Thursday, January 3, 2013

ထူးထူးခြားခြား ကြက်မ တစ်ကောင်က မီးလောင်မှုကို သတိပေး

ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု အဖြစ် အမေရိကန် နိုင်ငံ ဝစ်ကွန်စင်ပြည်နယ် မီလ်ဝေါ့ခ်ကီ မြို့ရှိ ဇနီး မောင်နှံတို့ မွေးမြူထားသည့် ကြက်တစ်ကောင်ကြောင့် ၎င်းတို့ နေအိမ်နှင့် ကားများမီးလောင်မည့် ဘေးအန္တရာယ်မှ ကင်း လွတ် ခဲ့ရသည်။ 
အသက် ၅၉ နှစ်ရှိ ဒင်းနစ်မူရော့စ်ကာနှင့် ၎င်း၏ဇနီး ဆူဆန်ကော့တေး အသက် ၅၂ နှစ်တို့ မွေးမြူထားသည့် ''ကွတ်ကွတ်''ဟု အမည် ပေးထားသော
အိမ်မွေး ကြက်တစ်ကောင်က နံနက် ၆ နာရီ ၁၅ မိနစ် အချိန်ခန့် တွင် နှစ်ထပ်အိမ် မြေအောက်ထပ်ရှိ ၎င်း၏ လှောင်အိမ်အတွင်းမှ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး အော်ဟစ်မှုကြောင့် ဆူဆန်က သံသယဖြစ်ပြီး ထကြည့်ရာမှ မီးလောင်နေသည်ကို အချိန်မီ သိရှိပြီး မီးဘေး အန္တရာယ်မှ ကင်းလွတ်ခဲ့သည်။
မီးသတ်သမား များက မြေအောက်ထပ်ရှိ ကြက်လှောင်အိမ် အတွင်း၌ ကြက်နှင့် ကြောင်တစ်ကောင်တို့ အသက်ရှင်လျက် တွေ့ရှိခဲ့သည်။ မီးမှာ အိမ်နှင့် ကပ်လျက်ရှိသော မော်တော်ကားရုံရှိ စတိုခန်းမှ စတင် လောင် ကျွမ်းခဲ့ခြင်း ဖြစ်သော်လည်း အိမ်မွေးကြက် ကွတ်ကွတ်ကြောင့် နေအိမ်နှင့် ကားများ အပါ အဝင် အခြေအနေ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှု မရှိခဲ့ကြောင်း တွေ့ရသည်။
မီးဘေး သတိပေးသော ကြက်မ ကွတ်ကွတ်အား မင်နီပိုလစ် အရှေ့ဘက် ၁၃၅ မိုင်အကွာရှိ အယ်လ်မာ မွေးမြူရေး စခန်းရှိ ဥကုန်နေသော ကြက်မများ အနက်မှ ရွေးချယ်၍ မွေးမြူခဲ့ခြင်း ဖြစ်သည်။ ၎င်းကြက်မ၏ ခြေထောက် တစ်ဖက်တွင် ခြေချောင်းငယ် တစ်ချောင်း အပိုပါရှိပြီး အိမ်မွေးကြက် အဖြစ် လှောင် အိမ်ဖြင့် မွေးမြူခဲ့သည်။ ဆူဆန်က ကွတ်ကွတ်ကို အအေးပိုသော ညများတွင် မြေအောက်ခန်း အတွင်း ထားရှိ ခဲ့ရာမှ ယခုကဲ့သို့ မတော်တဆ မီးလောင်မှု အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။ အများအားဖြင့် ထူးခြားပါက ကြောင် များနှင့် ခွေးများသာ ထူးခြားသော အသံပြုကြ သော်လည်း ယခုကဲ့သို့ ကြက်မ တစ်ကောင်က ထူးထူးခြားခြား အော်သံပြုပြီး ၎င်း၏ အိမ်ရှင်အား မီးဘေးမှ ကယ်တင်မှုမှာ အံ့ဖွယ်ဖြစ်ရပ်ပင် ဖြစ်ပါသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...