Wednesday, January 8, 2014

လူစွန့်စားတို့ကို စိန်ခေါ်နေသည့် သဘာဝ ကျောက်သားတိုင်ကြီး

ဩစတြေးလျ နိုင်ငံရှိ ကျောက်ဆောင်တစ်ခုသည် တိုင်ချောင်းကြီးတစ်ချောင်း အဖြောင့်အတိုင်း စိုက်ထူထားသည့်ပမာ သဘာဝအတိုင်း တည်ရှိနေသည်။ ပင်လယ်ကမ်းစပ် ကျောက်ဆောင်များအနီး၌ ငွားငွားစွင့်စွင့် ရပ်တည်နေသည့် တည်ဆောက်ပုံ ထူးခြားလှသည့် အဆိုပါ ကျောက်တုံးကြီးကို တိုတမ်တိုင်လုံးဟု နာမည်ပေးထားပြီး လူစွန့်စားများ မျက်စိအကျဆုံး နေရာတစ်ခု အနေဖြင့်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။

အမြင့်ပေ (၂၁၀)ရှိသော ကျောက်တုံးကြီး၏ ဖြောင့်မတ်စွာ တည်ရှိနေမှုတွင် လူသားတို့ ပုံသွင်းထုဆစ်မှု လုံးဝ မပါချေ။ ဩစတြေးလျ တောင်ဘက်စွန်း၊ တက်စ်မေးနီးယားကျွန်းရှိ ဟေအွိုင်ပင်လယ်ကွေ့တွင် တည်ရှိသော အဆိုပါ ကျောက်ဆုံးကြီးသို့ နှစ်စဉ် လူစွန့်စား ရာပေါင်းများစွာ လာရောက်ပြီး ကုတ်တွယ်တက်လေ့ ရှိကြသည်။ အချို့ကလည်း ယင်းကျောက်တိုင်ကြီးနှင့် အနီးရှိ ကမ်းပါးစောက်တို့ကို ကြိုးသွယ်တန်းကာ ပေ(၂၁၀)အမြင့်တွင် ကောင်းကင်ကြိုးတန်း လမ်းလျှောက်ပြပြီး အစွမ်းပြကြကြောင်း သိရသည်။ ဩစတြေးလျ ဓာတ်ပုံဆရာ ဆိုင်မွန်ကာတာသည် အဆိုပါ အသည်းအေးစရာ စွန့်စားမှုများကို မှတ်တမ်းမှတ်ရာကောင်းများအဖြစ် ဓာတ်ပုံများ ရိုက်ယူခဲ့သူ ဖြစ်သည်။

အသက်(၄၇)နှစ်ရှိ ဆိုင်မွန်က "တကယ်တော့ ဒီသဘာဝ ကျောက်တိုင်ကြီးဟာ တောင်တက်သမားတွေအတွက် ရုပ်ပိုင်းရော၊ စိတ်ပိုင်းအရပါ စိန်ခေါ်နေတဲ့ သဘာဝ စစ်တလင်းကြီးပါပဲ။ ပြီးတော့ တောင်တက်သမားတွေအတွက် ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး သဘာဝ ကျောက်သား ဖွဲ့စည်းတည်ရှိမှုမျိုးလည်း ဖြစ်နေတယ်"ဟု ရှင်းပြခဲ့သည်။ တိုတမ်တိုင်လုံးကြီးသည် ပုံသဏ္ဍန် အရသာ မကဘဲ ကျောက်သားအနေအထား အရလည်း တောင်တက်သမားတို့ အကြိုက်တွေ့မည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

"တောင်တက်သမားတွေ တော်တော်သဘောကျတဲ့ ကျောက်သားဖွဲ့စည်းပုံမျိုး ရှိနေတယ်။ (၁၉၉၅)မှာ ကျွန်တော် တိုတမ်တိုင်လုံးကြီးကို ပထမဆုံး မြင်ဖူးတော့ ဓာတ်ပုံရိုက်လို့ သိပ်ကောင်းမယ်ဆိုတာ တွေးမိခဲ့တယ်။ ဒါပေမဲ့ လူတွေရဲ့ စွန့်စားမှု အရိပ်အငွေ့တွေ ဖုံးလွှမ်းနေတဲ့ ခုလိုပုံရိပ်မျိုးကတော့ ပိုပြီး နိုးကြွနေသလို ခံစားမိပါတယ်"ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။
ref: planet.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...