သူ့အမည်က Dashrath Manjhi ။ ခွန်အားသုံးပြီး အလုပ်ကြမ်း လုပ်ခဲ့ရသည့် ကျောက်မီးသွေးမိုင်းတွင်း လုပ်သားတစ်ဦးပါ။ အိန္ဒိယနိုင်ငံ ၊ ဘီဟာပြည်နယ် Gehlaur ရွာကလေးမှာ နေပါတယ်။ သူငယ်ရွယ်စဉ်မှာ Falguni Devi ဟူသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး ဘ၀ကို အတူတကွ ရုန်းကန်ခဲ့ကြပါတယ်။

ဒါပေမယ့် Dashrath Manjhi ဘ၀မှာ နာကျည်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူချစ်ခင်ရတဲ့ ဇနီးဟာ အပြင်းဖျားရောဂါနှင့် သေဆုံးခဲ့ရပါတယ်။ တကယ်တော့ အနီးဆုံး ဆေးရုံကို အပို့ နောက်ကျခဲ့လို့ မသေသင့်ဘဲ သေခဲ့ရတာ ဖြစ်ပါတယ်။ သူနေထိုင်ရာ Gehlaur ရွာမှ အနီးဆုံး Wazirganj ကို ရောက်ရှိဖို့ ၅၅ ကီလိုမီတာ ဝေးပါတယ်။ အကြောင်းကတော့ သူရွာရှေ့ရှိ Gehlour တောင်တန်းကြီး ခံနေသဖြင့် ထိုတောင်တန်းကြီးကို တစ်ကွေ့တစ်ပတ်ကြီး ဖြတ်သွားရလို့ပါ။ ၅၅ ကီလိုမီတာ ဆိုပေမယ့် လမ်းကလည်း လမ်းကြမ်း ဆိုတော့ သွားရေးလာရေး ပိုခက်ခဲစေပါတယ်။

ဒီလို ခရီးလမ်းပန်း ကွေ့ကောက်ခက်ခဲနေလို့ သူ့ဇနီး မသေသင့်ဘဲ သေခဲ့ရတာကို Dashrath Manjhi တစ်ယောက် ယူကြုံးမရ အဖြစ်ဆုံးပါ။ ဒါကြောင့် သူဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့ဇနီးကို သေစေခဲ့သည့် ဒီခရီးလမ်းမှ တားဆီးနေတဲ့ တောင်ကြီးကို ဖြိုပြီး လမ်းအသစ်တစ်ခု ဖောက်ဖို့ပါ။ ဒါဆိုရင် သူတို့ရွာလေးကနေ မြို့ကို လွယ်လွယ်ကူကူ ဖြတ်နိုင်ပြီပေါ့။ တစ်ခြားရွာသားတွေအတွက်လည်း အဆင်ပြေမယ်။ နောက်ထပ်လည်း မသေသင့်ဘဲ သေရမယ့်သူတွေ မရှိတော့ဘူးပေါ့။

ဒါကြောင့်ပင် သူအလုပ်မှ အားလပ်ချိန်တိုင်း တူ ၊ သံစို့ချောင်း တို့ကို ယူပြီး တောင်ပေါ်တတ်ကာ တောင်ဖြိုခြင်း လုပ်ငန်းကို စတင်လုပ်ကိုင် ပါတော့တယ်။ ၁၉၆၀ ခုနှစ်မှာ စတင်ပြီး သူ့ရည်ရွယ်ချက်အတိုင်း လုပ်ခဲ့တာပါ။

မည်သည့် ခေတ်မှီကရိယာမှ မပါဘဲ တောင်ကို ဖြိုချနေသော သူ့ကို အခြားရွာသားများက ဘာလုပ်နေလဲ လာမေးကြပါတယ်။ တောင်ကို ဖြိုပြီး လမ်းဖောက်နေကြောင်းပြောတော့ သူ့ကို ရူးသွားပြီလား ပြောကြပါတယ်။ အချီးနှီးပဲ။ ဆက်မလုပ်ဖို့ ၀ိုင်းပြောကြပါတယ်။ ဒါပေမယ့် သူတော့ ရည်မှန်းချက် အတိုင်း တစ်နေ့ နည်းနည်း ဖြင့် ဖြိုချနေတုံးပါပဲ။

ရက် မှ လ ၊ လ မှ နှစ်တွေ ပြောင်းလာပေမယ့် သူ့ရဲ့တောင်ဖြိုခြင်း လုပ်ငန်းကတော့ မပြီးသေးပါဘူး။ လူတွေကလည်း သူ့ကို အချိန်ကုန် ၊ အားကုန်ခံပြီး ရူးလို့လုပ်နေတာဟု ထင်ကာ ကြည့်နေကြပါတယ်။

ဒါပေမယ့် တစ်နှစ် မှ ငါး နှစ် ၊ ငါး နှစ် မှ ဆယ်နှစ်အထိ ကြာလာတော့ သူ့လုပ်ရပ် ရုပ်လုံးပေါ်လာပါပြီ။ သူ့အနေဖြင့် တစ်နေ့ထက် တစ်နေ့ ရည်မှန်းချက် ပိုခိုင်မာသလို သူ့ကို ရူးနေတယ် ထင်တဲ့သူတွေကလည်း သူ့လုပ်ရပ်ကို သဘော ပေါက်လာကြပါပြီ။

ဒါပေမယ့် အချိန်အားဖြင့် ၂၂ နှစ်ကျော် ကြာပါတယ်။ နောက်ဆုံး တောင်ဖြို၍ လမ်းပေါက်ပြီးချိန်သည် ၁၉၈၃ ခုနှစ် ဖြစ်နေပါပြီ။ သူသည် Gehlour တောင်ကုန်းကို ဖြိုချကာ လမ်းဖောက်နိုင်ခဲ့ပါပြီ။ သူဖြိုချခဲ့တဲ့ တောင်ကုန်းသည် အရှည် ၁၁၀ မီတာ ( ၃၆၀ ပေ ) ရှိပါတယ်။ သူ့လမ်းသည် ၉.၁ မီတာ ( ပေ ၃၀ ) ကျယ်ပါတယ်။ တောင်ကို ၇.၆ မီတာ ( ၂၅ ပေ ) အနက် ဖြစ်အောင် ဖြိုချခဲ့ရတာပါ။

အကျိုးကျေးဇူးကတော့ အရင်က ၅၅ ကီလိုမီတာ ဝေးတဲ့ ခရီးကို ၁၅ ကီလိုမီတာပဲ ဝေးအောင် သူလုပ်နိုင်ခဲ့ပါတယ်။ အခုအချိန်တွင် ဒီလမ်းလောက်ကတော့ ခေတ်မှီစက်များဖြင့် ရက်ပိုင်းအတွင်း ပြီးအောင် လုပ်နိုင်တယ် ဆိုပေမယ့် ၁၉၆၀ ခုနှစ် များဆီက မည်သည့် စက်အကူအညီမှ မပါဘဲ တစ်ယောက်တည်း အားနဲ့ သူလုပ်ပြခဲ့တာပါ။ ပြီးတော့ သူအသုံးပြုခဲ့တဲ့အရာက တူ နှင့် စို့ သံချောင်းပဲ ဖြစ်ပါတယ်။

ချီးကျူးဖွယ်ကောင်းသည်မှာ စိတ်တတ်ကြွချိန်၌ လုပ်တာ မှန်ပေမယ့် ဒီလောက် ၂၂ နှစ်ကြာအောင် စိတ်ပျက်လက်မလျော့ဘဲ သူလုပ်နိုင်ခဲ့တာအံ့သြဖို့ ကောင်းပါတယ်။ အခုအချိန်မှာတော့ ဒီလမ်းလေးဟာ သူ့ရွာဝန်းကျင်အတွက် အဓိက အားထားရာ ဖြစ်လာပါပြီ။

၂၂ နှစ်ကြာပြီး နောက်မှာတော့ သူ့အတွက် ချီးကျူးဂုဏ်ပြုမှုတွေ ရောက်ရှိလာပါပြီ။ သူအား အစိုးရမှ ချီးကျူးဂုဏ်ပြု ခဲ့သလို သတင်းစာများမှာလည်း တစ်ခမ်းတနား ဖော်ပြလာခဲ့ ကြပါတယ်။ သူ့အကြောင့် ရုပ်သံ အစီအစဉ်တွေတင်မကဘဲ ရုပ်ရှင်ဇာတ်လမ်းများပင် ထုတ်လုပ်ပြသ ခဲ့ကြပါတယ်။ လူတိုင်းကလည်း သူ့ကို Mountain Man လို့ ဂုဏ်ပြု ခေါ်ဆိုကြပါတယ်။ တောင်ကိုဖြိုခဲ့သလို တောင်လိုပဲ စိတ်ဓာတ် မြင့်မားကြံခိုင်သူအတွက် ဒီအမည်က သင့်တော်ပါတယ်။

သူဟာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ၊ သူအသက် ၇၂ နှစ်ကျော်မှာ သေဆုံးခဲ့ပါတယ်။ သူသေဆုံးပေမယ့် သူဖောက်လုပ်ခဲ့တဲ့လမ်းကို သူ့အမည်ပေးကာ ဂုဏ်ပြုပေးထားပြီး အလွယ်တကူ သွားလာနိုင်ပြီဖြစ်သလို ၊ အခြားသူများကိုလည်း လောကမှာ စိတ်ဆန္ဒတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်ကြဖို့ လမ်းပြ ပေးနိုင်ခဲ့ပါတယ်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။