Friday, June 1, 2012

အမေရိကန်နိုင်ငံမှ လူမနေတော့သည့် တစ္ဆေမြို့လေး

အမေရိကန်နိုင်ငံမှာ လူနေထိုင်ခြင်း မရှိတော့ဘဲ စွန့်ပစ်ထားသည့် မြို့များ များစွာရှိပါသည်။ Texas ပြည်နယ် တစ်ခုတည်းတွင်ပင် မြို့ပေါင်း ၂၀၀ လောက် စွန့်ပစ်ထားကြပါသည်။ ထိုကဲ့သို့မြို့များကို တစ္ဆေမြို့(Ghost Town) ဟုခေါ်ဆိုကြပါသည်။ ယခုတင်ပြမည့် St. Elmo မြို့လေးသည် အမေရိကန်နိုင်ငံတွင် အကောင်းအတိုင်းနီးပါး ကျန်ရှိနေသေးသည့် လူသူနေထိုင်ခြင်း မရှိတော့သော တစ္ဆေမြို့လေးအဖြစ် ကျော်ကြားလူသိများလှပါသည်။

St. Elmo ဟုအမည်ရသည့် တစ္ဆေမြို့လေးသည် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တွင် တည်ရှိပါသည်။ ထိုမြို့ကလေးကို ၁၈၈၀ ပြည့်နှစ်လောက်တွင် ရွေ့ပြောင်းနေထိုင်သူများက စတင်တွေ့ရှိ နေထိုင်ခဲ့ကြပါသည်။ ထိုမြို့လေးသည် ဆယ်စုနှစ်ကျော်ကြာပြီးနောက် လူဦးရေ တဖြည်းဖြည်း တိုးပွားလာပါသည်။ ဒါကလည်း ထိုဒေသရှိ ရွှေတွင်း ၊ ငွေတွင်း မိုင်းလုပ်ငန်းများကြောင့် ဖြစ်ပြီး လူဦးရေ ၂၀၀၀ လောက် အခြေချ နေထိုင်ခဲ့ကြပါသည်။

St. Elmo မြို့လေး စည်ကားစဉ်အခါက မြို့ကလေးတွင် အုပ်ချုပ်ရေးရုံးများ ၊ အထွေထွေစတိုးဆိုင်ကြီး ၊ မြို့တော်ခန်းမ ၊ ဟော်တယ် ၊ ကျောင်း ၊ တယ်လီဂရက်သတင်းစာရုံးခွဲ ၊ အကခန်းမ ၊ ချာခ်ျ ဘုရားကျောင်း ၊ ဒေသတွင်း သတင်းစာတိုက် နှင့် အခြားမြို့အင်္ဂါရပ်နှင့်အညီ အဆောက်အဦများ ဖွင့်လှစ်ထားခဲ့ကြပါသည်။ ရထားလမ်းလည်း တည်ရှိပြီး ရထား လမ်းများ အားလုံးသည်မြို့ရဲ့ အလယ်တည့်တည့်ကို ဖြတ်သန်းသွားပါသည်။


သို့သော် St. Elmo မြို့လေးသည် ၁၉၂၀ ပြည့်နှစ်လောက်တွင် မိုင်းလုပ်ငန်း ကျဆင်းလာပြီး ၁၉၂၂ ခုနှစ်တွင် မီးရထားလမ်းကို ပိတ်ပစ်ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ မြို့လေးတွင် နေထိုင်သူများ ကျဆင်းလာကာ တဖြည်းဖြည်း ခြောက်သွေ့လာခဲ့ရပါသည်။ လူသူနေထိုင်ခြင်း မရှိတော့သည့် အဆောက်အဦဟောင်းလောင်းများသာ တည်ရှိနေတော့ပြီး မြို့လေးသည် ကြောက်မတ်ဖွယ် ဖြစ်လာစေပါသည်။ ထိုမြို့လေးသည် ကော်လိုရာဒိုပြည်နယ်၏ သမိုင်းဆိုင်ရာ အမွေအနှစ်မြို့လေးအဖြစ်သို့ အသိအမှတ်ဲပုလာခဲ့ကြပါသည်။

ထိုကဲ့သို့ လူနေထိုင်ခြင်း မရှိတော့ဘဲ တစ္ဆေမြို့လေးအဖြစ် ကျော်ကြားလာခဲ့ပြီးနောက် ယခုတဖန် ခရီးသွားများ၏ တကူးတက လည်ပတ်စရာ နေရာတစ်နေရာ အဖြစ်ပြန်လည်ရောက်ရှိလာပါသည်။ ဒါကလည်း ထိုမြို့လေးတွင် ရှိသော အဆောက်အဦတော်တော်များများသည် မူလအတိုင်း မပျက်မစီး တည်ရှိနေသောကြောင့် ဖြစ်ပါသည်။ ကော်လိုရာဒို ပြည်နယ်၏ အကောင်းဆုံး မူလအတိုင်းတည်ရှိနေသော တစ္ဆေမြို့လေးအဖြစ် သတ်မှတ်ထိမ်းသိမ်းထားပါသည်။

ထိုတစ္ဆေမြို့လေးတွင် ရထားလမ်းပျက်များ ၊ ပိတ်ဆို့နေပြီး လူသူအသုံးမပြုတော့သည့် လမ်းများ ၊ အဆောက်အဦးများကို တွေ့မြင်ရမှာပါ။ ထို့ပြင် အထွေထွေစတိုးကိုလည်း ခရီးသွားများလာရောက်တတ်သည့် နွေရာသီတွင် ဖွင့်လှစ်ထားပါသည်။ အချို့သောအဆောက်အဦးများကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ ပြန်လည်ပြုလုပ်ထားပါသည်။ ၂၀၀၂ ခုနှစ်တွင် မြို့တော်ခန်းမနှင့် အဆောက်အဦအချို့ မီးလောင်ခဲ့သဖြင့် ထိန်းသိမ်းရေးအဖွဲ့မှ ပြန်လည်တည်ဆောက်ပေးထားပါသည်။ သို့ပေမယ့် အဆောက်အဦ တော်တော်များများသည် မူလလက်ရာအတိုင်း ကျန်ရှိနေပါသည်။

ယခုအခါ St. Elmo တစ္ဆေမြို့လေးသည် အမေရိကန်နိုင်ငံ၏ ကျော်ကြားသော စွန့်ပစ်ထားသည့် တစ္ဆေမြို့အဖြစ် တည်ရှိနေပြီး ခရီးသွားများလာရောက်တတ်သည့် အချိန်မျိုးမှလွဲ၍ ကျန်အချိန်များတွင် လူသူကင်းမဲ့ကာ ခြောက်သွေ့နေမြဲပင် ဖြစ်ပါသည်။









Jun 1, 2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...