
သဘာဝ အလှများနှင့် ပြည့်နှက်နေသော ထမ်းဆမ်းလှိုဏ်ဂူ အကြောင်းကို တင်ပြပေးချင်ပါသည်။
ထမ်းဆမ်းလှိုဏ်ဂူသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှ (၂၆ မိုင်)
၄၂ ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။ တောင်ကြီးမြို့မှ အရှေ့ဘက်
တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ကားလမ်းအတိုင်း ၁၂ မိုင်ခန့်သွားလျှင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ရှိရာ ဟိုပုန်းမြို့သို့ရောက်ရှိပြီး
ဟိုပုန်းမြို့မှ နောက်ထပ် ၁၄ မိုင်ခန့်သွားမှ ထမ်းဆမ်းသဘာဝလှိုဏ်ဂူသို့ရောက်ရှိမည်
ဖြစ်ပါသည်။
ထိုထမ်းဆမ်းဂူကို ဟိုပုန်းကိုရင်လေးဟု အမည်ရသော ရှင်ပေါရိဿ မှအိမ်မက်အရ
စတင်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုကြပါသည်။
လှိုဏ်ဂူအမည်မှာ ရှမ်းဘာသာစကားဖြင့် ထမ်သည် ဂူဟု အဓိပ္ပါယ်ရပြီး
ဆမ်သည် ဆင်ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ဆင်ဂူဟု မြန်မာအဓိပ္ပါယ်ရပါသည်။
အမှန်မှာလည်း ဂူအတွင်းတွင် ဆင်ရုပ်များကဲ့သို့ သဘာဝအတိုင်းဖြစ်ပေါ်နေသော
ထုံးကျောက်တုံးများ များစွာတည်ရှိနေပါသည်။
ထို့ပြင်ကြီးမားကျယ်ပြန့်သော မြေအောက်လှိုဏ်ဂူကြီးနှင့် သဘာဝအတိုင်း ကျဆင်းနေသော
ကျောက်စက်ပန်းဆွဲအလှများ၊ ကျောက်စက်မိုးမျှော်အလှများကို မြောက်များစွာ
တွေ့ရှိရမည် ဖြစ်ပါသည်။အရောင်စုံ ၊ ပုံစံစုံ တစ်မူထူးစွာဖြင့် လှပစွာတည်ရှိနေပါသည်။

ထမ်းဆမ်းဂူသည် ပင်လယ်ရေမျက်နှာပြင် အထက် 1800 meter (ပေ ၆၀၀၀ နီးပါး)
အမြင့်တွင် တည်ရှိနေသော ထုံးကျောက် လှိုဏ်ဂူကြီး ဖြစ်ပါသည်။
အရှည်အားဖြင့်လည်း 6000 ပေ (1818 meters) ခန့်ရှည်သည်ဟု ဆိုကြပြီး
လှိုဏ်ဂူ၏ ၃ ပုံ ၁ ပုံခန့်သာ လူဝင်၍ ရသည်ဟု ဆိုပါသည်။ တကယ်တွင်လည်း
ထိုလောက်အရှည်ထိ မတွေ့ခဲ့ရပါ။ သို့ပေမယ့် လှိုဏ်ဂူ၏ အဆုံးဟု ဆိုသောနေရာသည်
သဘာဝ ရေထွက်ပေါက်တစ်ခု ရှိနေပြီး ဆည်ပုံစံ ပြုလုပ်ထားသည်ကို တွေ့ခဲ့ရပါသည်။
ထိုရေထွက်ပေါက်အတိုင်းဝင်၍ ရလျှင် မည်မျှလောက်ရှည်မည်ကို မသိရပါ။
၂၀၀၉ ခုနှစ်တွင် သူရဇ္ဇမဂ္ဂဇင်းအဖွဲ့သည် ထမ်းဆမ်းဂူကို ၀င်ရောက်လေ့လာခဲ့ပြီး
ဂူကို ပေ ၆၀၀၀ အထိရှင်းလင်းခဲ့ပြီး ဂူ၏အရှည်မှာ မပြီးဆုံးသေးကြောင်း
သူရဇ္ဇမဂ္ဂဇင်း အတွဲ ၉ အမှတ် ၁၀ တွင် ရေးသားခဲ့ဖူးပါသည်။

လှိုဏ်ဂူအ၀င်ဝ တွင်ပင် များစွာသော ကျောက်စက်ပန်းဆွဲများနှင့် လှပစွာ
တွေ့မြင်ရပြီး အ၀င်ဝ ကျောက်တိုင်များပေါ်တွင် မြင်းရုပ်များကို
လှပစွာ ထုလုပ်ထားပါသည်။

အ၀င်ဝနားတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၊ အလှူခံဌာနတို့ရှိပြီး
လှိုဏ်ဂူကို စတင်တွေ့ရှိပြီး ထိမ်းသိမ်းစောင့်ရှောက်ထားသော ဟိုပုန်းကိုရင်လေး
ရှင်ပေါရိဿ ဓာတ်ပုံ အကြီးကြီးကို ချိတ်ဆွဲထားပါသည်။

ထိုလှိုဏ်ဂူကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင်
အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် စတင် ဖွင့်လှစ်ခဲ့ပါသည်။
သို့သော် ၂၀၁၃ ခုနှစ်မတိုင်ခင် အထိ နယ်မြေအေးချမ်းမှုရှိသောဒေသတစ်ခု
အဖြစ် တရားဝင် မသက်မှတ်ရသေးသဖြင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ
လာရောက်မှုကို ကန့်သက်ခဲ့ပါသည်။ ထို့ကြောင့် ပြည်ပခရီးသွားများအနေဖြင့်
သိရှိမှု အားနည်းခဲ့ပြီး ပြည်တွင်းခရီးသွားများသာ လာရောက်မှုများခဲ့ပါသည်။
ထမ်းဆမ်းဂူ၏ သဘာဝအလှအပများသည် အခြားကမ္ဘာကျော် လှိုဏ်ဂူကြီးများကဲ့သို့ပင်
တည်ရှိနေပါသဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များ၏ အကြိုက်ဖြစ်မည်မှာ အမှန်ပါ။

သဘာဝအတိုင်းဖြစ်တည်နေသော အပေါ်အောက်ဆက်နေသော ထုံးကျောက်
တိုင်ကြီးများပါ။ထုထည်ကြီးမားစွာနှင့် အများအပြားတည်ရှိနေကြပါသည်။
အတွင်းသို့ ဆက်၍ ၀င်သွားလျှင် ကျယ်ဝန်းလှသော ခန်းမကျယ်ကြီးသဏ္ဍာန်
လှိုဏ်ဂူကြီးကို တွေ့ရပါမည်။
လှိုဏ်ဂူ၏ အမြင့်ဆုံးနေရာသည် ပေ ၆၀ ခန့် အထိရှိသည်ဟု သိရပါသည်။
အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့်ရှိပါသည်။
သို့သော် တိကျသော အရှည် ၊ အမြင့် ၊ အကျယ် အတိုင်းအထွာများ မသိရှိခဲ့ရပါ။
အင်တာနက်တွင်လည်းရှာဖွေရာတွင် လည်း မတွေ့ရပါ။
အ၀င်ဝရှိ အလှူခံဌာနတွင် တမ်းဆမ်းဂူ၏ သမိုင်းနှင့် အချက်အလက်စာအုပ်
ရမည်လားဟု မေးကြည့်ရာတွင် ယခုမှ စီစဉ်နေတုံးဟု သိရပါသည်။
ထိုစာအုပ်မျိုးထွက်ပေါ်လာပါက စာရင်းအတိအကျ သိရှိရမည်ဟု ထင်ပါသည်။
သိရှိကြသူများကလည်း ကျွန်တော်အားပြန်လည် ပြောပြကြစေ လိုပါသည်။
အသက်ဝင်နေသော လှိုဏ်ဂူတို့၏ ထုံးစံအတိုင်း ရေတစက်စက် ကျနေတာကို
ခံစားရမည်ဖြစ်သလို ၊ ရေကျသံ ၊ စီးဆင်းနေသံများကိုပါ ခံစားရပါသည်။
ဘုရားကျောင်းဆောင် သဏ္ဍန် သဘာဝအတိုင်းဖြစ်တည်နေပုံပါ...

လှပသော ထုံးကျောက်တိုင်များ...
ရွှေထီး ၊ ငွေထီးသဏ္ဍန် ဖြစ်တည်နေပုံ....
ထမ်းဆမ်းဂူမှ ကျောက်စက်ပန်းစွဲများသည် အဖြူရောင်တစ်မျိုးတည်း
မဟုတ်ပဲ အနီရောင် ၊ အ၀ါရောင်စသည်ဖြင့် တည်ရှိနေပါသည်။
ဂူအတွင်းလမ်းလျောက်နေရင်း အခြားဂြိုလ်ကမ္ဘာတစ်ခု သို့ရောက်ရှိနေသလို
ခံစားရစေပါသည်။

ဂူ၏အဆုံးသတ် ရေထွက်ပေါက်နေရာပါ။ ထိုနေရာမှ ရေများသည် ဂူအတွင်းသို့
ဘေးတစ်ဖတ်စီမှ ဖြတ်သန်းစီးဆင်းနေပါသည်။ ထိုရေထွက်ပေါက်နေရာမှ
အတွင်းမည်မျှလောက် လှိုဏ်ဂူ ရှည်သေးသည်ကို မသိရသေးပါ။

ဂူအ၀င်ဝအား ညနေစောင်းအချိန် မြင်ရပုံ...

ထမ်းဆမ်းဂူ တည်ရှိရာ မြေပုံပါ....
ထမ်းဆမ်းဂူသို့ သွားရာ ပအိုဝ်းဒေသ ရှုခင်းပါ...

ထမ်းဆမ်းဂူအတွင်း အမှတ်တရ...
ထို့ကြောင့် ထမ်းဆမ်းလှိုဏ်ဂူကြီးသည် သဘာဝကျောက်စက်ပန်းဆွဲများနှင့်
ထုံးကျောက်တိုင်များ များပြားစွာတည်ရှိပြီး ၊ ပုံစံစုံ ကြီးမားသော သဘာဝ
အလှအပများ ပြည့်နှက်နေသည့် လှိုဏ်ဂူတစ်ခုပင်ဖြစ်ပါသည်။
ထို့ပြင် သဘာဝအလှအပများကို ဆက်လက်ထိမ်းသိမ်းကာ ကမ္ဘာသိ လှိုဏ်ဂူကြီး
ဖြစ်အောင် ကြိုးစားရပါမည်။
သူငယ်ချင်းတို့အနေနှင့် စိတ်လက်အပန်းပြေပြီး သဘာဝအလှအပများကိုတ၀ကြီး
သွားရောက်ခံစားသင့်ပါကြောင်း တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..................
နေခရမ်း