Wednesday, June 13, 2012

၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံးမျိုးစိတ် ၁၀ ခု


၂၀၁၁ ခုနှစ် အတွင်းတွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး မျိုးစိတ် ၁၀ ခုစာရင်းကို အပြည်ပြည်ဆိုင်ရာ မျိုးစိတ်လေ့လာရှာဖွေရေး အင်စတီကျုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ၊ အရီဇိုး နားပြည်နယ်တက္ကသိုလ်တွင် ရုံးစိုက်ထားသည့် ယင်းအဖွဲ့ကြီးသည် အထူးဆန်းဆုံးမျိုးစိတ် ၁၀ မျိုး စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့သည်မှာ ယခုအခါ ငါးနှစ်မျှ ရှိလာပြီဖြစ်သည်။

၂၀၁၁ ခုနှစ်စာရင်းတွင် ထူးခြားမှုအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိခဲ့သော နှာခေါင်းလန် မျောက်မျိုးစိတ်က နံပါတ် ၁ အဖြစ် ပါရှိလာခြင်းဖြစ်သည်။ ယနေ့ခေတ်သုံး အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အမည်နှင့် အမျိုးအစားခွဲခြားမှုစနစ်ကို တီထွင်ခဲ့သော ဆွီဒင်ရုက္ခဗေဒပညာရှင်  ကာလိုးလင်းနက်စ်၏ ၃၀၅ နှစ် မြောက်မွေးနေ့တွင် စာရင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

သိပ္ပံပညာရှင်များသည် သက်ရှိမျိုးစိတ် နှစ်သန်းနီးပါးကို တွေ့ရှိထားပြီးဖြစ်သော်လည်း ကမ္ဘာပေါ်တွင် မျိုးစိတ် ရှစ်သန်းနီးပါးမျရှိမည်ဟု ခန့်မှန်းထားကြသလို အချို့ကလည်း ၁၂ သန်းအထိရှိနိုင်သည်ဟု ဆိုကြသည်။



၁ ။ နှာခေါင်းလန်မျောက်(နှာချေမျောက်)(Rhinpithecus strykeri)

မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများပေါ်တွင် တွေ့ရသော ယင်းမျောက်မျိုးမှာ မျိုးသုဉ်း ပျောက်ကွယ်မည်ကို အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။ နှာခေါင်းလန်နေသောကြောင့် မိုးရွာချိန်တွင် ခေါင်းကို ၀ှက်ပြီးနေကြသည်။

၂ ။ ဘာနဲရာသေတ္တာရေခူပြား(Tamoya ohboya)

သေစေသည်အထိ အဆိပ်ပြင်းသော ရောင်စုံလက်တံရှည်များပါသည့် စွန်သဖွယ် လွင့်မျောနေတတ်သည့် ပုံမှန်ထက်ပိုပြားသော ရေခူတစ်မျိုးမှာ နယ်သာလန်ရှိ ဘာနဲရာကျွန်းတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။

၃ ။ မိစ္ဆာတီကောင်(Halicephalobus mephisto)

တောင်အာဖရိကရှိ တစ်မိုင်နီး ပါးနက်သည့် ရွှေတွင်းများတွင် တွေ့ရသည့် တီအမျိုးအစားတစ်မျိုးမှာ  တစ်လက်မ၏ အပုံ ၅၀ ပုံတစ်ပုံ သာရှိပြီး အဏုကြည့် မှန်ပြောင်းဖြင့်သာ မြင်နိုင်သလို ကြောက်မက်ဖွယ်အဆင်းရှိသည်။

၎ ။ ညပွင့်သစ်ခွ(Bulbophyllum nocturnum)

ပါပူအာနယူးဂီနီမှ ရှားပါးသစ်ခွမှာ ည ၁၀ နာရီဝန်းကျင်မှ ပွင့်လေ့ရှိပြီး နံနက်စောစောရောက်သည်နှင့် ပြန်ငုံသွားသည့် အပင်ဖြစ်ပြီး တွေ့ရှိသမျှထဲတွင် တစ်ခုတည်းသော ညပွင့်သည့် သစ်ခွဖြစ်သည်။

၅ ။ စပိန်မှကပ်ပါးနကျယ်ကောင်(Kollasmosoma sentum)

စပိန်တွင်တွေ့ရှိခဲ့သည့် ကပ်ပါးနကျယ်ကောင်မှာ တစ်စက္ကန့်၏ အပုံ ၂၀ ပုံလျှင် တစ်ပုံမျှသာ ကြာမြင့်သောအချိန်အတွင်း ပုရွက်ကျင်းအတွင်း ဥချနိုင်သည့် အကောင်ဖြစ်သည်။

၆ ။ မလေးရှားရေမြှုပ်မှို(Spongiforma squarepantsii)

မှိုဆိုသော်လည်း မှိုထက် ရေမြှုပ်နှင့်ပိုတူသော ယင်းမှိုကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ဖြင့်ဖျစ်ပါက ပိန်သွားပြီး ပြန်ဖောင်းလာသည့် ထူးဆန်းသည့် မှိုဖြစ်သည်။

၇ ။ နီပေါနွေဦးဘိန်းဝါ(Meconopsis autumnalis)

အမြင့်ပေ ၁၉၈၀၀ တွင် ပေါက်ရောက်သော ဘိန်းဝါများအကြောင်းကို ယခင်ကတည်းက သိခဲ့ကြသော်လည်း ပုံမှန်ဘိန်းများနှင့် မျိုးစိတ်မတူကြောင်းကို ယမန်နှစ်ကမှ ခွဲခြားဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

၈ ။ အကြီးဆုံးဆီသည်မကောင်(မီးရထားကောင်) (Cruifarcimen vagans)   

၆ ဒသမ ၃ လက်မမျှရှိသော ယင်းဆီသည်မကောင်(မီးရထားကောင်)မှာ ခြေနှစ်ချောင်းစီပါသော အဆစ် ၅၆ ဆစ်ရှိပြီး တွေ့ရှိသမျှထဲတွင် အကြီးဆုံး အရှည်ဆုံး ဖြစ်သည်။

၉ ။ လမ်းလျှောက်စောင်းကြမ်းကောင်(Diania cactiformis)

လွန်ခဲ့သော နှစ်သန်းပေါင်း ၅၂၀ ခန့်ကရှိခဲ့သော မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် မျိုးစိတ်ဝင် စောင်းကြမ်းပင်နှင့်တူသော အကောင်၏ ရုပ်ကြွင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၁၀ ။ ဆာဇီမာအမွေးထူပင့်ကူ (Pterinopelma sazimai) 

ဘရာဇီးနိုင်ငံရှိ တောင်ပေါ်လွင်ပြင်များတွင် တွေ့ရသော မျိုးစိတ်သစ်ပင့်ကူဖြစ်သည်။

Ref: LA Times,Daily Mail...............Eleven Media Group မှပြန်လည်မျှဝေပါသည်...

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...