Saturday, January 5, 2013

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ


စင်ကာပူ ဇန်နဝါရီ ၃
စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက်အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။
အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ် အပါအဝင် စုစုပေါင်း အထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက် အအုံကို Premium မော်တော်ကား ကုမ္ပဏီမှ  အမေရိကန် ဒေါ်လာ သန်း  ၇ဝ အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်း Audi ကားအရောင်း ပြခန်းသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်းများတွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်ရုံ သာမက အဆောက်အအုံ မျက်နှာစာကို Audi အမှတ် အသားများ ပုံစံ   အလူမီနီယံ ကွက်များဖြင့် တန်ဆာဆင် ထားသောကြောင့် အဆောက်အအုံ အတွင်းရှိ ကားများ ခင်းကျင်း ပြသထားသည်ကို အပြင်မှ နေ၍ ဖောက်ထွင်း တွေ့မြင်နိုင်သည်။
အဆိုပါ ကားအရောင်း ပြခန်းကို အကျယ်အဝန်း ဧရိယာ ၃၃ဝဝဝ စတုရန်း ပေရှိသော မြေပေါ်တွင် တည်ဆောက်ထား၍ ၄င်းအဆောက်အအုံ အထပ်တစ်ထပ်ရှိ ကားအရောင်း ပြခန်း တစ်ခုတွင် ကားအစီးရေ ၃၅ စီးကျော်ကို ခင်းကျင်း ပြသနိုင်သည်။ ထို့အပြင် အဆောက်အအုံ၌ ကားအသစ်များ ထားရှိရာ နေရာအပြင် ကားများကို လာရောက် ဝယ်ယူ ကြည့်ရှုသူများ အပန်းဖြေ နိုင်စေရန် နားနေဆောင်များ၊ ကားဝပ်ရှော့ (အလုပ်ရုံ)များနှင့် ရုံးခန်း များလည်း ပါဝင်သည်။
အဆောက်အအုံ အထပ်တိုင်းရှိ ကားအရောင်း ပြခန်းများ ဆီသို့ ကားများ အလွယ်တကူ တင်ဆောင် နိုင်ရန် မော်တော်ကားတင် ဓာတ်လှေကား နှစ်စင်းနှင့် လူများ အတက်အဆင်း ပြုလုပ်နိုင်ရန် စက်လှေကား တစ်စင်း တပ်ဆင် ထားသည်။ မြေအောက်ထပ်တွင် ကားဆားဗစ် စင်တာ တစ်ခုနှင့် ကားရပ်ရန် နေရာများ ထားရှိထားသည်။ Audiကား အရောင်းအဝယ် ဈေးကွက်တွင် စင်ကာပူ နိုင်ငံသည် အဓိက ကျသော မဟာဗျူဟာမြောက် ဈေးကွက် တစ်ခုဖြစ်ပြီး premium မော်တော် ကားကုမ္ပဏီသည် Audi အမှတ်တံဆိပ် ကားများကို  တရားဝင် ရောင်းဝယ်ခွင့် ရရှိထားသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...