Monday, February 13, 2017

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ အကြောင်းကို အမှတ်စဉ် (၁)မှ (၁၅)
အထိတင်ပြချင်ပါတယ် ။ မှတ်တမ်းတွေက တစ်ခုနှင့်တစ်ခု အနည်းငယ် ကွဲလွဲမှု
တွေရှိပါတယ်။ ဒါကလည်း နောက်ဆုံးတည်ဆောက်မှုတွေ တစ်ခုပြီးတစ်ခု တိုးလာ
လို့ ပါ။ အခုဒီပိုစ့်ဟာလည်း နောင် နှစ်များမှာဆိုရင် ကွဲလွဲမှုတွေ ရှိလာအုံးမှာပါ။
ယခင်ပိုစ့်အဟောင်းကို ယခု ၂၀၁၇ ခုနှစ်အတွက် ပြန်လည်ပြင်ဆင်စုစည်းပြီး
ထပ်တင်ပေးလိုက်ပါတယ်။

သူငယ်ချင်းတို့ဆက်ပြီး ကြည့်လိုက်ကြပါအုံးနော်...

(၁) Burj Khalifa

၂၀၁၀ ထဲက ကမ္ဘာ့အမြင့်ဆုံးလို့စာရင်းဝင်ထားတာပါ။  21 September 2004 မှာ
စတင်တည်ဆောက်ခဲ့ပြီး 1 October 2009 မှာတော့ ပြီးစီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်တာကတော့ 4 January 2010 မှပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမှာ
တည်ရှိပြီး 828 m (သို့) 2,717 ပေ မြင့်ပါတယ်။ ၁၆၃ ထပ်ရှိပါတယ်။

(၂) Shanghai Tower


တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦများ
စာရင်းတွင် ဒုတိယမြောက်ဖြစ်ပါတယ်။ 632 m (သို့) 2,073 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၂၈ ထပ်ရှိပါတယ်။ ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်
ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ တွင် တရားဝင်ဖွင့်လှစ် ခဲ့ပါသည်။
(၃) Makkah Royal Clock Tower Hotel

ဆော်ဒီအာရေဗျ နိုင်ငံ  Mecca မြို့မှာတည်ရှိပါတယ်။ 601 m (သို့)
1,971 ပေမြင့်ပါတယ်။ ၁၂၀ ထပ် ရှိပါတယ်။ ၂၀၀၄ မှာ စတင်ခဲ့ပြီး
၂၀၁၂ မှာ တည်ဆောက်ပြီးခဲ့ပါတယ်။ ဒီအဆောက်အဦး ဟာ ကမ္ဘာ့အမြင့်ဆုံး
နာရီစင် အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး နာရီမျက်နှာပြင်
တည်ရှိရာဖြစ်ပြီး ကမ္ဘာ့အကျယ်ဆုံး အောက်ခြေ ဧရီယာ တည်ရှိရာ
အဆောက်အဦး တစ်ခုလည်းဖြစ်ပါတယ်။ ဟော်တယ်အဖြစ် ပေါင်းစပ်
တည်ဆောက်ထားပါတယ်။

(၄) Ping An Fiance Centre

၂၀၁၆ ခုနှစ်မှ ပြီးစီခဲ့သဖြင့် နောက်ဆုံး စာရင်းအသစ်ထည့်သွင်းရသည့်
အထပ်မြင့် အဆောက်အဦများတွင် တစ်ခုအပါအ၀င်ပါ။ တရုတ်နိုင်ငံ ၊
Shenzhen တွင် တည်ရှိပြီး 599 m (သို့) 1,965 ပေမြင့်ပါတယ်။
အထပ်ပေါင်း ၁၁၅ ထပ် ရှိပါတယ်။ 
 
(၅) Lotte World Tower

တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး ၂၀၁၆ ခုနှစ်ကမှ
ပြီးစီးခဲ့ပါတယ်။ ကမ္ဘာအမြင့်ဆုံး အဆောက်အဦးများစာရင်းတွင်
ပဉ္စမမြောက် ဖြစ်ပါတယ်။ 554.5 m (သို့) 1,819 ပေမြင့်ပါတယ်။
အထပ်ပေါင်း ၁၂၃ ထပ် ရှိပါတယ်။ ဒီမိုးမျှော်တိုက်ကြီးရဲ့ အထပ်
အရေအတွက်ဟာ အမှတ်စဉ် ၃ နဲ့ ၄ ထက် ပိုများနေပါတယ်။

(၆)  One World Trade Center

အမေရိကန်နိုင်ငံ နယူးယောက်မှာတည်ရှိပါတယ်။ 541.3 m (သို့) 1,776 ပေ
မြင့်ပါတယ်။ ၂၀၀၆ ထဲက ဆောက်နေပြီး ၂၀၁၄ မှာ ဖွင့်နိုင် ခဲ့ပါတယ်။
၁၀၄ ထပ်ရှိပါတယ်။

(၇) CTF Finance Centre

၂၀၁၆ ခုနှစ်မှ ပြီးစီးခဲ့သည့် တရုတ်နိုင်ငံ ၊ Guangzhou တွင် တည်ရှိပါသည်။
530 m (သို့) 1,739 ပေ မြင့်ပါတယ်။ အထပ်ပေါင်း ၁၁၁ ထပ် ရှိပါတယ်။

(၈) Taipei 101

ထိုင်ဝမ်မှာ တည်ရှိတာပါ။ 508 m (သို့) 1,667 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၀၁ ထပ်ရှိပါတယ်။ ဒီအဆောက်အဦးဟာ ၁၉၉၉ မှာ စတင်
ခဲ့ပြီး ၂၀၀၄ မှာပြီးစီးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှ စကာ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့
အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားဖူးပါတယ်။

(၉) Shanghai World Financial Center

တရုတ်နိုင်ငံ မှာတည်ရှိပြီး ၁၀၁ ထပ်မြင့်ပါတယ်။
492 m (သို့) 1,614 ပေ မြင့်ပါတယ်။ ၁၉၉၇ မှာ စဆောက်ပြီး
၂၀၀၈ မှာ ပြီးစီးခဲ့ပါတယ်။

(၁၀) International Commerce Centre

ဟောင်ကောင်မှာတည်ရှိပြီး ၁၁၈ ထပ်မြင့်ပါတယ်။
484 m (သို့) 1,588 ပေမြင့်ပါတယ်။ ၂၀၀၂ မှာ စပြီး ၂၀၁၀ မှာ
ပြီးစီးခဲ့ပါတယ်။

(၁၁) Petronas Tower(၁) နှင့် (၂)

မျှော်စင်ညီနောင်အဖြစ် ကျော်ကြားလူသိများတဲ့ အဆောက်အဦတွေပါ။
မလေးရှားနိုင်ငံမှာ တည်ရှိပြီး တစ်ခုစီအမြင့်ဟာ 452 m (သို့) 1,483 ပေ
မြင့်ပါတယ်။ ၈၈ ထပ်စီ ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့ဖူးသော World Trade Center
မျှော်စင်ညီနောင် လေယာဉ်ဖြင့် အတိုက်ခံခဲ့ရတဲ့ ၂၀၀၁ ခုနှစ် မှ စကာ
Taipei 101 မရှိခင် ၂၀၀၄ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး ဖြစ်ခဲ့ပါသေးတယ်။

(၁၃) Zifeng Tower

အမှတ်စဉ် (၁၁)မှာ မျှော်စင်ညီနောင် ဖြစ်နေလို့ ဒီမိုးမျှော်တိုက်ကြီးကို
ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦများစာရင်းတွင် နံပါတ်(၁၃) ဖြစ်သွားပါတယ်။
တရုတ်နိုင်ငံ မှာပဲတည်ရှိတာပါ။ 450-metre (1,476 ပေ) မြင့်ပါတယ်။
၈၉ ထပ်ရှိပါတယ်။ ၂၀၀၅ မှ ၂၀၁၀ ထိတည်ဆောက်ခဲ့ပါတယ်။

(၁၄) Willis Tower

အမေရိကန် ၊ ချီကာဂို မှာတည်ရှိပါတယ်။ 442 m (သို့) 1,451 ပေမြင့်ပါတယ်။
ဒီစာရင်ထဲမှာတော့ သက်တမ်းအရင့်ဆုံးပါပဲ။ ၁၉၇၀ မှစတင်ခဲ့ပြီး ၁၉၇၄ မှာ
ပြီးစီးခဲ့ပါတယ်။ ၁၀၈ ထပ်ရှိပါတယ်။

(၁၅) Kingkey 100

တရုတ်နိုင်ငံ မှာ တည်ရှိပြီးတော့ 442 m (သို့) 1,449 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၀၀ ရှိပြီး ၂၀၀၇ မှစတင်တည်ဆောက်ကာ ၂၀၁၁ မှာ
ပြီးစီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သူငယ်ချင်းတို့ ဒီလောက်ဆိုရင် ကျေနပ်လောက်မှာပါ။ ဒီစာရင်းထဲမှာ
အထိမ်းအမှတ်အတွက် တည်ဆောက်လေ့ရှိကြတဲ့ မျှော်စင်တွေကို မထည့်ထားပါဘူး။
ရှုပ်သွားမှာ စိုးလို့ပါ။ နောင်စိတ်ဝင်စားကြရင် ထပ်တင်ပေးပါ့မယ်။ မြန်မာပြည်က
အဆောက်အဦးတွေကတော့ မပါဘူးဗျ။ wiki မှာလည်း အထပ် ၅၀ ကျော်မှ စာရင်း
သွင်းတယ်နဲ့တူပါတယ်။ နောက်ဆိုရင်တော့ ပါလာနိုင်မှာပါ......
Apr 3, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...