Wednesday, August 8, 2018

ကရင်ပြည်နယ်မှ ဘုရင့်ညီလှိုဏ်ဂူ နှင့် သဘာဝရေပူစမ်း

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကြသူတိုင်း မဖြစ်မနေ၀င်ရောက်တတ်သည့် နေရာတစ်နေရာမှာ ဘုရင့်ညီလှိုဏ်ဂူပင် ဖြစ်ပါသည်။ ဘုရင့်ညီလှိုဏ်ဂူ၏ ထူးခြားမှုတစ်ခုမှာ လှိုဏ်ဂူရှေ့တွင်ရှိသည့် သဘာဝရေပူစမ်းပင် ဖြစ်ပါသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လှိုဏ်ဂူအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်စေတီများနှင့် သဘာဝအလှအပများကို ဖူးမျှော်လေ့လာရင်း ကိုယ်စိတ်ပင်ပန်းသမျှ ရေပူစမ်းတွင် အပန်းဖြေရေကူးလေ့ ရှိကြပါသည်။

ဘုရင့်ညီဂူသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်တို့အကြား မြေပြန့်ပေါ်တွင် ထီးထီးကြီး ထိုးထွက်နေသော ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင် ရှိနေပါသည်။ဘုရင့်ညီဂူသည် သထုံ၊မြိုင်ကလေး သွားရာလမ်းတွင် တည်ရှိပြီး မွန်ပြည်နယ် သထုံမြို့ နှင့်လည်းနီးကပ် စွာတည်ရှိပါသည်။ ဘားအံမြို့မှ ၁၂ မိုင်ခန့်အကွာတွင် တည်ရှိနေပါသည်။

ဘုရင့်ညီလှိုဏ်ဂူ၏ ရှေ့တွင် ရေကန်ကြီးများရှိပြီး အလယ်မှလှိုဏ်ဂူအတက်လမ်းသို့ တံတားထိုးထားပါသည်။ ထိုရေကန်ကြီးများသည် သဘာဝရေပူစမ်း ထွက်ပေါက်များ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ရေကူးရန်နေရာများကို ခွဲခြားပေးထားပါသည်။ ရေကန်သည် တစ်ဖက်တွင် ရေပူဖြစ်သော်လည်း အခြားတစ်ဖက်သည် ရေအေးဖြစ်နေပါသည်။လာရောက်လည်ပတ်သူများ အနေဖြင့် ရေကူးအပန်းဖြေကြသူများလည်း ရှိကြပါသည်။

Sunday, August 5, 2018

သခင်တွေကို အသက်ကယ်ခဲ့တဲ့ ခွေးဘီလူး


ကယ်လီဖိုးနီးယားပြည်နယ် စတော့တန်မြို့က အိမ်တစ်လုံးမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပေမယ့် ခွေးဘီလူး တစ်ကောင်က သတိပေးခဲ့တဲ့အတွက် တစ်မိသားစုလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

နေအိမ် မီးလောင်နေချိန်မှာ ဆာရှာလို့ အမည်ပေးထားတဲ့ ခွေးဘီလူးက အဆက်မပြတ် ဟောင်ခဲ့ပြီး တံခါးကို ကုတ်ခြစ်ခဲ့ပါတယ်။ သူ့သခင်မ နာနာ အိပ်ယာက နိုးလာပြီး တံခါးဖွင့်ပေးချိန်မှာ ဆာရှာက အခန်းထဲကို ဝင်သွားခဲ့ပြီး ၇ လအရွယ် ကလေးငယ်ကို သေးခံအဝတ်ကနေ ဆွဲချီလာခဲ့ပါတယ်။ သားသမီး ၃ ယောက်ကို တစ်ဦးတည်း ကျွေးမွေးစောင့်ရှောက်နေရတဲ့ နာနာကတော့ သူတို့သားအမိတွေအပေါ် ဆာရှာက ကျေးဇူးရှိသွားပြီလို့ ဆိုပါတယ်။
Credit:yoyarlay

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ


ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓါတ်ခွဲခန်းသုံး အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေကြောင်း ပြောပြပါရစေ။

လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေသလဲ။
=============================
လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်မှ အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိမ်ထဲ သေးငယ်သော သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ထိုချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများတွင် မှေးမှိန်သော လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ထိုလမ်းကြောင်းများက ပိုထင်ရှားလာကာ လက်ဗွေဖြစ်လာပါတယ်။

လမ်းပျောက်ပြီး တောထဲမှာ ညအိပ်ခဲ့ရတဲ့ကလေးငယ်ကို ခွေးအိုကြီး စောင့်ရှောက်ပေးခဲ့


သြစတြေးလျနိုင်ငံမှာ မျက်စိလည် လမ်းမှားလို့ တောထဲမှာ
ညအိပ်ခဲ့ရတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ခွေးအိုကြီးတစ်ကောင်က စောင့်ရှောက်ပေးခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အရေးပေါ်အဖွဲ့ဝင်နဲ့ လုပ်အားပေး
၁၀၀ ကျော်က အင်တိုက်အားတိုက်ရှာဖွေခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်မှာ  ဖြစ်ခဲ့တာပါ။

မိန်းကလေးငယ် အူရိုရာ(Aurora)အိမ်က ထွက်သွားချိန်မှာ
သူနဲ့အတူ အိမ်မှာမွေးထားတဲ့ ခွေးကြီး မက်စ်(Max)ပါ
လိုက်ပါသွားခဲ့ပါတယ်။ တောထဲမှာ ညဘက် အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက် ရောက်ခဲ့လို့ မိန်းကလေးငယ်နဲ့ ခွေးအိုကြီးက ကျောက်ဆောင်တစ်ခုအောက်မှာ ခိုလှုံခဲ့ကြပါတယ်။

တောထဲမှာရောက်နေတဲ့ ၁၆ နာရီ အတွင်း ခွေးအိုကြီးက သူ့သခင်မလေးဘေးမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူ့အဘွားဖြစ်သူက သူ့မြေးအသံကြားတယ်ဆိုပြီး တောင်ပေါ်တက်ကြည့်ခဲ့ပါတယ်။ အဘွားဖြစ်သူ တောင်ပေါ် တက်လာချိန်မှာ ခွေးအိုကြီးက သွားကြိုခဲ့ပြီး မိန်းကလေးငယ်ရှိတဲ့နေရာကို လိုက်ပြခဲ့ပါတယ်။

အဲဒီခွေးအိုကြီးဟာ အသက် ၁၆ နှစ်ရှိတဲ့ သိုးထိန်းခွေးကြီးဖြစ်ပြီး
မျက်စိနည်းနည်းမှုန်သလို နားလည်း နည်းနည်းလေးနေပြီလို့ ဆိုပါတယ်။
Credit:yoyarlay facebook page

မျိုးဗီဇမြင့်ခြင် ဖန်တီးဖို့ ဒေါ်လာ ၄ သန်းလှူခဲ့တဲ့ ဘီလ်ဂိတ်


မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်ဟာ ခြင်တွေ မျိုးသုဉ်းပျောက်ကွယ်သွားစေမယ့် မျိုးဗီဇမြင့်ခြင်တွေ ဖန်တီးဖို့ အမေရိကန်ဒေါ်လာ ၄ သန်းလှူဒါန်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် Oxitec ကုမ္ပဏီက မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေ ဖန်တီးမှာဖြစ်ပြီး ပြင်ပလောကထဲက ခြင်အမတွေနဲ့ မိတ်လိုက်စေမှာ ဖြစ်ပါတယ်။

ခြင်အမတွေကပဲ လူတွေကို ကိုက်တတ်တဲ့အတွက် မျိုးဗီဇမြင့် ခြင်အထီးတွေက လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ မျိုးဗီဇမြင့် ခြင်အထီးနဲ့ မိတ်လိုက်ရင်း ဖြစ်ပေါ်လာတဲ့ မျိုးဥတွေကနေ ခြင်တွေ ပေါက်ဖွားလာမှာဖြစ်ပေမယ့် အရွယ်မရောက်ခင်မှာပဲ သေဆုံးသွားမှာဖြစ်ပါတယ်။ ခြင်တွေဟာ အရွယ်ရောက်မှ လူတွေကို ကိုက်တတ်ကြတာပါ။ မျိုးဗီဇမြင့်ခြင်တွေကြောင့် အချိန်ကာလတစ်ခုရောက်ရင် ခြင်တွေ မျိုးသုဉ်းသွားမယ်လို့ ဆိုပါတယ်။ ဘီလ်ဂိတ်ဟာ Oxitec ကုမ္ပဏီရဲ့ ဖန်တီးမှုတွေကို ပံ့ပိုးပေးနေသူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကလည်း ခြင်မျိုးသုဉ်းစေမယ့် မျိုးဗီဇမြင့် ခြင်ဖန်တီးရေး စီမံကိန်း အစောပိုင်းအဆင့်အတွက် အမေရိကန်ဒေါ်လာ ၅ သန်းနီးပါး မတည်ခဲ့ပါသေးတယ်။
Credit:yoyarlay

ဘူတာရုံမှာ ကြွက်ဖမ်းတာဝန်ထမ်းဆောင်တဲ့ ကြောင်မလေး ရာထူးတိုးပေးခံရ


ဟက်ဒါစ်ဖီးလ် (Huddersfield) ဘူတာရုံမှာ ကြွက်ဖမ်းတာဝန်ထမ်းဆောင်နေတဲ့ ဖီးလစ် (Felix) အမည်ရ ကြောင်မလေးဟာ နှစ်များစွာ တာဝန်ထမ်းဆောင်လာတဲ့အတွက် အသိအမှတ်ပြုကာ ရာထူးတိုးမြှင့်ပေးခြင်း ခံလိုက်ရပါတယ်။

အဖြူနဲ့အနက် နှစ်ရောင်စပ်ထားတဲ့ ဖီးလစ်ကို ဘူတာရုံဝန်ထမ်းတွေကရော နေ့စဉ်ရထားနဲ့ခရီးသွားသူတွေကပါ ချစ်ခင်ကြပါတယ်။ ကြောင်မလေးဟာ ငါးနှစ်ကြာ ဘူတာရုံပလက်ဖောင်းတွေမှာ ဝီရိယရှိရှိနဲ့ ကြွက်တွေကို လှည့်ပတ်ရှာဖွေပေးခဲ့ပြီး အခုအခါမှာတော့ အမှုထမ်းလုံခြုံရေးအင်္ကျီအသစ်တစ်ထည်နဲ့ ထရန်ပဲနီ အမြန်ရထားကွန်ရက် (Transpennine Express Rail Network) ကိုယ်စား အမှတ်တံဆိပ်တစ်ခုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ကြောင်မလေး အသက်(၉) ပတ်အရွယ်မှာ ဟက်ဒါစ်ဖီးလ်ဘူတာရုံမှာ စတင် တာဝန်ထမ်းခဲ့ပြီး အခုဆိုရင် အခုလို အဆင့်နဲ့အဖွဲ့ဝင် ဖြစ်လို့လာခဲ့ပါပြီ။ ဖီးလစ်ဟာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ Like ပြုလုပ်သူ ၁၇ဝဝဝ ကျော်နေပြီဖြစ်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ တင်ပေးလျက်ရှိပါတယ်။

ဖီးလစ်ဟာ ဒီလိုချီးမြှင့်ခံရတဲ့အတွက် အလွန်ပျော်ရွှင်နေပြီး လူအများရဲ့အာရုံစူးစိုက်မှုကို ရနေရကြောင်းကို ဘူတာရုံဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။
Ref: Independent “Felix the Huddersfield station cat has given promotion in recognition of her mouse-catching skills”
Credit:yoyarlay

ဖခင်ကို ဂုဏ်ပြုဖို့ အာဖရိကရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့တဲ့ ၇ နှစ်သမီး


ကွယ်လွန်သွားတဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် ၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အမြင့်ပေ ၁၉၃၄၁ မြင့်တဲ့ အာဖရိကရဲ့ အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ကီလီမန်ဂျာရိုတောင် (Mt. Kilimanjaro) ဟာ အရမ်းမြင့်သလို မိုးနဲ့ ဆီးနှင်းတွေ အဆက်မပြတ် ရွာသွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်က ၇ နှစ်သမီး မွန်တားနားကင်နေး (Montannah Kenney) ကတော့ မိခင်ဖြစ်သူ ဟိုလီကင်နေး (Hollie Kenney) နဲ့အတူ အချိန်တစ်ပတ်အတွင်း ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တာပါ။

၂၀၁၃ ခုနှစ်က မွန်တားနားရဲ့ (၃)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး မကြာခင်အချိန်အတွင်းမှာပဲ သူ့ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်တာ ကမ္ဘာ့စံချိန်တင်ဖို့ဆိုတာထက် ဖခင်ကို အမှတ်တရ ဂုဏ်ပြုချင်တဲ့စိတ်က ပိုပြီး အဓိကကျတယ်လို့ မွန်တားနားက ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...