
မြန်မာနိုင်ငံမြောက်ပိုင်းကနေ ထွက်ရှိခဲ့တဲ့ မြန်မာ့ပယင်းတစ်ခုထဲမှာ ဒိုင်နိုဆော ခေတ်က နေထိုင် ကျက်စားခဲ့တဲ့ ရှေးဟောင်းခရုတစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေပါဝင်တဲ့ နိုင်ငံတကာသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စာတမ်းတစ်ခုမှာ မြန်မာ့ ပယင်းတစ်ခုထဲ ဒိုင်နိုဆောခေတ်ကာလက ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ ရေးသားမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။

ဒိုင်နိုဆောတွေနဲ့ပြိုင်တူ တစ်ခေတ်တည်း ရှင်သန်နေထိုင်ခဲ့ကြတဲ့ သက်တမ်းအရင့်ဆုံး ရှေးဟောင်းခရုမျိုးရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးစကို သိမ်းဆည်းထားတဲ့ ရှားပါးပယင်းအဖြစ် ပထမဆုံး အကြိမ်တွေ့ရှိထားခဲ့တာလို့ သိရပါတယ်။ နှစ်ပေါင်း ၉၉သန်းခန့်က သစ်စေးထဲမှာ ပိတ်မိနေခဲ့ကာ သေဆုံးခဲ့တဲ့ ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းဖြစ်ပြီး သုညဒသမ၂လက်မခန့် အရွယ်အစားရှိ တယ်လို့သိရပါတယ်။ ဒိုင်နိုဆေ ခေတ်က ရှေးဟောင်းခရုရဲ့ပျော့ပျောင်းနူးညံ့တဲ့တစ်သျှူးစတွေ အများကြီးပါနေတဲ့ ဒီလိုပယင်းမျိုးကို ရှာတွေ့တာ ဒါပထမဆုံးအကြိမ်ပါပဲလို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စင်လီဒါက ဆိုပါတယ်။ ဒီပယင်းကို ပုဂ္ဂလိကရုပ်ကြွင်းစုဆောင်းသူ လွီယန်က ၂၀၁၆ခုနှစ်မှာ မြန်မာ့ပယင်း ဈေးကွက်ကနေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ စင်လီဒါက ဆိုပါတယ်။

သစ်စေးထဲကနေ ရုန်းထွက်ဖို့ကြိုးစားရင်းသေဆုံးခဲ့တာဖြစ် တာကြောင့် ခရုရဲ့အသားစိုင်တွေ ဆန့်ကားနေတာကို ပယင်းထဲမှာ အတိုင်းသားမြင်တွေ့နေရပြီး နှစ်သန်း ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ ရှားပါးတဲ့ရှေးဟောင်းခရုရုပ်ကြွင်းဖြစ်တယ်လို့ မိုနက်ရှ်တက္ကသိုလ်က သုတေသီ ဂျက်ဖရီစတေဝဲလ်က ပြောကြားခဲ့ပါတယ်။
(PCD, 11.12.18) သံသာ
Credit:Pyimyanmarnewsjournal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။