ကင်ညာနိုင်ငံမှ ဘောလုံးကွင်းတစ်ကွင်း၏ တ၀က်ခန့်သာ အကျယ်အ၀န်းရှိသော Migingo ကျွန်းကလေးပေါ်တွင် လူအများစုပုံနေထိုင်ကြသောကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းအဖြစ် သတ်မှတ်ကြပါသည်။ Migingo ကျွန်းကလေးသည် အာဖရိကတိုက်၏ အကြီးဆုံးကန်ကြီးဖြစ်သည့် ဗစ်တိုးရီးယားကန်ကြီးအတွင်း တည်ရှိနေသည့် သေးငယ်ကျဉ်းမြောင်းသည့် ကျောက်ဆောင်ကျွန်းကလေးပင် ဖြစ်ပါသည်။
ဗစ်တိုးရီးယားကန်ကြီးသည် အပူပိုင်းဒေသရှိ ကန်ကြီးများတွင်လည်း အကြီးဆုံးဖြစ်ပါသည်။
ဗစ်တိုးရီးယားကန်ကြီးသည် အပူပိုင်းဒေသရှိ ကန်ကြီးများတွင်လည်း အကြီးဆုံးဖြစ်ပါသည်။

Migingo ကျွန်းကလေးသည် ၀.၄၉ ဧကသာ ကျယ်ပြီး တရားဝင်နေထိုင်သူ ၁၃၁ ဦး (၂၀၀၉ ခုနှစ်စာရင်း) နေထိုင်ပြီး လုပ်ငန်းများနှင့် ဆက်စပ်ကာ လာရောက်နေထိုင်နေသူပေါင်း ၁၀၀၀ ကျော်အထိ ရှိကြပါသည်။ တရားဝင် အခြေချနေထိုင်သူ ၁၃၁ ဦးသာ ရှိသဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းများတွင် အဆင့်(၃) ဟုသတ်မှတ်ထားသော်လည်း အခြားလာရောက်နေထိုင်လုပ်ကိုင် စားသောက်သူပေါင်း ၁၀၀၀ ကျော်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ကျွန်း၏အကျယ်အ၀န်း သေးငယ်မှုကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ်လည်း အများကသတ်မှတ်ကြခြင်း ဖြစ်ပါသည်။

ထိုကျွန်းကလေးတည်ရှိရာ အနီးတ၀ိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြခြင်း ဖြစ်ပါသည်။

Migingo ကျွန်းကလေး၏ သမိုင်းကြောင်းကို အတိအကျမသိရသော်လည်း ၁၉၉၁ ခုနှစ်တွင် Dalmas Tembo နှင့် George Kibebe အမည်ရှိ ကင်ညာတံငါ သည်နှစ်ဦးက ကျွန်းပေါ်တွင် လာရောက် နေထိုင်ခဲ့ရာမှတစ်ဆင့် အခြားသူများရောက်လာကာ လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ဆိုကြပါသည်။ အခြားအဆိုတစ်ခုမှာလည်း Joseph Unsubuga အမည်ရှိယူဂန်ဒါနိုင်ငံ သားတစ်ဦးက အရင်ရောက်ရှိလာခြင်းဖြစ်ပြီး အဖော်တံငါသည်များကိုခေါ် ဆောင်လာခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။

ကျွန်းကလေးမှာ သေးငယ်သော်လည်း အနီးရေပြင်တစ်ဝိုက်တွင် ငါးများ အလွန်ပေါသောကြောင့် စီးပွားဖြစ်ဖမ်းယူကာ ကင်ညာနိုင်ငံကုန်းမကြီးမှတစ်ဆင့် ဥရောပဈေးကွက်သို့ ရောက်ရှိအောင် ပို့ဆောင်ကြပါသည်။ ကျွန်းကလေးပေါ်တွင် အရက်ဘားဆိုင် ငါးဆိုင်နှင့် အလှပြင်ဆိုင်များ ၊ အခြားသောဈေးဆိုင်ငယ်များသည် ကပ်ကပ်သပ်သပ် ဖွင့်လှစ်ထားကြပါသည်။

ထို Migingo ကျွန်းကလေးသည် အလွန်သေးငယ်သော်လည်း ငါးဖမ်းလုပ်ငန်း တွင်ကျယ်ခြင်းကြောင့် ပိုင်ဆိုင်မှုအငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ လက်ရှိတွင် မီဂျင်ဂိုကျွန်းသည် ကင်ညာနိုင်ငံပိုင်ဖြစ်သော်လည်း ယူဂန်ဒါက မိမိတို့ပိုင်ဆိုင်သည်ဟု ဆိုလာခဲ့သောကြောင့် နှစ်နိုင်ငံကြားပဋိပက္ခများဖြစ်ပွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်မှစတင်ကာ တင်းမာမှုများ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်ရရှိခဲ့ပါသည်။ ယခုအခါ Migingo ကျွန်းကလေးတွင်နေထိုင်သူများကို နှစ်နိုင်ငံလုံးမှ အခွန်ကောက်ခံနေပြီး ပင်လယ်ဓားပြရန်မှကာကွယ်ရန် နှစ်နိုင်ငံလုံးမှ ရဲတပ်ဖွဲ့တစ်ဖွဲ့ဆီစေလွှတ်ပေးထားပါသည်။

Migingo ကျွန်းကလေးအနီးတွင် များစွာပိုကြီးသော ကျွန်းကြီးတည်ရှိနေသော်လည်း လူနေထိုင်မှုမရှိသလောက် ဖြစ်နေသည်မှာလည်း ထူးခြားမှုတစ်ခုပင် ဖြစ်ပါသည်။

Migingo ကျွန်းကလေးသည် ငါးဖမ်းလုပ်ငန်းကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ် တည်ရှိနေသော်လည်း အလွန်အကျွံ ငါးများဖမ်းဆီးခြင်းကြောင့်ပင် နောက်ပိုင်း၌ ငါးများရှားပါးမှုများ ၊ ၀င်ငွေကျဆင်းမှုများ ဖြစ်ပေါ်လာစေပါသည်။ ပြောင်းရွေ့သွားသူများလည်း ရှိလာပါသည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းကလေးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ခဲယဉ်းလာမည် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။