ယခုတင်ပြမယ့် ပုံလေးတွေကတော့ ငယ်ရွယ်နုပျိုလှတဲ့ မိန်းကလေးတစ်ယောက် လေပေါ်မှာ ဝဲပျံနေတဲ့ ပုံများဖြစ်ပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တွေမှာ အင်တာနက်အသုံးပြုသူများအကြား ထိုကဲ့သို့ အသက်ဝင်လှပနေတဲ့ ပုံလေးတွေ လူကြိုက်များ ပျံ့ပွားလာခဲ့ပါတယ်။

ထိုပုံထဲက မိန်းကလေးကတော့ ဂျပန်နိုင်ငံမှ Natsumi Hayashi ဆိုသူပဲ ဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင် ဘလော့တစ်ခု တည်ထောင်ထားပြီး အလှဓာတ်ပုံများကို ဝါသနာအရ တင်ပေးနေသူပါ။ ဒါပေမယ့် ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စိတ်ကူးအကြံတစ်မျိုး ရလာပြီး ယခုကဲ့သို့ လူအများကြည့်မြင်ချိန်မှာ လေပေါ်ပျံနေတကဲ့သို့ ပုံလေးတစ်ပုံ ရိုက်တင်ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ထိုပုံလေးဟာ လူကြိုက်များလာခဲ့ပြီးနောက် သူမဟာ ထိုကဲ့သို့ ပုံများစွာ ဖန်တီးရိုက်ကူးခဲ့ပြီး နေ့စဉ်တင်ပေးလားခဲ့ပါတယ်။ သာမာန်အားဖြင့် အပေါ်သို့ ခုန်ချိန် အောက်မရောက်ခင်စပ်ကြားတွင် ရိုက်ကူးခဲ့တဲ့ ပုံလေးများ ဖြစ်သော်လည်း သူမရဲ့ မျက်နှာအမူအရာ ၊ ကိုယ်ဟန်အနေအထားကြောင့် လေပေါ်ပျံနေတယ်ဟု ထင်မှတ်စေတာ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေဟာ Photoshop ဓာတ်ပုံပြင်ပညာနဲ့ အလွယ်တကူလုပ်နိုင်ပေမယ့် ထိုကဲ့သို့ ပြင်ဆင်မှုမလုပ်ဘဲ အသက်ဝင်အောင် ဂရုတစိုက်ကိုယ်တိုင် ဖန်တီးခဲ့တာပါ။

ထိုသို့ လေပေါ်ပျံနေတယ်ထင်ရအောင် ဖြစ်ပေါ်စေဖို့ ရိုက်ကူးရတာကတော့ တကယ်မလွယ်ခဲ့ပါဘူး။ ပုံတွေမှာ ခြေထောက်တွေက မြေကြီးပေါ်မှာရှိမနေပဲ ကမ္ဘာမြေကြီးရဲ့ဆွဲအားကနေ လွတ်လပ်နေသလို ဖြစ်ပေါ်နေပြီး ခုန်ပေါက်သွားလာ နေတာမျိုးမဟုတ်ဘဲ အသာအယာ လွင့်မျောသွားလာနေသလို ဖြစ်နေတာပါ။ ဒါဟာလည်း မှန်ကန်တဲ့ မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အနေအထားကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုးပုံကောင်းတစ်ပုံ ရဖို့ အကြိမ်ကြိမ်ကြိုးစား ရိုက်ကူးခဲ့ရပြီး တစ်ချို့ပုံတွေအတွက် အကြိမ် ၃၀၀ လောက် အခါခါခုန်ကာ ရိုက်ခဲ့ရတာပါ။

တစ်ချို့ပုံများဟာ လူအများရှုပ်ထွေးတဲ့ နေရာမျိုးမှာ ရိုက်ကူးရတာပါ။ ထိုကဲ့သို့ လူရှုပ်ရှုပ်ကြားထဲ လိုချင်တဲ့ပုံရရန် အကြိမ်ကြိမ်အခါခါ ခုန်နေပုံက လမ်းသွားလမ်းလာများအတွက် တအံ့တသြ ဖြစ်စေပါတယ်။ တခါတလေ အခြားသူများကို အနှောင့်အယှက်ပေးသလိုလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခြားသူများကို နားလည်အောင်ပြောပြပြီး လိုချင်တဲ့ပုံလေးများရရန် ကြိုးစားခဲ့ရတာပါ။ ထိုသို့ကြိုးစားပြီး ဆန်းသစ်သောစိတ်ကူးကြောင့် လူအများ၏ အားပေးမှု ရရှိခဲ့သလို ကမ္ဘာ့သတင်းမီဒီယာများတွင်လည်း ဖော်ပြခံခဲ့ရပါတယ်။

ထိုကဲ့သို့ ပုံများတင်ပြီးနာမည်ကြီးလာသော Natsumi Hayashi ဟာနောက်ပိုင်းတွင်တော့ ပုံတွေထပ်တင်ခြင်း ရပ်နားခဲ့ပါတယ်။ ဒါကလည်း သူ့ရဲ့ကျော်ကြားမှုနဲ့အတူ ရရှိလာသော အဆက်အသွယ်ကောင်းများဖြင့် ဓာတ်ပုံပညာကိုအချိန်ပေး သင်ယူမှုပြုခဲ့သောကြောင့် ဖြစ်ပါတယ်။ ယခုအခါ Facebook တွင်လည်း ကိုယ်တိုင် Page တစ်ခုထောင်ကာ အလှ နှင့် သဘာဝဓာတ်ပုံများကို တင်ပေးနေပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။