Showing posts with label အထူးပိုစ့်များ. Show all posts
Showing posts with label အထူးပိုစ့်များ. Show all posts

Friday, September 13, 2019

သာယာအေးချမ်းလှသည့် မော်တင်စွန်းခရီးစဉ် (သို့) ပင်လယ်ကမ်းခြေမှ ရတနာတစ်ပါး

     ငယ်စဉ်ကတည်းကပင် အဆိုတော်သန်းထွန်းလေးသီချင်းကြောင့် မော်တင်စွန်းစေတီကို ကြားသိရင်းနှီးဖူးကြမှာပါ။ အများအားဖြင့် ဧရာဝတီတိုင်းမှာ ရှိတယ်၊ ဆံတော်ရှင် စေတီတစ်ဆူဖြစ်တယ် ဆိုတာလောက်ပဲ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် မော်တင်စွန်းစေတီနှင့် တည်ရှိရာ နေရာဒေသဟာ မြန်မာ့ပထ၀ီဆိုင်ရာ အရေးပါနေရုံသာမက ဘာသာသာသနာရဲ့ မှတ်တိုင်အဖြစ်ပါ အထင်အရှား တည်ရှိနေပါတယ်။
     ယခုစာစုမှာ မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်၊ သမိုင်းအကျဉ်းချုပ် နှင့်အတူ ခရီးစဉ်များဖြစ်တဲ့ ငွေတောင်ကမ်းခြေနဲ့ ဟိုင်းကြီးကျွန်းခရီးစဉ်များကိုပါ အနည်းငယ်စီ တင်ပြပေးချင်ပါတယ်။ မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အပိုင်ထဲတွင် ရှိကာ ပုသိမ်မြို့မှ ၉၆ မိုင် ၊  ရန်ကုန်မြို့မှဆိုရင် ၂၅၈ မိုင်ကွာဝေးပါတယ်။

     မော်တင်စွန်းစေတီတည်ရှိရာ ကုန်းတော်အရပ်သည် မြေပုံပေါ်မှာ ကြည့်ပါက ပင်လယ်ထဲသို့ အစွန်ဆုံးထိုးထွက်နေတဲ့ အငူဖြစ်ပါတယ်။တနည်းအားဖြင့် မြန်မာနိုင်ငံကုန်းမကြီးရဲ့ အနောက်တောင်ဘက်စွန်းမှာ တည်ရှိနေတာပါ။ ပထ၀ီဆိုင်ရာ အချက်များအရ ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာနေရာလေး ဖြစ်ပြီး ပင်လယ်နှစ်ခုကို တစ်ပြိုင်တည်း တွေ့မြင်နိုင်ပါတယ်။
     ထို့ပြင် ရခိုင်ကမ်းရိုးတန်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ ပေါင်းဆုံသည့် နေရာတွင် ရှိတဲ့ အငူစွန်းလေးဖြစ်ပါတယ်။ အနောက်ရိုးမတောင်တန်းများနဲ့ လှိုင်းတဖွေးဖွေး ပင်လယ်ပြင်ကြီးကို တစ်နေရာတည်း ရှု့မြင်နိုင်တဲ့ နေရာပါ။

Photo:Internet
     မော်တင်စွန်းစေတီတော်ရဲ့ သမိုင်းအကျဉ်းမှာ မြတ်စွာဘုရားသခင် ဘုရားအဖြစ်ကိုရ၍ လင်းလွန်းပင်ရင်း၌ စံပါယ်တော်မူစဉ် တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏဂုံတည်စေ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလဆန်း ၅ - ရက်နေ့တွင် ဆံတော်မြတ်ရရှစ်ဆူကို ပေးသနားတော်မူခဲ့ပါသည်။ ညီနောင်တို့ ဆံတော်ပင့်လာသည့်
အပြန်ခရီးတွင် အဇ္ဈတ္တနာဂရမြို့သို့ ဆိုက်ရောက်ရာ ဘုရင်က ဆံတော်နှစ်ဆူကို ပင့်ယူထားလိုက်သည်။ ထိုမှခရီးဆက်ခဲ့ရာ ကုသိမ နဂရ (ပုသိမ်) တောင်ပိုင်း နာဂရာဇ်မှော်ခေါ် သရနတောင်စွန်း (ဝါ) မော်တင်စွန်းအရောက်တွင် ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကိုရယူ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှရရှိသည့် မြသားဖြင့် စိုင်တမော့အရွယ် စေတီကို တည်ထားကိုးကွယ်ခဲ့ပါသည်။

Friday, March 29, 2019

ကယားပြည်နယ်မှ စိတ်ဝင်စားဖွယ် အောင်သပြေဂူ

ကယားတို့ဌာနေ ငွေတောင်ပြည်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုပါ။ ပွင့်လင်းလာသော အခြေအနေနဲ့အတူ ခရီးသွားများရဲ့ အထူးတလည် လည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်အနေနဲ့ သဘာဝအလှများနဲ့အတူ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုအဖြစ် လွိုင်ကော်မြို့အနီးမှ အောင်သပြေလှိုဏ်ဂူအကြောင်း တင်ပြပေးပါမယ်။

အောင်သပြေလှိုဏ်ဂူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွားကားလမ်းမှ ဘေးမှာ တည်ရှိနေပါတယ်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်မှာပါ။ လွိုင်ကော်မြို့မှ ၈ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး ကားနဲ့ဆိုရင် မိနစ် ၃၀ ခန့်မောင်းရပါမယ်။ လမ်းကောင်းပါတယ်။ ဆီဆိုင်လမ်းခွဲမှ ၀င်ပြီး မကြာခင်တွင် အောင်သပြေလှိုဏ်ဂူသို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။ ထိုဆိုင်းဘုတ်လမ်းခွဲသို့ မောင်းဝင်လိုက်သည်နဲ့ အောင်သပြေဂူတည်ရှိရာ တောင်ကမ်းပါးယံကြီးကို တွေ့မြင်ရမှပါ။

အောင်သပြေလှိုဏ်ဂူရှိရာ တောင်ပေါ်သို့ကြည့်လိုက်လျှင် တဖတ်၌ လက်ဝါးကပ်တိုင်ရှိနေပြီး အခြားတဖက်တွင် စေတီတစ်ဆူတည်ရှိနေတာကို တွေ့ရမှာပါ။ လှိုဏ်ဂူရှိရာ တောင်ရဲ့အရှေ့ဘက်ရွာများသည် ခရစ်ယာန်ကိုးကွယ်တဲ့ရွာနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရွာဆိုပြီး အသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ အောင်သပြေလှိုဏ်ဂူကတော့ စေတီရှိရာ တောင်တစ်ထက်ခြမ်းရဲ့ တောင်အောက်ခြေမှာ တည်ရှိနေတာပါ။ အဝေးမှကြည့်ရင် လှိုဏ်ဂူပေါက်ဝကို မမြင်ရသလောက်ပါပဲ။

Thursday, December 20, 2018

သားတို့ တော်တော် ဆင်းရဲတယ်

ကျွန်တော်တို့ကို အကာအကွယ်ပေးမယ့် အိမ်နံရံ ကောင်းကောင်းတွေ
ရှိတယ်။ သူတို့မှာ သူငယ်ချင်းတွေ ရှိကြတယ်။
ကျွန်တော်တို့မှာ တီဗွီ ရှိတယ်။ သူတို့ကျတော့ သူတို့မိသားစုအတွက်
အချိန်ပေးကြတယ်။

Thursday, November 8, 2018

သာယာလှသည့် တောမြိုင်အလယ်မှ နွားလပို့တောင် ဆံတော်ရှင်စေတီ

တောတောင်များအလယ်၌ တည်နေပုံ ထူးခြားလှတဲ့ နွားလပို့တောင် ဆံတော်ရှင်စေတီအကြောင်း တင်ပြပေးခြင်ပါတယ်။ မြင့်မားလှတဲ့ တောင်ပေါ်တွင် ကျောက်တုံးများ အထပ်ထပ်ဆင့်ပြီး တည်ရှိနေပုံက ဖူးမြင်ရသူအပေါင်း အံ့မခန်း ဖြစ်ကြရပါတယ်။ ထို့ပြင် နွားလပို့တောင်ပေါ်မှ ကြည့်လိုက်လျှင် သာယာအေးချမ်းလှတဲ့ သဘာဝတောတောင်ရေမြေအလှကလည်း သွားရောက်ဖူးသူတိုင်း အမြဲအမှတ်တရ ရှိနေစေပါတယ်။ နွားလပို့တောင်ပေါ်မှ ဆံတော်ရှင်စေတီသည် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သော ရှင်တိဿရသေ့မှ ကျိုက်ထီးရိုးစေတီတော်ထက် ( ၅ ) နှစ်စောပြီး ဗုဓ္ဒဆံတော်မြတ်အစစ်တဆူကို အလယ်ကျောက်တုံး၌ဋ္ဌာပနာကာ ကျောက်တုံးသုံးလုံးဆင့်၍ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘွဲ့တော်မှာ ဗိန္ခိသေလာ ( ကျောက်များဆက်စပ်နေသောဘုရား ) ဖြစ်ပါတယ်။

နွားလပို့တောင်သည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်အတွင်း သဘာဝတောတောင်များ အလယ်၌ တည်ရှိနေပြီး ရန်ကုန်ဘက်မှသွားလျှင် ပေါင်မြို့အလွန် မော်လမြိုင်မြို့သို့ အသွားကားလမ်းပေါ်ရှိ
ကျုံကကျေးရွာမှ သွားရပါမည်။ တောင်ပေါ်သို့ တက်ရန် ယဉ်ရပ်နားစခန်းနှင့် တောင်တက်ကားများလည်း ရှိပါတယ်။ ယဉ်ရပ်နားစခန်းမှ နွားလပို့တောင်အထိ ၄ မိုင်ခန့် ဝေးပါတယ်။

တောင်တက်ကားများနှင့် တက်သွားလျှင် လမ်းခရီး၌ တောတောင်စိမ်းစမ်းများကိုဖြတ်ကာ တစ်တောင်တက် တစ်တောင်ဆင်း သွားရပါတယ်။ တောင်တက်ကားလမ်း အကွေ့အကောက်အတက်အဆင်းများကြား သာယာလှပတဲ့ ရှု့ခင်းများကို လုကာခံစားရပါတယ်။ နွားလပို့တောင်ပေါ်ရှိ ယဉ်ရပ်နားစခန်းမှ ဆံတော်ရှင်စေတီတော်ရင်ပြင်တော်ဆီ တက်ရောက်ရပါတယ်။ ရင်ပြင်တော်သို့ ရောက်သည်နှင် တည်ပုံဆန်းကြယ်လှတဲ့ နွားလပို့တောင် စေတီတော်ရဲ့ ထက်ဝက်ခန့်ကို ဖူးမြင်ရမည် ဖြစ်ပါတယ်။

Tuesday, October 30, 2018

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (သို့) ပြည်ချစ်ဘုရားကြီး

ပြင်ဦးလွင် (မေမြို့)မြို့သည် အေးချမ်းလှပသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သလို လည်ပတ် ဖူးမျှော်စရာ နေရာဒေသ အများအပြားရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါတယ်။ တောင်လှေကား ၊ ပန်းမြို့တော် ၊ မေမြို့နှင့် ပြင်ဦးလွင် စသည်ဖြင့် အမည်များစွာဖြင့် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလှတဲ့ လှပတဲ့မြို့ကလေးပါ။ ထိုပြင်ဦးလွင်မြို့သို့ ရောက်ဖူးသူတိုင်း လာရောက်ဖူးမျှော်တတ်တဲ့ နေရာတစ်နေရာကတော့ ပြည်ချစ်ဘုရား (ခေါ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးပင် ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ပြင်ဦးလွင် မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ် ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိနေပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီး၏ ကျော်ကြားလူသိများရခြင်းမှာ ပြည်ချစ်ဘုရားဟူသော ဘွဲ့ထူးကြောင့်လည်း ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုသပ္ပါယ်ဖွယ် ထုဆစ်ပူဇော်ထားသည့် ကျောက်ဆင်းတု ရုပ်ပွားတော် ဖြစ်ပါသည်။

မုခ်ဦးတံတိုင်းသို့ ၀င်လိုက်သည်နှင့် ကုန်းမြင့်ပေါ်၌ တည်ထားသော မဟာအံ့ထူးကံသာဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်စေတီတော်ကို ကြည်ညိုဖွယ် ဖူးမျှော်ရပါမည်။ ဘုရားကြီးသည် ကျယ်ဝန်းသော ၀တ္တကမြေအတွင်း တည်ရှိနေပါသည်။

Wednesday, August 8, 2018

ကရင်ပြည်နယ်မှ ဘုရင့်ညီလှိုဏ်ဂူ နှင့် သဘာဝရေပူစမ်း

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသူတိုင်း မဖြစ်မနေ၀င်ရောက်တတ်သည့် နေရာတစ်နေရာမှာ ဘုရင့်ညီလှိုဏ်ဂူပင် ဖြစ်ပါသည်။ ဘုရင့်ညီလှိုဏ်ဂူ၏ ထူးခြားမှုတစ်ခုမှာ လှိုဏ်ဂူရှေ့တွင်ရှိသည့် သဘာဝရေပူစမ်းပင် ဖြစ်ပါသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်စေတီများနှင့် သဘာဝအလှအပများကို ဖူးမျှော်လေ့လာရင်း ကိုယ်စိတ်ပင်ပန်းသမျှ ရေပူစမ်းတွင် အပန်းဖြေရေကူးလေ့ ရှိကြပါသည်။

ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေး သွားရာလမ်းတွင် တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့်လည်းနီးကပ် စွာတည်ရှိပါသည်။ ဘားအံမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ ရှေ့တွင် ရေကန်ကြီးများရှိပြီး အလယ်မှလှိုဏ်ဂူအတက်လမ်းသို့ တံတားထိုးထားပါသည်။ ထိုရေကန်ကြီးများသည် သဘာဝရေပူစမ်း ထွက်ပေါက်များ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ရေကူးရန်နေရာများကို ခွဲခြားပေးထားပါသည်။ ရေကန်သည် တစ်ဖက်တွင် ရေပူဖြစ်သော်လည်း အခြားတစ်ဖက်သည် ရေအေးဖြစ်နေပါသည်။လာရောက်လည်ပတ်သူများ အနေဖြင့် ရေကူးအပန်းဖြေကြသူများလည်း ရှိကြပါသည်။

Tuesday, February 13, 2018

ထူးဆန်းအံ့ဖွယ် တည်ပုံဆန်းသည့် ဇလုံတောင်တော်

သာယာသော ရေမြေတောတောင်များ၏အလယ်တွင် မြင့်မြင့်မားမား ထီးထီးကြီး ထိုးထွက်နေတဲ့ ဇလုံတောင်တော်ရဲ့ ဓာတ်ပုံကို တွေ့မြင်ရသူတိုင်း သွားရောက်ဖူးမျှော်ခြင်လောက်အောင် ဆွဲဆောင်မှုရှိစေတာ အမှန်ပါ။ အထက်မြန်မာပြည်ကျိုက်ထီးရိုးဟု တင်စားရလောက်အောင်ပင် ဇလုံတောင်တော်၏ တည်ရှိနေပုံ အံ့မခန်းဆန်းကြယ်လှသလို သဘာဝရေမြေတောတောင်များကို ဖြတ်သန်းသွားရောက်ရတဲ့ ခရီးကြောင့်လည်း ကျော်ကြားလူသိများလာခြင်း ဖြစ်ပါတယ်။ ထို့ပြင် ညနေ နေ၀င်ချိန်လိုအခါမျိုး၌ နေရောင်မှ ရောင်ပြန်ဟပ်ကာ တောင်တစ်ခုလုံး ရွှေရောင်လွှမ်းနေတတ်သဖြင့် ပိုမိုကျော်ကြားလာခဲ့ရပါသည်။ နေခရမ်းအနေဖြင့် ဇလုံတောင်ဘုရားဖူးခရီးစဉ် အတွေ့အကြုံများနှင့် ဘုရားသမိုင်းကိုပါ အကျဉ်းမျှ တင်ပြပေးခြင်ပါတယ်။

ဇလုံတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် (၁၂)မိုင်၊ (၂)ဖာလုံ အကွာ တောတောင်များအတွင်း၌ တည်ရှိနေသော ကျောက်လုံးတောင်ကြီး ဖြစ်ပါသည်။  တောင်တော်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် ကြီးမားလှသော ကျောက်တုံးကြီးများ စုစည်းကာ ထပ်ဆင့်တည်ရှိနေခြင်းပါ။ တောင်ပေါ်၌ ဇလုံတောင်ဟု အမည်ရသော ကျောက်တောင်ကြီး သည် သံတောင် ၄၄၄ တောင် ၊ ပေအားဖြင့် ၆၆၆ ပေ အမြင့်ဖြင့် ထီးထီးကြီးရပ်တည်နေခြင်း ဖြစ်ပါသည်။

Photo:Internet
ဇလုံတောင်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အနေဖြင့် အရိမေတ္တေယျ ဘုရားရှင်ပွင့်တော်မူကာ တရားဦးဟောကြားမည့် တောင်အဖြစ် ရည်စူးမှတ်ယူကာ လာရောက်ဖူးမျှော်ကြသူများပါသည်။ တောင်တော်နှင့် ပတ်သတ်သည့် သမိုင်းအကျဉ်းကို နောက်ပိုင်းတွင် ရေးပေးထားပါသည်။

Wednesday, January 31, 2018

ထူးခြားမှုများစွာဖြင့် ကယားပြည်နယ်မှ လွယ်တမူလှိုဏ်ဂူတော်ကြီး

ကယားပြည်နယ်တွင် ထုံးကျောက်တောင်များ များစွာတည်ရှိနေပါသဖြင့် ကြီးမားရှည်လျားသော လှိုဏ်ဂူကြီးများ များစွာရှိနေကြပါသည်။ ထိုပြင် ကယားပြည်နယ်မှလှိုဏ်ဂူများသည် အသိရခက်ပြီး ထူးခြားမှုများနှင့်လည်း ဆက်စပ်နေကြပါသည်။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သော အကြောင်းအရာများဖြင့် နာမည်ကျော်လှသည့် လွယ်တမူလှိုဏ်ဂူအကြောင်း တင်ပြပေးခြင်ပါသည်။

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အ၀င် ၊ အမှတ် ( ၃၅၆ ) အမြောက်တပ်ရင်းဝင်း အတွင်းတွင် တည်ရှိနေပါသည်။ လှိုဏ်ဂူအား စတင်တွေ့ရှိခဲ့သည်မှာ ၁၉၈၄ ခုနှစ်တွင်မှ ဖြစ်ပါသည်။ ယခင်က ထိုနေရာတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသလို ၊ လှိုဏ်ဂူသည် အခြားဂူများကဲ့သို့ တောင်ပေါ်တွင် တည်ရှိနေခြင်းမျိုး မဟုတ်ဘဲ မြေအောက်အနက်တွင် ဖြစ်တည်နေခြင်းကြောင့် တွေ့မြင်ရရန် ပို၍ ခက်ခဲစေပါသည်။

လွယ်တမူလှိုဏ်ဂူသည် မြေအောက် အနက် (၁၁၀) ပေ တွင်တည်ရှိနေပြီး အကျယ် ပေ (၁၀၀) ခန့် ရှိပါသည်။ ဂူပေါက် နှစ်ပေါက် ဖြစ်နေကာ အရှေ့ဘက် (ပေ ၃၀၀ ခန့်) နှင့် အနောက်ဘက် (ပေ ၅၀၀ ခန့်) အထိ ရှည်လျားပါသည်။ လှိုဏ်ဂူ၏ အမြင့်မှာ (ပေ ၃၀) ခန့် ရှိပါသည်။

Friday, December 8, 2017

လွိုင်ကော်မြို့၏ အထင်ကရ တောင်ကွဲစေတီတော်

ကယားပြည်နယ် လွိုင်ကော်မြို့တော်သို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမျှော် လည်ပတ်တတ်ကြသည့် နေရာတစ်ခုမှာ တောင်ကွဲစေတီ ခေါ် သီရိမင်္ဂလာတောင်ကွဲစေတီပင် ဖြစ်ပါသည်။ ကယား နှင့် တောင်ကွဲစေတီ တွဲဖတ်သိနေရအောင် စေတီများတည်ရှိနေပုံ တစ်မူထူးခြားလှသလို တောင်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းအလှများကိုလည်း ခံစားနိုင်သဖြင့် သွားရောက် ဖူးမျှော်ကြခြင်း ဖြစ်ပါသည်။

တောင်ကွဲစေတီသည် လွိုင်ကော်မြို့၏ တောင်ဘက်တွင် တည်ရှိနေပြီး တောင်တော်ကို လွိုင်ကော်မြို့ရောက်သည်နှင့် ထီးထီးမားမား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ လွိုင်ကော်မြို့အတွင်း မြေပြင်မှ ထီးထီးကြီး ပေါ်ထွက်နေသော တောင်ကြီးဖြစ်သလို အခြားတောင်များကဲ့သို့ တောင်တစ်လုံးတည်း မဟုတ်ဘဲ တောင်ချွန် ၊ တောင်ထွတ်များ တစ်နေရာတည်း စုစည်းကာ ပေါ်ထွက်နေခြင်း ဖြစ်ပါသည်။

တောင်ကွဲတောင်တော်သည် အမြင့်အားဖြင့် (၃၈၇ ပေ) ရှိပြီး သဘာဝ ကျောက်တောင်ထွဋ် ၉ ခု စုစည်း တည်ရှိနေခြင်းမျိုး ဖြစ်ပါသည်။ တောင်ထွဋ် တစ်ခုစီတိုင်းတွင် စေတီများ တည်ထားသည်ကို အောက်မြေပြင်မှ ကြည့်ရသည်မှာ ကြည်ညိုဖွယ် ထူးခြားစွာသပ္ပာယ်လှပသည်။

Thursday, November 16, 2017

လှို့ဝှက်မှုများစွာနှင့် ကယားပြည်နယ်မှ ကြတ်ဂူကြီး

မြန်မာနိုင်ငံရှိ လှိုဏ်ဂူကြီးများတွင် အမည်ကြားယုံဖြင့် စိတ်ဝင်စားမှုခံရသော လှိုဏ်ဂူကြီးတစ်ခုမှာ ကြတ်ဂူပင် ဖြစ်ပါသည်။ ရှေးဟောင်းအခေါင်းများ တည်ရှိနေသည်ဟု နာမည်ကျော်ကြားသော ၊ ထူးဆန်းမှုများနှင့် ပြည့်နေသည့် ကြတ်ဂူကြီးသည် ကယားပြည်နယ် ၊ လွိုင်ကော်မြို့အနီးတွင် တည်ရှိနေပါသည်။

မြန်မာပြည်၏ အထင်ကရလှိုဏ်ဂူကြီးတစ်ခု အဖြစ်သတ်မှတ်ထားကြသော ကြတ်ဂူကြီးသည် ကယားပြည်နယ် လွိုင်ကော်မြို့မှ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပါသည်။ လွိုင်ကော်မှ ရှားတောသို့ သွားသည့် လမ်းပေါ်တွင် ပါလောင်းကျေးရွာအနီး၌ တည်ရှိနေပြီး ယခုအခါ သွားလာရသည်မှာ လွယ်ကူ အဆင်ပြေလှပါသည်။ ကြတ်ဂူကို ကယားဘာသာစကားဖြင့် ရာစုကု ဟုခေါ်ကြပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ထားသမျှ လှိုဏ်ဂူကြီးများတွင် ကြတ်ဂူကြီးသည် တိုင်းတာ၍ ရသလောက်တွင် ပဉ္စမမြောက် အရှည်ဆုံး လှိုဏ်ဂူကြီး ဖြစ်ကြောင်း myanmarcaves.com မှ မှတ်တမ်းတင်ထားပါသည်။ ကယားပြည်နယ်တွင် ဖရူနိုဂူကြီးပြီးနောက် ဒုတိယအရှည်ဆုံး ဖြစ်ကြောင်း သိရပါသည်။ ဒါပေမယ့် ကြတ်ဂူ၏ အဆုံးသတ်ပိုင်းကို မည်သူမှ မရောက်ဖူးသေးဘဲ ဆက်လက်တိုင်းတာ သုတေသနပြုရန် ကျန်ရှိနေသော လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ယခုလက်ရှိ ခန့်မှန်းတိုင်းတာ မှတ်တမ်းတင်ထားချက်တွင် ( ပေ ၇၂၀၀ ) ၂၁၉၄ မီတာ ခန့် လှိုဏ်ဂူအရှည်ရှိပါသည်။

Thursday, September 28, 2017

သမိုင်းဝင်ရှေးဟောင်းလက်ရာများစွာဖြင့် ကရင်ပြည်နယ်မှ ကော့ဂွန်းလှိုဏ်ဂူတော်ကြီး

ကရင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော လှိုဏ်ဂူကြီးများ များစွာရှိပါသည်။ ထိုလှိုဏ်ဂူများထဲတွင် ရှေးဟောင်းသမိုင်းတန်ဖိုးကြီးမားလှသော ရုပ်ပွားတော်များ ၊ ကျောက်စာများ ၊ အုတ်ခွက်ဘုရားများလည်း များစွာရှိကြပါသည်။ ထိုထင်ရှာကျော်ကြားသော ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများတွင် ကော့ဂွန်းလှိုဏ်ဂူတော်ကြီးသည် ရှေးဟောင်းလက်ရာများ အများဆုံးကျန်ရှိနေပြီး ၊ မြန်မာ့ရှေးဟောင်းခေတ်သမိုင်းတစ်ခု၏ အနုပညာနှင့် ဗိသုကာအတတ်များကို အံ့သြစရာကောင်းလှစွာ တွေ့မြင်ရသည့် ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ မြန်မာပြည်တွင် လူသိများကျော်ကြားလှသည့် လှိုဏ်ဂူကြီးလည်း ဖြစ်ပါသည်။

Photo - Naykhayan
ကောဂွန်းဂူသည် ဘားအံမြို့မှ ၈ မိုင်ခန့် ၊ သံလွင်အနောက်ဘက်ရှိ ကော့ဂွန်းကျေးရွာမှ ၂ ဖာလုံခန့်
အကွာတွင် တည်ရှိပြီး အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၆၀၀၀ ခန့်ရှိသော ထုံးကျောက်တောင် အမျိုးအစား ကော့ဂွန်းတောင်တွင် တည်ရှိပါသည်။ ယခုအခါ လမ်းပန်းအဆက်အသွယ် ကောင်းမွန်နေပြီး နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး သွားရောက်နိုင်နေပြီ ဖြစ်ပါသည်။

Photo - Naykhayan 
လှိုဏ်ဂူသည်  အလျား ပေ-၁၃၀၊ အနံ ပေ-၇၀ ၊ အမြင့် ၂၅-ပေ ခန့်ရှိပြီး တစ်ဖတ်ပိတ်ဂူ အမျိုးအစားဖြစ်ကာ အတွင်းဘက်ကို အနည်းငယ်သာ ၀င်ရောက်နိုင်ပါသည်။ လှိုဏ်ဂူမှာ သိပ်အကျယ်ကြီး မဟုတ်သော်လည်း ဂူဝမရောက်ခင် အ၀င်ဘက်လျောက်လမ်းဘက် မှာကတည်းက ရုပ်ပွားတော်များ ၊ တောင်နံရံတွင် ကပ်ကာ ပြုလုပ်ထားသည့် များပြားလှသည့် ရှေးဟောင်းအုတ်ခွက် ဘုရားများကို ဖူးမျှော်ရမည် ဖြစ်ပါသည်။

Thursday, March 16, 2017

သာယာလှပသော Moli(မိုလီ)ရေတံခွန် နှင့် သဘာဝမုတ်သုံသစ်တော ဥယျာဉ်ကြီး

 ဒီတစ်ခါ တင်ပြပေးချင်တာကတော့ အလွန်ကိုအေးချမ်းပြီး သဘာဝ သစ်တောအုပ်ထဲက
လှပတဲ့ Moli (မိုလီ) ရေတံခွန်အကြောင်းပါ။မိုလီရေတံခွန်ဟာ တရုတ်နိုင်ငံ ၊
ယူနန်ပြည်နယ်(Yunnan) ၊ ရွှေလီမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာမှာ
တည်ရှိပါသည်။မြန်မာပြည်က ခရီးသွားများနှင့်မစိမ်းသည့်ဒေသတစ်ခုပါ။

မူဆယ်ရောက်ပြီး တရုတ်နိုင်ငံ ကြယ်ခေါင် ၊ ရွှေလီမြို့ကို သွားရောက်လည်ပတ်သူများ
ဟာ Moli ရေတံခွန်ဆီသွားရောက်အပန်းဖြေလေ့ရှိကြပါသည်။
ထို့ပြင် ဗုဒ္ဓဘုရှားရှင်၏ ခြေတော်ရာ ဘုရားတည်ရှိရာအရပ်ဟုလည်း ဆိုကြပါသည်။
နှစ်ပေါင်းများစွာက ရှည်လျားတဲ့ ဒဏ္ဏာရီဇာတ်လမ်းလည်း ရှိပါသည်။

ဒီဒေသကို ဒေသခံတွေက Zhaduo ဟု လည်းခေါ်တွင်ကြပါသည်။
အကြောင်းကတော့ ဒီရေတံခွန်တည်ရှိရာအရပ်ကို ဗုဒ္ဓဘုရားရှင်ကြွချီလာပြီး
ဒီအရပ်တွင် ဥပုပ်စောင့်ကာ ရေချိုးသန့်စင် ခဲ့ပါသည်။ထို့နောက် ပြန်လည်ကြွချီရာတွင်
ဘုရားရှင်၏ ခြေတော်ရာကို ချထားပေးခဲ့သည်ဟုဆိုကြပါသည်။
လက်ရှိမှာလည်း ခြေတော်ရာစေတီ၏ အတွင်းဘက်၌ ကျောက်တုံးကြီး၏ပေါ်တွင်
ကြီးမားလှသည့် ခြေတော်ရာ တစ်ဆူရှိပါသည်။ ပုံသဏ္ဍာန် သိပ်မပီပြင်တော့ပေမယ့်
ရွှေချကာ ထားသည့် ခြေတော်ရာကို ဖူးမြင်နိုင်ပါသည်။

Friday, February 17, 2017

သဘာဝအလှများတည်ရှိရာ ကရင်ပြည်နယ် မှ ဆဒ္ဒန်လှိုဏ်ဂူကြီး

ကျွန်တော်ယခင်က ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများဟူသော
ခေါင်းစဉ်ဖြင့် ဆဒ္ဒန်ဂူအကြောင်းကို အကျဉ်းချုပ်ရေးပေးဖူးပါသည်။
ယခုဆက်လက်ပြီး ဆဒ္ဒန်လှိုဏ်ဂူကြီး တစ်ခုတည်းကို တင်ပြပေး
ပါမည်။ ကရင်ပြည်နယ်သည် ထုံးကျောက်တောင်များ ပေါများ
တည်ရှိရာ ဒေသတစ်ခု ဖြစ်သလို ထုံးကျောက်တောင်ဂေဟစနစ်
များလည်း ပူးတွဲတည်ရှိနေပါသည်။ ထုံးကျောက်တောင်ကြီးများ
နှင့်အတူ ကြီးမားကျယ်ပြန့်သော လှိုဏ်ဂူကြီးများ အများအပြား
တည်ရှိရာ ပြည်နယ်တစ်ခုပါ။ ထိုအထဲမှ ကရင်ပြည်နယ်တွင်
အရှည်ဆုံးလှိုဏ်ဂူ တစ်ခုဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူသည် သဘာဝ
အလှအပများပေါများကြွယ်ဝရာ နေရာတစ်ခုပင် ဖြစ်ပါသည်။

ဆဒ္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ် ၊ ဘားအံမြို့မှ တောင်ဖက်
မိုင်-၂၀ အကွာ ၊ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင်
တည်ရှိနေပါသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်
နီးပါသည်။ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုမှတစ်ဆင့်
လည်းကောင်း ၊ ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှ
လည်းကောင်း ၊ မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်)
တံတားကိုဖြတ်ကာ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှ
လည်းကောင်း သွားရောက်နိုင်သည်။

ယခုအခါ လမ်းများ ဖောက်လုပ်ပြီးစီးသင့်သလောက်
ပြီးစီးနေသော်လည်း မိုးအခါများတွင်တော့ သွားရေးလာရေး အစဉ်
မပြေနိုင်သေးပါ။

Wednesday, January 25, 2017

သဘာဝတောတောင်ရေမြေအလှများရှိရာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်

မြန်မာနိုင်ငံ၏ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည်
ပထမဆုံး အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်သတ်မှတ်ခံရသော
နေရာတစ်နေရာဖြစ်ပါသည်။ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
ထိန်းသိမ်းစောင့်ရှောက်ထားသလို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး
ပြည်သူများ သွားရောက်ဖူးမျှော်တတ်သဖြင့် လူသိများကျော်ကြားသော
နေရာဌာနတစ်ခုပင် ဖြစ်ပါသည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့မှ အနောက်မြောက်ဘက် မိုင် ၆၀ ကျော်အကွာ ကနီမြို့နယ်
အတွင်း သစ်တောကြိုးဝိုင်းဧရိယာ၌ တည်ရှိနေပါသည်။ လူအများသွား
ရောက်ဖူးမျှော်ကြသော အလောင်းတော်ကဿပရုပ်ပွားတော်မြတ်သည်
ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည် ဝေဘူလ ဝေဘာရ သုနန္ဒရ
တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏ လက်တက်ဖြစ်သော
အထက်ချောင်းဖျားတစ်နေရာ စမ်းချောင်းလေးဘေး လှိုဏ်ဂူတော်တစ်ခုတွင်း
Latitude - 22°18´ 46.37"
Longitude - 94°27´ 58.33" မှာ
ကိန်းဝပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါသည်။

အမျိုးသားဥယျာဉ်ကြီးသည် ၃၄၆၆၃၉ ဧက ကျယ်ဝန်းပြီး
အဖိုးတန်သစ်များ ၊ ဆင် စသော တောရိုင်းတိရိစ္ဆာန် ၃၉ မျိုး နှင့်
ငှက်မျိုးစိတ် ၄၆၈ မျိုး ကျက်စားရာ ဘေးမဲ့ဥယျာဉ်ကြီး ဖြစ်ပါသည်။

Thursday, June 2, 2016

သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူတော်

IMG 20160516 094732
မြန်မာတွင် မက ကမ္ဘာကျော်လှိုဏ်ဂူတစ်ခုအဖြစ် ထင်ရှားကျော်ကြားသော
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ၊ ပင်းတယမြို့ရှိ ရွှေဥမင် လှိုဏ်ဂူ
အကြောင်းတင်ပြပေးချင်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့မှ
တဆင့် အေးချမ်းသာယာလှသော ပင်းတယမြို့လေးသို့ သွားရောက်ရမည်ဖြစ်ပါသည်။
ပင်းတယမြို့ဆိုသည်နှင့် ရာဇ၀င်လာ ပုန်းတလုတ်(ဘုတ်တလုတ်) ရေကန်ကြီး ၊
အရိပ်အာဝါသကောင်းပြီး ကြီးမားလှသော ညောင်ကြတ်ပင်တန်းများ နှင့်အတူ
စေတီပုထိုး ရုပ်ပွားတော်များစွာနှင့် သမိုင်းဝင် ရွှေဥမင်လှိုဏ်ဂူတို့ကို တစ်ပါတည်း
ပြေးမြင်ဖြစ်ကြပါသည်။ရွှေဥမင်ဂူအကြောင်း အရင် ကြည့်လိုက်ရအောင်နော်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေမြင့်ပါသည်။
ရွှေဥမင်လှိုဏ်ဂူတော်သည် ဂူပေါက် ၃ ခုရှိရာ တောင်ဘက်အကျဆုံး နှင့် အမြင့်ဆုံး
ဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါသည်။
ပင်းတယမြို့မှ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ တွင်စောင်းတန်းအသွယ်သွယ်၊
ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေဥမင် လှိုဏ်ဂူနှင့် ဘုရားစေတီများကို တွေ့မြင်နိုင်ပါသည်။
IMG 20160516 092853
တောင်စောင်းတွင် ရှိနေသော ဂူပေါက်ကို အဝေးကကြည့်လျှင် တိုက်ရိုက်မမြင်နိုင်ပါ။
ဓာတ်လှေကား အဆောက်အဦနှင့် ကွယ်နေပါသည်။

Sunday, May 22, 2016

သဘာဝအလှများနှင့် ပအိုဝ်းဒေသမှ ထမ်းဆမ်းလှိုဏ်ဂူ

IMG 20160515 175601
သဘာဝ အလှများနှင့် ပြည့်နှက်နေသော ထမ်းဆမ်းလှိုဏ်ဂူ အကြောင်းကို တင်ပြပေးချင်ပါသည်။
ထမ်းဆမ်းလှိုဏ်ဂူသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှ (၂၆ မိုင်)
၄၂ ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။ တောင်ကြီးမြို့မှ အရှေ့ဘက်
တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ကားလမ်းအတိုင်း ၁၂ မိုင်ခန့်သွားလျှင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ရှိရာ ဟိုပုန်းမြို့သို့ရောက်ရှိပြီး
ဟိုပုန်းမြို့မှ နောက်ထပ် ၁၄ မိုင်ခန့်သွားမှ ထမ်းဆမ်းသဘာဝလှိုဏ်ဂူသို့ရောက်ရှိမည်
ဖြစ်ပါသည်။
IMG 20160515 175550
ထိုထမ်းဆမ်းဂူကို ဟိုပုန်းကိုရင်လေးဟု အမည်ရသော ရှင်ပေါရိဿ မှအိမ်မက်အရ
စတင်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုကြပါသည်။
လှိုဏ်ဂူအမည်မှာ ရှမ်းဘာသာစကားဖြင့် ထမ်သည် ဂူဟု အဓိပ္ပါယ်ရပြီး
ဆမ်သည် ဆင်ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ဆင်ဂူဟု မြန်မာအဓိပ္ပါယ်ရပါသည်။
အမှန်မှာလည်း ဂူအတွင်းတွင် ဆင်ရုပ်များကဲ့သို့ သဘာဝအတိုင်းဖြစ်ပေါ်နေသော
ထုံးကျောက်တုံးများ များစွာတည်ရှိနေပါသည်။
ထို့ပြင်ကြီးမားကျယ်ပြန့်သော မြေအောက်လှိုဏ်ဂူကြီးနှင့် သဘာဝအတိုင်း ကျဆင်းနေသော
ကျောက်စက်ပန်းဆွဲအလှများ၊ ကျောက်စက်မိုးမျှော်အလှများကို မြောက်များစွာ
တွေ့ရှိရမည် ဖြစ်ပါသည်။အရောင်စုံ ၊ ပုံစံစုံ တစ်မူထူးစွာဖြင့် လှပစွာတည်ရှိနေပါသည်။
IMG 20160515 175634
ထမ်းဆမ်းဂူသည် ပင်လယ်ရေမျက်နှာပြင် အထက် 1800 meter (ပေ ၆၀၀၀ နီးပါး)
အမြင့်တွင် တည်ရှိနေသော ထုံးကျောက် လှိုဏ်ဂူကြီး ဖြစ်ပါသည်။
အရှည်အားဖြင့်လည်း 6000 ပေ (1818 meters) ခန့်ရှည်သည်ဟု ဆိုကြပြီး
လှိုဏ်ဂူ၏ ၃ ပုံ ၁ ပုံခန့်သာ လူဝင်၍ ရသည်ဟု ဆိုပါသည်။ တကယ်တွင်လည်း
ထိုလောက်အရှည်ထိ မတွေ့ခဲ့ရပါ။ သို့ပေမယ့် လှိုဏ်ဂူ၏ အဆုံးဟု ဆိုသောနေရာသည်
သဘာဝ ရေထွက်ပေါက်တစ်ခု ရှိနေပြီး ဆည်ပုံစံ ပြုလုပ်ထားသည်ကို တွေ့ခဲ့ရပါသည်။
ထိုရေထွက်ပေါက်အတိုင်းဝင်၍ ရလျှင် မည်မျှလောက်ရှည်မည်ကို မသိရပါ။
၂၀၀၉ ခုနှစ်တွင် သူရဇ္ဇမဂ္ဂဇင်းအဖွဲ့သည် ထမ်းဆမ်းဂူကို ၀င်ရောက်လေ့လာခဲ့ပြီး
ဂူကို ပေ ၆၀၀၀ အထိရှင်းလင်းခဲ့ပြီး ဂူ၏အရှည်မှာ မပြီးဆုံးသေးကြောင်း
သူရဇ္ဇမဂ္ဂဇင်း အတွဲ ၉ အမှတ် ၁၀ တွင် ရေးသားခဲ့ဖူးပါသည်။
hopong 03

IMG 20160515 175731
လှိုဏ်ဂူအ၀င်ဝ တွင်ပင် များစွာသော ကျောက်စက်ပန်းဆွဲများနှင့် လှပစွာ
တွေ့မြင်ရပြီး အ၀င်ဝ ကျောက်တိုင်များပေါ်တွင် မြင်းရုပ်များကို
လှပစွာ ထုလုပ်ထားပါသည်။
IMG 20160515 175746
အ၀င်ဝနားတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၊ အလှူခံဌာနတို့ရှိပြီး
လှိုဏ်ဂူကို စတင်တွေ့ရှိပြီး ထိမ်းသိမ်းစောင့်ရှောက်ထားသော ဟိုပုန်းကိုရင်လေး
ရှင်ပေါရိဿ ဓာတ်ပုံ အကြီးကြီးကို ချိတ်ဆွဲထားပါသည်။
IMG 20160515 175833
ထိုလှိုဏ်ဂူကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင်
အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် စတင် ဖွင့်လှစ်ခဲ့ပါသည်။
သို့သော် ၂၀၁၃ ခုနှစ်မတိုင်ခင် အထိ နယ်မြေအေးချမ်းမှုရှိသောဒေသတစ်ခု
အဖြစ် တရားဝင် မသက်မှတ်ရသေးသဖြင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ
လာရောက်မှုကို ကန့်သက်ခဲ့ပါသည်။ ထို့ကြောင့် ပြည်ပခရီးသွားများအနေဖြင့်
သိရှိမှု အားနည်းခဲ့ပြီး ပြည်တွင်းခရီးသွားများသာ လာရောက်မှုများခဲ့ပါသည်။
ထမ်းဆမ်းဂူ၏ သဘာဝအလှအပများသည် အခြားကမ္ဘာကျော် လှိုဏ်ဂူကြီးများကဲ့သို့ပင်
တည်ရှိနေပါသဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များ၏ အကြိုက်ဖြစ်မည်မှာ အမှန်ပါ။
IMG 20160515 175903
သဘာဝအတိုင်းဖြစ်တည်နေသော အပေါ်အောက်ဆက်နေသော ထုံးကျောက်
တိုင်ကြီးများပါ။ထုထည်ကြီးမားစွာနှင့် အများအပြားတည်ရှိနေကြပါသည်။
IMG 20160515 175926


IMG 20160515 180003
အတွင်းသို့ ဆက်၍ ၀င်သွားလျှင် ကျယ်ဝန်းလှသော ခန်းမကျယ်ကြီးသဏ္ဍာန်
လှိုဏ်ဂူကြီးကို တွေ့ရပါမည်။
IMG 20160515 180709
လှိုဏ်ဂူ၏ အမြင့်ဆုံးနေရာသည် ပေ ၆၀ ခန့် အထိရှိသည်ဟု သိရပါသည်။
အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့်ရှိပါသည်။
သို့သော် တိကျသော အရှည် ၊ အမြင့် ၊ အကျယ် အတိုင်းအထွာများ မသိရှိခဲ့ရပါ။
အင်တာနက်တွင်လည်းရှာဖွေရာတွင် လည်း မတွေ့ရပါ။
အ၀င်ဝရှိ အလှူခံဌာနတွင် တမ်းဆမ်းဂူ၏ သမိုင်းနှင့် အချက်အလက်စာအုပ်
ရမည်လားဟု မေးကြည့်ရာတွင် ယခုမှ စီစဉ်နေတုံးဟု သိရပါသည်။
ထိုစာအုပ်မျိုးထွက်ပေါ်လာပါက စာရင်းအတိအကျ သိရှိရမည်ဟု ထင်ပါသည်။
သိရှိကြသူများကလည်း ကျွန်တော်အားပြန်လည် ပြောပြကြစေ လိုပါသည်။
IMG 20160515 180029

IMG 20160515 180059

IMG 20160515 180137

IMG 20160515 180146

IMG 20160515 180248

IMG 20160515 180641

IMG 20160515 180444
အသက်ဝင်နေသော လှိုဏ်ဂူတို့၏ ထုံးစံအတိုင်း ရေတစက်စက် ကျနေတာကို
ခံစားရမည်ဖြစ်သလို ၊ ရေကျသံ ၊ စီးဆင်းနေသံများကိုပါ ခံစားရပါသည်။
IMG 20160515 180759

IMG 20160515 180919

hopong 05
ဘုရားကျောင်းဆောင် သဏ္ဍန် သဘာဝအတိုင်းဖြစ်တည်နေပုံပါ...
IMG 20160515 183442

IMG 20160515 183503
လှပသော ထုံးကျောက်တိုင်များ...
Image 2016 05 16 3 
ရွှေထီး ၊ ငွေထီးသဏ္ဍန် ဖြစ်တည်နေပုံ....
ထမ်းဆမ်းဂူမှ ကျောက်စက်ပန်းစွဲများသည် အဖြူရောင်တစ်မျိုးတည်း
မဟုတ်ပဲ အနီရောင် ၊ အ၀ါရောင်စသည်ဖြင့် တည်ရှိနေပါသည်။
IMG 20160515 181102

IMG 20160515 180122
ဂူအတွင်းလမ်းလျောက်နေရင်း အခြားဂြိုလ်ကမ္ဘာတစ်ခု သို့ရောက်ရှိနေသလို
ခံစားရစေပါသည်။
IMG 20160515 181600
ဂူ၏အဆုံးသတ် ရေထွက်ပေါက်နေရာပါ။ ထိုနေရာမှ ရေများသည် ဂူအတွင်းသို့
ဘေးတစ်ဖတ်စီမှ ဖြတ်သန်းစီးဆင်းနေပါသည်။ ထိုရေထွက်ပေါက်နေရာမှ
အတွင်းမည်မျှလောက် လှိုဏ်ဂူ ရှည်သေးသည်ကို မသိရသေးပါ။
IMG 20160515 183555
ဂူအ၀င်ဝအား ညနေစောင်းအချိန် မြင်ရပုံ...
Photo Grid 1463813285105
ထမ်းဆမ်းဂူ တည်ရှိရာ မြေပုံပါ....
IMG 20160515 174243
ထမ်းဆမ်းဂူသို့ သွားရာ ပအိုဝ်းဒေသ ရှုခင်းပါ...

Image 2016 05 16
ထမ်းဆမ်းဂူအတွင်း အမှတ်တရ...
 ထို့ကြောင့် ထမ်းဆမ်းလှိုဏ်ဂူကြီးသည် သဘာဝကျောက်စက်ပန်းဆွဲများနှင့်
ထုံးကျောက်တိုင်များ များပြားစွာတည်ရှိပြီး ၊ ပုံစံစုံ ကြီးမားသော သဘာဝ
အလှအပများ ပြည့်နှက်နေသည့် လှိုဏ်ဂူတစ်ခုပင်ဖြစ်ပါသည်။
ထို့ပြင် သဘာဝအလှအပများကို ဆက်လက်ထိမ်းသိမ်းကာ ကမ္ဘာသိ လှိုဏ်ဂူကြီး
ဖြစ်အောင် ကြိုးစားရပါမည်။
သူငယ်ချင်းတို့အနေနှင့် စိတ်လက်အပန်းပြေပြီး သဘာဝအလှအပများကိုတ၀ကြီး
သွားရောက်ခံစားသင့်ပါကြောင်း တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း


Related Posts Plugin for WordPress, Blogger...