မေမေပြောတော့ တူတူပုန်းတမ်း ကစားတာဆို
သားအရပ်ထက် ရှည်တဲ့ ကျင်းကြီးထဲ ဒီလောက်ကြာကြာ ပုန်းနေရလောက်အောင် သူတို့က ပန်းမပေးသေးဘူးလားမေမေ။
ကစားပွဲမှာ သားမပါချင်တော့ဘူး။
ဒီကျင်းကြီးက ပုန်းလို့မကောင်းဘူး။
ခြင်တွေလည်းကိုက်တယ်။
အသက်ရှူလည်းကြပ်တယ်။
ခေါင်းမူးလို့လက်ထိုးအန်တာ
သားဗိုက်ထဲက ဘာမှ ထွက်ကျမလာဘူး
ထမင်းစားချင်တယ် မေမေ
ဗိုက်ဆာတိုင်း မျိုချနေရတဲ့ တံတွေးတွေက
သားအတွက် အာဟာရဖြစ်မတဲ့လား
သနားပါ မေမေရယ်။
မငိုနဲ့ဆိုလို့
သားမငိုပါဘူး မေမေ
မိုးလင်းရင် အိမ်ပြန်ကြမယ်နော်တဲ့
မေမေ့ အချော့အသိပ်စကားတွေမှာပဲ
ညက ပိုပိုမှောင်လာသလားဟင်
အလင်းရောင်နဲ့တူတာဆိုလို့
ဒီမှာ ပိုးစုန်းကြူးတောင်မရှိဘူး မေမေရဲ့။
အရင်ကဆို
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ
လက်ဝါးလေးဖြန့် သားတောင်းရင်
ဖိုးလမင်းကြီး ပြုံးလို့ပေါ့
အခု-သားလေ--
လက်သီးလေးကို ကျစ်ကျစ်ဆုပ်
အမှောင်ကြီးထဲ ငုတ်တုတ်နဲ့
ကျုံ့ကျုံ့လေးထိုင်ပြီး ကြောက်ကြောက်နေရ
လမင်းကြီးက လာခဲတယ်မေမေ။
မိုးလင်းမှ ဖြစ်တော့မယ် မေမေ
သား ကျောင်းသွားချင်ပြီ
"ပန်းကလေးများ ပွင့်တော့မည်-
ဖူးတံ ဝင့်လို့ချီ-"
ဆရာမ သင်ပေးတဲ့ ကဗျာလေး
သားကမေမေ့ကို ရွတ်ပြတာနဲ့
မေမေက ဘာလို့ငိုရတာလဲ။
မေမေငိုရင် သားလည်းငိုမယ်
ကစားပွဲမှာ သားမပါချင်တော့ဘူး
သားအရပ်ထက် ရှည်တဲ့ကျင်းကြီးထဲ
ဒီလောက်ကြာကြာ ပုန်းနေရလောက်အောင်
သူတို့က ပန်းမပေးတော့ဘူးလားမေမေ။ ။
(2015 သြဂုတ်လ ရယ်စရာမဂ္ဂဇင်း)
ပုလောစိုးနံ့သာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။