ထိုရုပ်တုကြီးများဟာ လူသားသမိုင်း နှင့် ယဉ်ကျေးမှု အဆင့်အတန်းအတွက် အလွန်ပင်အရေးပါနေပါတယ်။ နောက်လူတို့ လိုက်လုပ်ဖို့ပင် မလွယ်လောက်သော ဗိသုကာပညာရပ်များကိုလည်း တွေ့မြင်ရမည် ဖြစ်ပါတယ်။
(၁) Statue of Liberty, New York, United States

အမေရိကန်နိုင်ငံမှ လေဘာတီရုပ်တုကြီးသည် ကမ္ဘာကျော် အရုပ်ကြီးဖြစ်ယုံသာမက လွတ်လပ်ခြင်းအတွက် အထိမ်းအမှတ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှ အမေရိကန်နိုင်ငံ လွတ်လပ်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးထားခြင်းပါ။
၁၈၈၆ ခု အောက်တိုဘာလ ၂၈ ရက်နေ့တွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမေရိကန်နှင့် လေဘာတီရုပ်တုကြီး တွဲလျက်မြင်ရအောင်အထိ ကျော်ကြားလှပါတယ်။ ရုပ်တုကြီးရဲ့ အစိတ်အပိုင်း အသီးသီးတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်။ လေဘာတီရုပ်တုကြီးအကြောင်း နေခရမ်း Page တွင် သီးခြားတင်ပေးဖူးပါတယ်။
(၂) Christ the Redeemer, Rio de Janeiro, Brazil

ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနီယိုမြို့သို့ရောက်ရှိသည်နှင့် အထက်ကို မော့ကြည့်ပါက ရက်ဒီမာ ခရစ်တော် ရုပ်တုကြီး အပေါ်မှ မိုးကြည့်နေတာကို တွေ့မြင်ရမှာပါ။ ထို ရက်ဒီမာ ခရစ်တော် ရုပ်တုကြီးဟာ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တုကြီးများတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
ရုပ်တုကြီးသည် ၃၀ မီတာ (၉၈ ပေ) မြင့်ပြီး အောက်ခံခုံမှာ ၈ မီတာ (၂၆ ပေ) မြင့်ပါတယ်။ အကျယ်အားဖြင့် ၂၈ မီတာ (၉၂ ပေ) ကျယ်ပါတယ်။ ၁၉၂၆ မှ ၁၉၃၁ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပါတယ်။
(၃) The Great Sphinx Of Giza, Egypt

အီဂျစ်နိုင်ငံတွင် ဂီဇာပိရမစ်ကြီးများနဲ့ တွဲကာ နာမည်ကြီးလှသော စဖင့်ရုပ်တုကြီး ဖြစ်ပါတယ်။ နောက်ခံ ပိရမစ်များရှေ့တွင် ခြင်္သေ့ကိုယ်ခန္ဓာ ၊ လူခေါင်းဖြင့် စဖင့်ရုပ်ကြီးက ခန့်ခန့်ထည်ထည် တည်ရှိနေပါတယ်။ ထုံးကျောက်အမျိုးအစား ကျောက်တုံးကြီး တစ်ခုတည်းကို ထွင်းထုထားခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီး ကျောက်တစ်တုံးတည်းထွင်း ရုပ်တုကြီးအဖြစ် သတ်မှတ်ထားပါတယ်။
၇၃.၅ မီတာ (၂၄၁ ပေ) ရှည်ပါတယ်။ ၁၉.၃ မီတာ (၆၃ ပေ) အကျယ်ရှိကာ ၂၀.၂၂ မီတာ (၆၆.၃၄ ပေ) မြင့်ပါတယ်။ ထိုစဖင့်ရုပ်ကြီးများနဲ့ ပတ်သတ်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုးရှိသလို ပဟေဠိသဖွယ် အဖြေရှာရမှာတွေကလည်း အများအပြား တည်ရှိနေပါတယ်။
တည်ဆောက်ခဲ့တဲ့ နှစ်ကိုပင် အမျိုးမျိုး ယူဆနေကြပြီး အများစုလက်ခံထားကြတာကတော့ 2558–2532 BC တွင် အုပ်စိုးခဲ့တဲ့ အီဂျစ်ဖာရိုဘုရင်မှ ထုလုပ်ခဲ့ကြောင်း ဆိုကြပါတယ်။
(၄) Moai, Easter Island

နောက်ထပ် ကမ္ဘာကျော်သလို ထူးခြားပြီး ပဟေဠိများစွာရှိနေသော ရုပ်တုများမှာ အီစတာကျွန်းပေါ်မှ မွိုင်ရုပ်တုကြီးများ ဖြစ်ပါတယ်။ စတင်တွေ့ရှိချိန်က ကျွန်းငယ်လေးပေါ်တွင် ကြီးမားလေးလံလှသော ကျောက်တစ်လုံးထွင်း ရုပ်တုကြီးများ နေရာအနှံ့ တည်ရှိနေတာပါ။ ထုလုပ်ပြီးစီးတဲ့ ရုပ်တုများရော ၊ အပြီးမသတ်သေးသော ရုပ်တုများကိုပါ တွေ့မြင်ကြရပါတယ်။
အပြီးသတ်ပြီးသော ရုပ်တုကြီးများတွင် အမြင့်ဆုံးအဖြစ် ၁၀ မီတာ (၃၃ ပေ) မြင့်ပြီး ၇၅ တန် လေးတဲ့ ပါရိုအမည်ပေးထားသော ရုပ်တုကြီး ဖြစ်ပါတယ်။ အပြီးသတ်ပြီးသော ရုပ်တုကြီးများတွင် အလေးဆုံးအဖြစ် သတ်မှတ်ထားသော ရုပ်တုကြီးမှာ ပါရိုထက် အနည်းငယ် ပုပြီး ၈၆ တန် လေးပါတယ်။
အပြီးမသတ်ရသေးသော အရုပ်ကြီးတစ်ခုမှာ အကယ်၍ပြီးစီးသွားပါက ၂၁ မီတာ (၆၉ ပေ) မြင့်ကာ ၂၇၀ တန်အထိ လေးမည်ဟု ခန့်မှန်းကြပါတယ်။ ထုလုပ်ရတဲ့ ရည်ရွယ်ချက် ၊ ထုလုပ်ပုံ နည်းပညာ ၊ ထုလုပ်ခဲ့တဲ့ သူများနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုး ကွဲလွဲနေကြပြီး တိကျတဲ့ ဖော်ထုတ်မှုမျိုးလည်း မလုပ်နိုင်သေးပါဘူး။ အများအားဖြင့်တော့ ၁၂၅၀ မှ ၁၅၀၀ ကြား Rapa Nui မျိုးနွယ်များက ထုလုပ်ခဲ့ကြောင်း လက်ခံထားကြပါတယ်။
ဒီမွိုင်ရုပ်တုကြီးများနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာများကို နေခရမ်း Page တွင် တင်ပြပေးထားပြီး ဖြစ်ပါတယ်။
(၅) David Statue, Italy

အီတလီနိုင်ငံမှာ ရှိတဲ့ ကမ္ဘာကျော် ရုပ်တုတစ်ခု ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှ ဒေးဗစ်ဘုရင်ပုံစံ ထုလုပ်ထားခြင်း ဖြစ်ပြီး ကိုယ်လုံးတီးပုံ ဖြစ်ပါတယ်။ ရီနေးစန့်ခေတ်ရဲ့ သေသပ်ကောင်းမွန်သော အနုလက်ရာအဖြစ် သတ်မှတ်ထားကြပြီး ၁၅၀၁ မှ ၁၅၀၄ ခုနှစ်ကြားတွင် အီတလီအနုပညာရှင် မိုက်ကယ်အိန်ဂျယ်လို မှ ထုဆစ်ခဲ့ခြင်းပါ။
၅.၁၇ မီတာ (၁၇ ပေ) အမြင့်ရှိ ကျောက်ဖြူရုပ်တု ဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်မှစကာ အီတလီနိုင်ငံ ဖလော့ရင့်မြို့ရှိ Accademia Gallery တွင် ပြသထားခဲ့ပြီး ထိုအရင်ကတော့ ပြင်သစ်နိုင်ငံတွင် ရှိနေခဲ့တာပါ။
(၆) Venus of Milo

အလှနတ်သမီး Venus (Aphrodite နတ်သမီး) ရုပ်တုကြီးမှာလည်း ရှေးဂရိလက်ရာ ရုပ်တုကြီးများတွင် အကျော်ကြားဆုံး ရုပ်တုတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ လှပခြင်းနဲ့ အချစ်နတ်သမီးအဖြစ် သတ်မှတ်ထားကြတဲ့ ထိုစကျင်ကျောက်ဖြူ အရုပ်ကြီးကို ဂရိနိုင်ငံ၊ Milo ကျွန်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ Louvre ပြတိုက်ကြီးမှာ တွေ့မြင်နိုင်ပါတယ်။
BC 130 မှ 100 ကြားကာလ လက်ရာဟု သတ်မှတ်ထားကြပြီး ၂၀၃ စင်တီမီတာ (၆ ပေ ၈ လက်မ) အမြင့်ရှိပါတယ်။ ပြေပြစ်နွဲ့နှောင်းသော ကိုယ်ဟန်နဲ့ လက်နှစ်ဖက်မပါ ၊ ကိုယ်တစ်ပိုင်းဗလာပုံစံဖြင့် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
(၇) Olmec colossal heads, Mexico

Olmec ရုပ်တုများဆိုတဲ့ ကြီးမားလှတဲ့ ဦးခေါင်းပုံစံကြီးများဟာ မက္ကဆီကို တောင်ဘက် အလယ်ပိုင်း အပူပိုင်းမြေနိမ့်ဒေသများတွင် နေထိုင်ခဲ့ သည့် ရှေးခေတ် ကိုလံဘီယာယဉ်ကြေးမှု အဦးအစပိုင်း လက်ရာများ ဖြစ်ပါတယ်။
ယခုအခါ မက္ကဆီကိုနိုင်ငံထဲမှ Veracruz နှင့် Tabasco ပြည်နယ်ဒေသများ ဖြစ်ပါတယ်။ Olmec ယဉ်ကျေးမှုသည် 1400 BC မှ 400 BC အတွင်း ထွန်းကားခဲ့ပါတယ်။ Olmec ယဉ်ကျေးမှုရဲ့ အများဆုံး အသိအမှတ်ပြု ထူးခြားမှုမှာ ပုံစံထူးခြားတဲ့ ခေါင်းဆောင်းပုံစံများ ဖြစ်ပါတယ်။
ထိုခေတ်က ခေါင်းဆောင်များရဲ့ ဦးခေါင်းပုံစံအတိုင်း ထုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဦးခေါင်းများဟာ တစ်ခုနှင့် တစ်ခု တူညီမှု မရှိဘဲ ဆင်မြန်းထားတဲ့ ခေါင်းဆောင်းများဟာလည်း ထူးခြားသော အရာဝတ္ထုများနဲ့ ကွဲပြားအောင် လုပ်ထားပါတယ်။
ဦးခေါင်း ၁၇ ခုကို ရှာဖွေတွေ့ရှိထားပြီး ဦးခေါင်းများဟာ အရွယ်မျိုးစုံဖြစ်ပြီး အမြင့်ဆုံး ၃.၄ မီတာ မှ အနိမ့်ဆုံး ၁.၄၇ မီတာရှိ ဦးခေါင်းပုံ ရုပ်တုများ ဖြစ်ပါတယ်။
(၈) The Motherland Calls, Volgograd, Russia

ရုရှနိုင်ငံမှ ကမ္ဘာကျော် ရုပ်တုကြီး ဖြစ်ပါတယ်။ စတာလင်ဂရက်တိုက်ပွဲ အထိမ်းအမှတ် အဖြစ် စိုက်ထူခဲ့ခြင်းပါ။ 1967 ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးအဖြစ် သတ်မှတ်စိုက်ထူခဲ့ပါတယ်။ ယခုအချိန်အထိလည်း ကမ္ဘာ့အမြင့်ဆုံး ရုပ်တုများတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
၈၅ မီတာ (၂၇၉ ပေ) မြင့်ပါတယ်။ လှေကားထစ်ပေါင်း ၂၀၀ ကို တက်လှမ်းပြီးမှ ရုပ်တုကြီးဆီ ရောက်မှာပါ။ ဒါကလည်း စတာလင်ဂရက် တိုက်ပွဲတွင် ရက်ပေါင်း ၂၀၀ ကြာ တိုက်ခိုက်ခဲ့ရတာကို အထိန်းအမှတ်အနေဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
(၉) The Thinker

တစ်ခုခုကို စဉ်းစားတွေးတောနေဟန် ထုလုပ်ထားတဲ့ ကမ္ဘာကျော် ကြေးရုပ်ကြီး ဖြစ်ပါတယ်။ Auguste Rodin မှ ၁၉၀၄ ခုနှစ်မှာ ပုံသွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ကိုယ်တုံးလုံး ယောကျာ်းတစ်ယောက်ရဲ့ သက်ရှိအရွယ်အစားအတိုင်း ပုံသွင်းထားခြင်းပါ။ ၁၈၆ စင်တီမီတာ (၇၃ လက်မ) ခန့်မြင့်ပါတယ်။ ယခုအချိန်အထိ အတွေးအခေါ် ဒဿနိကဗေဒရဲ့ စံပြအရုပ်ကြီးအဖြစ် သတ်မှတ်ထားကြပါတယ်။
(၁၀) The Little Mermaid, Denmark

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် ဆိပ်ကမ်းမှ ကျောက်တုံးတစ်ခုပေါ်တွင် ရှိတဲ့ ကြေးသွန်း ရေသူမရုပ်တုပါ။ ရှေးဒဏ္ဍာရီပုံပြင်များထဲမှ ရေသူမလေးကို အခြေခံပြီး Hans Christian Andersen မှ ပုံသွန်းထားခြင်း ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၁၃ ခုနှစ်ကတည်းက ကိုပင်ဟေဂင်မြို့ရဲ့ အမှတတ်အသားရုပ်တုအဖြစ် တည်ရှိနေခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်တတ်တဲ့ နေရာတစ်နေရာပါ။ အမြင့်အားဖြင့် ၁.၂၅ မီတာ (၄.၁ ပေ) ရှိပါတယ်။
(၁၁) The Terrace of the Lions, Delos Island, Greece

ဂရိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အရေးပါတဲ့ Delos ကျွန်းပေါ်တွင် ရှိနေတဲ့ ခြင်္သေ့ရုပ်တုများ ဖြစ်ပါတယ်။ ထိုကျွန်းဟာ ဂရိ ဒဏ္ဍာရီပုံပြင်များမှာလည်း အရေးပါတဲ့ နေရာပါ။ Delos ခြင်္သေ့များသည် အပိုလို အားရည်စူးကာ Naxos ပြည်သူများက BC 600 မတိုင်မီက ထုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ကျောက်ဖြူခြင်္သေ့ရုပ်များဟာ မူလက ၉ ကောင် မှ ၁၂ ကောင်အထိ ရှိခဲ့သော်လည်း ယခု ၅ ကောင်သာ အကောင်းနီးပါးကျန်နေပါတယ်။ သုံးကောင်က ကျိုးပဲ့နေပါတယ်။ မူလ ခြင်္သေ့ရုပ်တုများကို Delos ပြတိုက်သို့ ၁၉၉၉ ခုနှစ်တွင် ပြောင်းရွှေ့ထားခဲ့ပါတယ်။
(၁၂) Mount Nemrut, Turkey

တူရကီနိုင်ငံ ၊ ၂၁၃၄ မီတာ(ပေ ၇၀၀၀) မြင့်တဲ့ နမ်ရပ်တောင်မှာ တွေ့မြင့်ရသည့် အရုပ်ကြီးများ ဖြစ်ပါတယ်။ BC 62 တွင် ပထမမြောက်ဘုရင် အန်တီယိုချပ်စ် က တောင်ကုန်း၏ထိပ်မှာ ဂူသင်္ချိုင်း ဗိမာန်တစ်ခုကို ကြီးမားသော ရုပ်တုများခြံရံလျက် တည်ဆောက်ခဲ့ပါတယ်။
ယင်းရုပ်တုများမှာ ဘုရင် အန်တီယိုချပ်စ်ပုံကို ထုထားသည့် အမြင့် ၈ မီတာ မှ ၉ မီတာ ( ၂၆ ပေ မှ ပေ ၃၀ အထိ) မြင့်သော ရုပ်တုများဖြစ်ကြသည်။ ထို့ပြင် ခြင်္သေ့နှစ်ကောင် ၊ လင်းယုန်နှစ်ကောင် နှင့် ဂရိ နှင့် ပါရှန်း နတ်ဘုရား ရုပ်တုများလည်း ပါဝင်သည်။
ရုပ်ထုများကို ထုလုပ်ပြီး နေရာချထားစဉ်ကပင် ဦးခေါင်းများကို ကိုယ်လုံးများမှ ဖြုတ်ကာ အနီးဝန်းကျင်တွင် ပြန့်ကြဲချထားခဲ့တယ်ဟု ဆိုပါတယ်။ ယခုအခါ ကိုယ်လုံးတခြား ၊ ခေါင်းတခြား ရုပ်တုကြီးများကို အသဲယားဖွယ် တွေ့မြင်ရမည် ဖြစ်ပါတယ်။
(၁၃) Terracotta Army, China

တရုတ်နိုင်ငံရဲ့ နာမည်ကျော် တာရာကိုတာ စစ်သည်အရုပ်များ ဖြစ်ပါတယ်။ ဘီစီ ၃ ရာစုဝန်းကျင်က တရုတ်နိုင်ငံရဲ့ ပထမဆုံးဧကရာဇ် Qin Shi Huang မှ တည်ဆောက်ခဲ့တဲ့ မြေမီးဖုတ် အရုပ်ကြီးများ ဖြစ်ပါတယ်။ ဘုရင်ရဲ့ ဂူသင်္ချိုင်း အစောင့်အရှောက်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုအရုပ်များကို ၁၉၇၄ ခုနှစ်တွင် လယ်သမားတစ်ဦးမှ ရေတွင်းတူးရင်း ရှာဖွေတွေ့ရှိခဲ့ခြင်းပါ။ တူးဖော်ပြီးသလောက် လူအရွယ်အစားရှိ စစ်သည် ၈၀၀၀ ၊ မြင်း ၅၂၀ နှင့် စစ်ရထား ၁၃၀ ၊ သံချပ်ကာဝတ် မြင်း ၁၅၀ တို့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဒေသမှာ ထပ်မံတွေ့ရှိမှုများ ရှိနေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပါတယ်။
(၁၄) Lincoln Memorial, United States

အမေရိကန်သမိုင်းတွင် အရေးပါခဲ့တဲ့ ၁၆ ယောက်မြောက် သမ္မတ Abraham Lincoln ရဲ့ အထိမ်းအမှတ်ရုပ်တု ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်တွင် Daniel Chester French ရဲ့ဒီဇိုင်းကို Piccirilli Brothers မှ ထုဆစ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။