောင်မြင်ခဲ့တဲ့ အမှားအယွင်းများကိုလည်း သိမြင်လာခဲ့ပါတယ်။ သုံးနှစ်ကြာပြီးနောက် ရွာပြန်လာတဲ့ ဟွမ်တာ့ဖားဟာ ဒုတိယအကြိမ် ရေမြောင်းတူးဖေါ်ရေး လုပ်ငန်းကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒီအချိန်မှာလည်း ရွာသူရွာသားများဟာ မိမိတို့ရှိ စုဆောင်းထားသော ငွေကြေးများကို ယူလာပြီးရေမြောင်းကို တူးဖေါ် ဆောက်လုပ်ကြပြန်ပါတယ်။
ထိုကဲ့သို့ အခက်အခဲများစွာနဲ့ ဇွဲမလျော့တမ်း ၃၆ နှစ်ကြာ ကြိုးစားလုပ်ကိုင် လာခဲ့ပြီးချိန်တွင် ရေတသွင်သွင် စီးဆင်းနေတဲ့ ၆ မိုင်ကျော် ရှည်လျားတဲ့ ရေမြောင်းတစ်ခု ရွာအထိ ရောက်ရှိလာခဲ့ပါတယ်။ တစ်ချိန်က စိတ်ကူးယဉ်အိမ်မက်ပမာ ဖြစ်ခဲ့ပေမယ့် ဇွဲလုံ့လအပြင် စုစည်းညီညာမှုကြောင့် ရွာကလေးဟာ ရေရှားပါးတဲ့ ရွာကလေးမဟုတ်တော့ပါဘူး။
အလွန်ဆင်းရဲတဲ့ ရွာကလေးကနေ ရေမြောင်း တူးဖေါ်ဆောက်လုပ်ပြီးနောက် ရွာသူရွာသားများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးစတာတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး နေထိုင်မှုဘဝဟာ တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာပါတယ်။ ယခင်က ရေရှားပါးလို့ ၁၆ ဟတ်တာသာ စိုက်ခဲ့ရတဲံ လယ်သမားတစ်ယောက်ဟာ ယခုအခါ ဟတ်တ် ၅၀ ကျော်အထိ စိုက်ပျိုးလာနိုင်ပါပြီ။ သူ့လိုပဲ ကျန်တဲ့ရွာသားများဟာလည်း စိုက်ပျိုးမွေးမြူရေးများ ပိုမိုလုပ်ကိုင်လာနိုင်ကာ ၀င်ငွေများလည်း တိုးပွားလာခဲ့ပါတယ်။
ထိုရေမြောင်းကိုလည်း စတင်စိတ်ကူးကြံစည်ပြီး ကိုယ်တိုင်ဒုက္ခခံကာ ဦးဆောင်ဖောက်လုပ်ခဲ့တဲ့ ယခုအသက် ၈၀ ကျော်ရှိ ဟွမ်တာ့ဖားကို ဂုဏ်ပြုပြီး တာ့ဖားရေမြောင်းအဖြစ် အမည်ပေးခဲ့ပါတယ်။ ယခုအခါ ခရီးသွားဧည့်သည်များလည်း ဂရုပြုလာရောက်လည်ပတ်တတ်ကြပြီး တာ့ဖားရေမြောင်းကို ချီးကျူးအံ့သြလေ့ ရှိကြပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။