Wednesday, January 25, 2017

သဘာဝတောတောင်ရေမြေအလှများရှိရာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်

မြန်မာနိုင်ငံ၏ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည်
ပထမဆုံး အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်သတ်မှတ်ခံရသော
နေရာတစ်နေရာဖြစ်ပါသည်။ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
ထိန်းသိမ်းစောင့်ရှောက်ထားသလို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး
ပြည်သူများ သွားရောက်ဖူးမျှော်တတ်သဖြင့် လူသိများကျော်ကြားသော
နေရာဌာနတစ်ခုပင် ဖြစ်ပါသည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့မှ အနောက်မြောက်ဘက် မိုင် ၆၀ ကျော်အကွာ ကနီမြို့နယ်
အတွင်း သစ်တောကြိုးဝိုင်းဧရိယာ၌ တည်ရှိနေပါသည်။ လူအများသွား
ရောက်ဖူးမျှော်ကြသော အလောင်းတော်ကဿပရုပ်ပွားတော်မြတ်သည်
ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည် ဝေဘူလ ဝေဘာရ သုနန္ဒရ
တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏ လက်တက်ဖြစ်သော
အထက်ချောင်းဖျားတစ်နေရာ စမ်းချောင်းလေးဘေး လှိုဏ်ဂူတော်တစ်ခုတွင်း
Latitude - 22°18´ 46.37"
Longitude - 94°27´ 58.33" မှာ
ကိန်းဝပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါသည်။

အမျိုးသားဥယျာဉ်ကြီးသည် ၃၄၆၆၃၉ ဧက ကျယ်ဝန်းပြီး
အဖိုးတန်သစ်များ ၊ ဆင် စသော တောရိုင်းတိရိစ္ဆာန် ၃၉ မျိုး နှင့်
ငှက်မျိုးစိတ် ၄၆၈ မျိုး ကျက်စားရာ ဘေးမဲ့ဥယျာဉ်ကြီး ဖြစ်ပါသည်။


မုံရွာမြို့မှ ဖြစ်စေ ၊ ကနီမြို့မှ ဖြစ်စေ သွားရောက်နိုင်ပြီး တောတောင်
လမ်းများကို ဖြတ်သန်းသွားရောက်ရမည် ဖြစ်ပါသည်။ တောတောင်
များအတွင်း တည်ရှိနေပါသောကြောင့် တစ်နှစ်ပတ်လုံး သွားရောက်နိုင်
သည့် ဒေသမဟုတ်ပဲ အများဆုံး တစ်နှစ်အတွင်း လေးလ ခန့်သာ
လမ်းကြောင်းဖွင့်သဖြင့် သွားရောက်နိုင်ကြပါသည်။
(သွားရောက်နိုင်သည့် မြေပုံများကို အောက်ဆုံးနားတွင် တင်ပြထားပါသည်)

မည်သည့်လမ်းမှလာသည်ဖြစ်ပါစေ ကျေးရွာလမ်းများကို ဖြတ်သန်းရပြီး
ကျေးရွာအများအပြားကို ကျော်ဖြတ်သွားရမည်ဖြစ်ပါသည်။ နောက်ဆုံး
အလောင်းတော်ကဿပတောင်ခြေရှိ ကပိုင်ရွာကြီးကို ရောက်ရှိဖြတ်သန်း
ရမည်ဖြစ်ပါသည်။ထို့နောက် အလောင်းတော်ကဿပစံကျောင်းတော်ရှိရာ
နေရာသို့ တောတောင်လမ်းများ ၊ သဘာဝစမ်းချောင်းများကို ဖြတ်သန်း
သွားရောက်ရမည် ဖြစ်ပါသည်။ ဆင်စခန်းများကိုလည်းရောက်ရှိဖြတ်သန်း
သွားရမည် ဖြစ်ပါသည်။ 

ထို့နောက် ချောင်းမကြီးစခန်း ၊ သပိတ်ဆေးစခန်းများတွင် ကားလမ်းခရီး
ပြီးဆုံး၍ ကျန်ရှိနေသေးသည့် တစ်မိုင်ခရီးခန့်ကို လမ်းလျောက်သွား၍
ဖြစ်စေ ၊ ဆင်စီးသွား၍ဖြစ်စေ သွားရောက်နိုင်ပါသည်။ 
အလောင်းတော်ကဿပ ခရီးစဉ်ကျော်ကြားရခြင်းအကြောင်းများတွင် 
ဆင်စီးရခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။
ဆင်စီးဖူးရန်စီးကြသူများပြီး ဆင်တစ်စီးလျှင် အများဆုံးလူလေးယောက်စီး
ကြပြီး ငွေ ၈၀၀၀ ကျပ်ကျသင့်ပါသည်။
သစ်တောမှ ဆင်များ နှင့် ပုဂ္ဂလိကပိုင်ဆင်များလည်း ရှိပြီး နေခရမ်းသွားချိန်
တွင် ဆင်စုစုပေါင်း ၇၆ ကောင်ဖြင့် အသွားအပြန်သယ်ယူပို့ဆောင်ပေးကြ
ပါသည်။ဆင်များမှာ အလွန်လိမ္မာကြပြီး အစာကျွေးသူများ ၊ ဓာတ်ပုံတွဲ
ရိုက်သူများနှင့် ၀ိုင်းဝိုင်းလည်နေကြပါသည်။ ဆင်ပေါက်လေးများကိုပင်
တွေ့ရပြီး သူတို့က ဆင်ကြီးများထက်ပိုမိုသွက်လက်ကာ ချစ်စဖွယ်
ကောင်းလှပါသည်။ဆင်များကို မနက် ၁၀:၃၀ ၊ ၁၁ နာရီခန့်တွင် 
မနက်ပိုင်းအတွက် အနားပေးကြသည်ဟုသိရပါသည်။

သွားရောက်သူများ အနေဖြင့် စကားကြမ်းကြမ်းများမပြောရန် ၊
အနေအထိုင်ဆင်ခြင်ရန် မှာကြားမှုများလည်း တွေ့ရပါသည်။
ခေတ်လူငယ်များအဖို့ တော်တန်ယုံမယုံကြည်တာကို အပြစ်မတင်ထိုက်ပါ။
နေခရမ်း၏ သဘောကတော့ မယုံကြည်တာတောင် ဒေသခံများ၏
လက်ခံယုံကြည်စောင့်ထိန်းမှုကို လေးစားရပါမည်။ ဒေသခံများ၏ တားမြစ်
မှုကို မလိုက်နာလိုလျှင်ပင် ဖောက်ဖြတ်လိုက်ပါက ထိုဒေသခံများကို
စော်ကားသလိုဖြစ်သွားမှာ သတိပြုသင့်လှပါသည်။ရောမရောက်
ရောမလို ကျင့်ဆိုစကားအတိုင်း ကိုယ်မလိုက်နာနိုင်တာတောင်
စော်ကားသလိုမဖြစ်စေရန် သူတို့ရှေ့တွင် တမင်လုပ်တာမျိုး မဖြစ်အောင်
စောင့်ထိန်းခဲ့ပါသည်။

အလောင်းတော်ကဿပစံကျောင်းတော်သို့ ရောက်ရှိရန် ဆင်စီးလျှင်
ဖြစ်စေ ၊ လမ်းလျောက်လျှင်ဖြစ်စေ သဘာဝတောတောင် အလှအပများကို
ခံစားရမည်ဖြစ်ပါသည်။ အသွားလမ်းသည် အတက်လမ်းများကာ လမ်း
လျောက်တက်သူများအနေဖြင့် ဆင်ကြီးများကို နေရာပေးရှောင်ရသည်
ကပင် တစ်မျိုးရင်ခုံပျော်ရွှင်စရာပါ။ 
စမ်းချောင်းလေးရောက်လျှင် အမောပြေ
ခဏနား၍ သဘာဝအလှများကို ခံစားနိုင်ပါသေးသည်။

အလောင်းတော်ကဿပစံကျောင်းတော်ရှေ့တွင် ဆင်များရပ်နားရာ နေရာ
နှင့် ဒေသထွက်ပစ္စည်းများ အမှတ်တရအရောင်းဆိုင်များလည်း ရှိကြပါသည်။
အလောင်းတော်ကဿပ စံကျောင်းတော်ရှေ့ ဆင်ရပ်နားစခန်း နှင့် ဒေသထွက်
လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ
 
အလောင်းတော်ကဿပ စံကျောင်းတော်
 

စံကျောင်းတော်အတွင်း၌ လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို
ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည့်
အလောင်းတော်ကဿပကိုယ်စားရုပ်ပွားတော် တည်ရှိပါသည်။

လျောင်းစက်နေသည့် လျောင်းတော်မူပုံတော်မဟုတ်ဘဲ ပရိနိဗ္ဗာန်စံတော်
မူသည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။
ရွှေချပူဇော်သော သူများနှင့်ပြည့်နေပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း
ဟုလည်း ဆိုကြပါသည်။

စံကျောင်းတော် မြောက်ဘက်မှနေ၍ အလောင်းတော်ကဿပလှိုဏ်ဂူတော်
သို့ရောက်ရန် ဆင်းရသည့် နေရာရှိပါသည်။ အနည်းငယ်မတ်စောက်၍
စတီးလက်ရန်းများတပ်ဆင်ပေးထားပါသည်။ 
လမ်းကျဉ်းကျဉ်းဖြင့် လျှိုအောက်သို့ ရောက်ရန် ဆင်းကြရပါသည်။
 အလောင်းတော်ကဿပလှိုဏ်ဂူတော်သို့ အဆင်းလမ်း

 အောက်တွင် သဘာဝစမ်းချောင်းလေး ရှိပြီး ပိတ်နေသော
 ကျောက်လှိုဏ်ဂူတော်ရှိပါသည်။ 
ဆီးမီးပန်းပူဇော်သူများအတွက် သီးခြားနေရာ သတ်မှတ်ပေးထားသလို 
ပူဇော်သူလည်း များပြားလှပါသည်။ 
အလောင်းတော်ကဿပစံတော်မူရာဟု ယုံကြည်
လက်ခံထားကြသော ကျောက်လှိုဏ်ဂူ ၏ ကျောက်တံတားရှေ့တွင်
ရွှေချပူဇော်ကြသူများ ၊ ရှိခိုးပူဇော်ကြသူများနှင့် စည်ကားနေပါသည်။

ကဿပမထေရ်မြတ်အား ရည်မှန်းပြီး ပတ္တမြားဂူပေါက်ရှိ ကျောက်တံခါးကို
ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။
အလောင်းတော်ကဿပစံကျောင်းတော်တွင် တပိုတွဲလပြည့်နေ့တိုင်း
အလွန်ပင်စီကား၍ ပူဇော်ပွဲများ နှစ်စဉ်ကျင်းပကြပါသည်။၂၀၀၉ ခုနှစ်
အတွင်း တပိုတွဲလပြည့်နေ့၌ ကျောက်လှိုဏ်ဂူတံခါးပွင့်ဟမှု ဖြစ်ပေါ်
ခဲ့ပြီး လာရောက်ဖူးမျှော်သူများအနေဖြင့်ကြုံဆုံလိုက်ရသူများရှိခဲ့ပါသည်။
ဗွီဒီယိုမှတ်တမ်းလည်း တင်နိုင်ခဲ့၍ အလွန်ကျော်ကြားခဲ့ရပါသည်။
ထိုအချိန်က ဂျာနယ်စာစောင်များတွင် ထည့်သွင်းရေးသားကြသည်ကို
လည်း အမှတ်ရမိပါသည်။ ယုံကြည်သူ နှင့် မယုံကြည်သူများ ကြားထဲ
ကျွန်တော်အနေဖြင့် မည်သို့မှမှတ်ချက်မပေးလိုပါ။

ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင်
နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့
ရှိကြောင်း သိရပါသည်။

အောက်ဘက် လှိုဏ်ဂူတော်ရှိရာ စမ်းချောင်းကလေးသည် မိုးအခါ၌
ရေများပြည့်လျှံသွားတတ်ပြီး သွားရောက်၍ မရတော့ပါ။ယခုအချိန်မျိုး
တွင်းပင် လှိုဏ်ဂူအတွင်း၌ သဘာဝ စိမ့်စမ်းရေများ မိုးရွာသလို 
ကျဆင်းနေပြီး အေးမြလှပါသည်။

လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌
စံကျောင်းတော်ထဲသို့ စီးဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို
ဖောင်ငယ်ပေါ်တင်၍ အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ
ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့်
ပိတ်ဆို့သွား၍ ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ထို့ပြင် အများက
ပြောပြကြသောအခြားသော ထူးခြားမှုများလည်း ကြားသိခဲ့ရပါသည်။

အထက်ဘက်စံကျောင်းတော်၏ အာရုံခံတန်ဆောင်း ဘက်၌ ယခုအခါ
ကြေးစည်ကြီးငယ်အလုံးပေါင်း ၈ဝ ဆွဲချိတ်ထား၍ တန်ဆောင်းအနီးတွင်
ခေါင်းလောင်းကြီးသုံးလုံးနှင့် စေတီ ငယ်တစ်ဆူ ရှိသည်။

အလောင်းတော် ကဿပ အနီးအနား အခြေပြမြေပုံ
အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင်
 သစ္စာရေတွင်း ရှိသည်။ စောက် ငါးတောင်ခန့်  ရှိသည်။
ရေမပြတ်ထွက်နေသဖြင့် သောက်ချိုးမကုန် ဖြစ်၏။ လာရောက်ကြသူများအနေဖြင့်
ရေစင်တော်အဖြစ် ယူဆောင်မှုများရှိပါသည်။

 ရှင်သူငယ် ထွက်ပေါက် နေရာ
အလောင်းတော်ကဿပနှင့်ပတ်သတ်၍ မည်သည့်အရှင်သူတော်မြတ်
ဖြစ်ကြောင်း မူကွဲများလည်းရှိကြပါသည်။ လူအများလက်ခံယုံကြည်ထားကြ
သည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တတိယသာဝကဖြစ်တော်မူသော
မဟာကဿပ ကိုယ်တော်မြတ်ကြီးရုပ်ပွားတော်တည်ရှိရာ ဖြစ်ပါသည်။
တစ်ချို့ကလည်း ပုဂံခေတ်၌ ရဟန္တာအဖြစ်ထင်ရှားကျော်ကြားခဲ့သော
ပေါင်လောင်ရှင်ကဿပ၏ ရုပ်ပွားတော်ဖြစ်ကြောင်းဆိုကြပါသည်။
ထို့ပြင် အခြားလူသိနည်းသော တင်မြင်ချက်တစ်ခုမှာ တောင်ကြားရွာသား
ရှင်ကဿပ ဟုဆိုကြပါသည်။သို့သော် လူအများယုံကြည်လက်ခံကြသည့်
အကြောင်းအရာများကိုသာ အကျဉ်းမျှ တင်ပြပေးခြင်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ တတိယသာဝကဖြစ်တော်မူသော ရှင်မဟာကဿပ
မထေရ်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာဘုရား၏ ကိုယ်စား သာသနာကိုစောင့်ရှောက်
ရန်လွှဲအပ်ခံရသူ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ ဒုကုဋ်သင်္ကန်းကြီးကို
လွှဲအပ်ခံရသူဖြစ်ပါသည်။ ထို့ပြင် မြတ်စွာဘုရားရှင်၏
ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကနံ ဓုတင်္ဂရာနံ ဘိက္ခူနံ ယဒိဒံ မဟာကဿပေါ
ရဟန်းတို့ ငါဘုရား၏တပည့်ရဟန်းများထဲတွင် ဓူတင်ဆောင်ရာ၌
ဤမဟာကဿပသည် အမြတ်ဆုံး၊ အသာဆုံးပေတည်း  ဟု
ဓူတင်္ဂဧတင်္ဂကိုပေး၍ ဥရုဝေလကဿပ၊ နဒီကဿပ၊ ကုမာရကဿပ၊
ဂယာကဿပ လေးဦးတို့နှင့် ခြားနားစေရန်   တတိယသာဝက မဟာကဿပ
ဟူသော အမည်ကိုရရှိခဲ့သည့် ရဟန္တာကိုယ်တော်မြတ်ကြီး ဖြစ်ပါသည်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာအနှစ် ၅၀၀၀ ပတ်လုံး
သန့်စင်သော သာသာနာ တည်တံ့စေခြင်းအကျိုးငှာ မထေရ်မြတ်မှ ဦးစီးပြီး
ပထမသံဂါယနာ တင်ခဲ့သည်။
အလောင်းတော် ကဿပ အံ့ဖွယ် (၉)ဖြာ
ထိုသို့သံဂါယနာတင်အပြီး ရှင်မဟာကဿပ
မထေရ်ကြီးသည် ပုဗ္ဗေနိဝါသဉဏ်၊ အနဂတံသဉဏ်တော်တို့ကို ဖြန့်ကျက်၍
ဆင်ခြင်တော်မူရာ သလ္လာဝတီမြစ် (ယခုချင်းတွင်းမြစ်) အနောက်ဘက်
ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးအတွင်း ရှင်မဟာကဿပတို့
ရသေ့ညီနောင်သုံးပါး တရားကျင့်ကြစဉ် ထားရှိခဲ့ကြသော   နောင်တော်ကြီး
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ် အရှင်မဟာကဿပက
သင်္ဂြိုလ်မှသာ တေဇောဓါတ် လောင်ကျွမ်းပါစေ၊ ကျွန်ုပ် အရှင်မဟာကဿပ
ပရိနိဗ္ဗာန်စံဝင်ခဲ့သော နောင်တော်ငယ် အရိမေတ္တယျဘုရားက သင်္ဂြိုလ်မှသာလျှင်
တေဇောဓါတ်လောင်ကျွမ်းပါစေ  ဟူသော ကတိသစ္စာအရ
“နောင်တော်ကြီး ဂေါတမမြတ်စွာဘုရားနှင့် ထားခဲ့ သောကတိသည်
ယခုအခါပြည့်စုံပြီးဖြစ်သည်။ နောင်တော်ငယ် (အရိမေတ္တယျဘုရား) နှင့်
ထားသော ကတိသာ ကျန်နေပေသည်။ ငါ၏ခန္ဓာလည်း ယခုတေဇောဓါတ်
မလောင်ကျွမ်းနိုင်သေး၊ အရိမေတ္တယျဘုရား ပွင့်သောအခါမှသာ
တေဇောဓါတ်လောင်ကျွမ်းတော့မည်ဟု ဆင်ခြင်အောက်မေ့၍ ယခုနေရာသို့
ကြွချီကာ  ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊
သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ကြောင်း
ဆိုပါသည်။ ထို့နောက်အဇာတသတ်မင်းလိုက်လာချိန်တွင် ရှင်တော်မြတ်အား
သက်တော်ထင်ရှား မမှီတော့ပဲ ယခုတွေ့မြင်ရသော ကိုယ်စားရုပ်ပွားတော်နှင့်
ပရိနိဗ္ဗာန်ဝင်ရာစံကျောင်းတော်လှိုဏ်ဂူတော်ကို ရွှေတံခါး ၊ ငွေတံခါး နှင့်
ကျောက်တံခါး သုံးတန်ပိတ်ကာ နောင်အရှည်တည်တံ့အောင် စီစဉ်ခဲ့သည်
ဟု ဆိုပါသည်။ ထိုသည်မှာ တတိယသာဝကဖြစ်တော်မူသော
အရှင်မဟာကဿပမထေရ်မြတ်ကြီး နှင့်ပတ်သတ်သည့် အကြောင်းအရာ
အကျဉ်းချုပ်မျှပါ။

ပေါင်လောင်ရှင်ကဿပမထေရ်သည် ပုဂံခေတ်က ရဟန္တာအဖြစ်
ထင်ရှားကျော်ကြားသည်။ ပုဂံကျောက်စာအချို့တွင် ပိဋကတ်စာပေ
အထူးကျွမ်းကျင် နှံ့စပ်သူ၊ မင်း မိဖုရား မူးမတ် ပြည်သူတို့ ကိုးကွယ်ခံရသူ၊
တောကျောင်းဂိုင်းကို စတင်တည်ထောင်သူအဖြစ် တွေ့ရှိရသည်။
ပေါင်လောင်ရှင်ကဿပမထေရ်သည် မြင်းမူတောကျောင်း မှ
ယောနယ်ဘက်သို့ သာသနာပြုရန်ကြွရာ ပုံတောင်ပုံညာတောင် နှင့်
မဟူတောင်တို့ဆုံရာတွင် ပျံလွန်တော်မူခဲ့သည်ဟုလည်း မှတ်သားရသည်။
ပုဂံတွင် ပေါင်လောင်ရှင်ကဿပနှင့်ပတ်သတ်သည့် သာသနိက
အဆောက်အဦများ များစွာ အထင်အရှား ကျန်ရှိနေပါသေးသည်။

မည်သို့ပင်ဖြစ်စေ အလောင်းတော်ကဿပရှိရာသို့ ဖူးမျှော်ရန် လာရောက်သူ
များအနေဖြင့် ယုံကြည်မှုအပေါ်မူတည်ပြီး ကိုးကွယ်ဆည်းကပ်ပူဇော်ကြ
ပါသဖြင့် အကျိုးမယုတ် အမြတ်ကြီးသာ ဖြစ်မည်အမှန်ပါ။

မြို့ပြတွင် မမြင် မတွေ့ မခံစားနိုင်သော သဘာဝတောတောင်ရေမြေ
အလှများနှင့် သာယာလှပသည့် ရှု့ခင်းများကိုလည်း တ၀ကြီးခံစား
ကြရမည်မလွဲပါ။ 

( အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးသို့ သွားနိုင်သည့် မြေပုံ)
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးသည်
အာဆီယံအမွေအနှစ် စာရင်းဝင်ဒေသတစ်ခု ဖြစ်သောသဘာဝဘေးမဲ့
ဒေသတစ်ခု ဖြစ်ပါသည်။ သို့သော် သစ်ခိုးထုတ်မှုများ ၊ သစ်တောထွက်
သယံဇာတများ တရားမ၀င်ခိုးထုတ်မှုများ ယခင်ကရှိခဲ့ကြကြောင်း
စိတ်မကောင်းဖွယ် ကြားသိခဲ့ရပါသည်။ယခုနောက်ပိုင်းတွင်တော့
စနစ်တကျ ထိန်းသိမ်းကာ ၀ိုင်းဝန်းစောင့်ရှောက်ရန် ပြုလုပ်လာကြပါသည်။

( အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးသို့ သွားနိုင်သည့် လမ်းသုံးသွယ်)
ထို့ပြင် သဘာဝသစ်တောအမျိုးသားဥယျာဉ်အတွင်း နိုင်ငံခြားခရီးသွား
များလာရောက်လည်ပတ်ရန်လည်း အစီအစဉ်များ ပြုလုပ်ထားကြ
ပါသည်။ ယခုအချိန်အထိတော့ နိုင်ငံခြားခရီးသည် ၀င်ရောက်လေ့လာမှု
အလွန်ပင်နည်းပါးနေပါသေးသည်။
( အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီး တည်ရှိရာနေရာ)

ထို့ကြောင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကြီးသို့ သွားရောက်
ကာ အလောင်းတော် ကဿပကိုယ်တော်မြတ်ကြီးကို ဖူးမျှော်ပြီး
လောကီအကျိုးစီးပွား ၊ လောကုက္တရာအကျိုးစီးပွားများကို ရရှိစံစားနိုင်ပြီး
လမ်းခရီး၌ သဘာဝအလှအပများ ၊ စိမ်းစမ်းများ နှင့် တောသဘာဝကို
ခံစားကာ စိတ်ရွှင်လန်းချမ်းမြေ့စေနိုင်ပါသည်။ နေခရမ်း မှ
သူငယ်ချင်းများကိုလည်း အရောက်သွားဖို့ နှိုးဆော်လိုက်ရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...