Saturday, February 23, 2013

ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူးများ ဖန်တီးထားသော ဧရာမ ထမင်းကြော် ပွဲကြီး ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန်တင်


ဆန်ဟိုဆေး  ဖေဖော်ဝါရီ  ၂၁
ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူး များသည် တရုတ်ရိုးရာ မြွေနှစ်သစ်ကူး အခါ သမယကို ကြိုဆိုသည့် အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်က ဧရာမ ထမင်းကြော် ပွဲကြီးကို ဖန်တီး ကြော်လှော်၍ ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထမင်းကြော် ပွဲကြီးသည် လူပေါင်း ၇ဝဝဝ ခန့် လုံလောက်စွာ စားသုံး နိုင်လောက်အောင် ကြီးမား များပြား ခြင်းကြောင့် ဂင်းနစ် စံချိန်တင် အဖွဲ့မှ စုံစမ်း စစ်ဆေးရေး အရာရှိ တစ်ဦး ဖြစ်သူ  ဘရစ်တွန် ရက်ဖ်ဟန်နက်က ကမ္ဘာ့ အကြီးဆုံး ထမင်းကြော် ပွဲကြီး အဖြစ် တရားဝင် ထုတ်ပြန် ကြေညာ ခဲ့သည်။
၎င်း ထမင်းကြော် ပွဲကြီး၏ အလေးချိန်သည် ၁၈၄၅ ပေါင်ရှိပြီး ယခင် ကမ္ဘာ့စံချိန် တင်ခဲ့သော ထမင်းကြော် ပွဲကြီး၏ နှစ်ဆ နီးပါးမျှ ရှိသည်။
အဆိုပါ ထမင်းကြော်ကို ဖန်တီး ကြော်ချက်ရာတွင် စားဖိုမှူး ၅၂ ဦးသည် ဂေါ်ပြားအရွယ် ဇွန်းကြီးများကို အသုံးပြု၍ ဇောက်နက် ဒယ်အိုးကြီး အတွင်း အားသွန်ခွန် စိုက် မွှေနှောက် ကြော်လှော် ခဲ့ရသည်။
ထိုသို့ ကြော်လှော်ရာတွင် ထမင်း ၇၃၅ ကီလိုဂရမ်ကို ကြက်သား ၂ဝဝ ကီလိုဂရမ်၊ ဝက်ပေါင်ခြောက် ၁၂ဝ ကီလိုဂရမ်၊ ဝက်အူချောင်း ၂ဝ ကီလိုဂရမ်၊ ကြက်ဥ ရာပေါင်း များစွာနှင့် အသင့် ပြင်ဆင် ထားသည့် ဟင်းသီး ဟင်းရွက် အမြောက် အမြားကို အသုံး ပြုခဲ့ရကြောင်း သိရသည်။
၎င်း ထမင်းကြော် ပွဲကြီးကို ဖန်တီးရန် ကိုစတာရီကာ နိုင်ငံရှိ တရုတ်လူမျိုးများ အသင်းက စိတ်ကူး ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထမင်းကြော်ကို ကြော်လှော်ရာတွင် ပူးပေါင်း ကူညီ ပေးခဲ့သူ ဂေါ့ဝင်းပန်က ပြောကြားထား သည်။
ကိုစတာရီကာ နိုင်ငံရှိ တရုတ် ဒေသခံ အများစုသည် စားသောက်ဆိုင် လုပ်ငန်းရှင်များ ဖြစ်ကြပြီး နိုင်ငံ တစ်ဝန်းရှိ မြို့ငယ် လေးများ အတွင်း၌ တရုတ် စားသောက်ဆိုင် များကို ဖွင့်လှစ် ထားကြကြောင်း သိရသည်။
ယခုတစ်ကြိမ် စံချိန် တင်နိုင် ခဲ့ခြင်းသည် ကိုစတာရီကာ နိုင်ငံအဖို့ ကမ္ဘာ့ စံချိန်တင် မှတ်တမ်း စာရင်းတွင် ပထမ ဦးဆုံး စာရင်း ဝင်ခဲ့ခြင်း ဖြစ်ကြောင်း လက်တင် အမေရိက အတွက် ဂရင်းနစ် စံချိန်တင် ကိုယ်စား လှယ် ပန်က ပြောကြား ထားသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...