Wednesday, January 4, 2017

ကမ္ဘာကျော် မင်းကွန်းဒေသ ကြီးလေးကြီး နှင့် ရှေးဟောင်းသမိုင်းဝင်နေရာများ

မြန်မာတွင်မက ကမ္ဘာတွင်ပါ ထင်ရှားကျော်ကြားသော အဆောက်အဦးများ၊
မှတ်တမ်းများတည်ရှိရာ မင်းကွန်းဒေသသည် မြန်မာတို့အတွက် ဂုဏ်ယူစရာ
ဒေသတစ်ခုပင်ဖြစ်ပါသည်။ ကမ္ဘာကျော် မင်းကွန်းဒေသမှ ဘိုးတော်ဘုရား၏
ကြီးလေးကြီး နှင့်အတူ မြသိန်းတန်စေတီတော်ကြီး ၊ ကမ္ဘာ့မှတ်တမ်းများတွင်ပါ
ထည့်သွင်းမှတ်တမ်းတင်ခြင်းခံရသော ကမ္ဘာ့မှတ်ဥာဏ် အကောင်းဆုံး
မင်းကွန်း ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ ၏သာသနာ့အောင်မြေ တို့သည်
သွားရောက်ဖူးမျှော်လေ့လာစရာ နေရာကောင်းများပင်ဖြစ်ပါသည်။

ဘိုးတော်ဗဒုံမင်း၏ ကြီးလေးကြီးဆိုသည်မှာ (၁) ပုထိုးတော်ကြီး (၂) ခေါင်းလောင်းကြီး
(၃) ခြင်္သေ့ကြီး (၄) ရေကန်ကြီး(ကြက်ထောင့်ကန်) တို့ဖြစ်ပါသည်။ အများအားဖြင့်
ကြက်ထောင့်ကန်ကို လူသိပ်မသိ မရောက်ဖြစ်ကြကာ မြသိန်းတန်စေတီတော်ကြီးကို
ကြီးလေးကြီးတွင် ပါဝင်သည်ဟု ထင်မှတ်တတ်ကြပါသည်။
ကျွန်တော်မှ စစ်ကိုင်းမင်းကွန်းဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများကို
အကျဉ်းမျှ တင်ပြပေးခြင်ပါသည်။

(၁) ပုထိုးတော်ကြီး

မင်းကွန်းဒေသသည် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းအတွင်း ၊
စစ်ကိုင်းမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။
မင်းကွန်းအထက်ရှိတောင်သည် ရေပြင်မှ ၁၃၇၃ ပေ မြင့်ပါသည်။ 

Photo : naykhayan
ပုထိုးတော်ကြီးသည် ဘိုးတော်ဗဒုံမင်း၏ ကောင်းမှုတော်တစ်ခုဖြစ်ပြီး
၁၁၅၂ ခုနှစ်(ခရစ် နှစ် ၁၇၉၀ ပြည့်နှစ်) တွင်စတင်တည်ဆောက်ခဲ့ပါသည်။
ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး စေတီတော်ကြီး တစ်ဆူဖြစ်အောင်
ပေ ၅၀၀ တိတိ အမြင့်ရှိစေဖို့ ရည်သန် ဆောက်လုပ်ခဲ့ခြင်းပါ။ ပုထိုးတော်ကြီး နှင့်
တပြိုင်နက် အပြီးသတ် ရေစက်ချ နိုင်ရေးအတွက် ခြင်္သေ့ကြီး ၊ ရေကန်ကြီး ၊
ခေါင်းလောင်းကြီး တို့ကို လည်း တည်ခဲ့သည်။(ထိုအကြောင်းများကို
အောက်တွင် သီးခြားတင်ပြပါမည်)
   ဘိုးတော်ဗဒုံမင်း ယာယီနန်းစိုက်ရာ နေရာ (Photo : thukhumarays)
ပုထိုးတော်ကြီးတည်ရန်အတွက်
ဘိုးတော်ဘုရားကိုယ်တိုင် မင်းကွန်းတွင် ယာယီနန်းစိုက်ကာ နှစ်ပေါင်း
၂၀ နီးပါးမျှ ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခဲ့ခြင်းအပါ။ 
(Photo : naykhayan)
သို့သော် အခြားကြီးသုံးကြီးဖြစ်သော ခြင်္သေကြီး ၊ ခေါင်းလောင်းကြီး နှင့်
ရေကန်ကြီး တို့ပြီးစီးသွားပြီး ပုထိုးတော်ကြီး ဆက်လက်တည်နေချိန်
တွင် "ကြက်ထောင့်ကြောင်ဝပ်၊ ဝါကျွတ်မှထ ၊
ကြီးလေးကြီး အပြီးမသတ်၊ မုဆိုး သုညကပ်"  ဟူသော တဘောင်
တစ်ခု ပေါ်လာလေသည်။ ထိုတဘောင်အရ ကြီးလေးကြီးပြီးစီးသွား
ပါက မုဆိုးဘို(ကုန်းဘောင်) မင်းဆက်ပျက်စီးမည်ဟု ဆိုကြပါသဖြင့်
ပုထိုးတော်ကြီး တည်ဆောက်ခြင်းလုပ်ငန်းကို သက္ကရာဇ် ၁၁၇၄ ခုနှစ်
တွင် ရပ်ဆိုင်းခဲ့ပါသည်။

 ပုံတော်ဘုရား (Photo : thukhumarays)
၎င်းနောက် ပုထိုးတော်ကြီးအစား ပုံတော်ဘုရားသာ ပြီးစီးအောင်
တည်ခဲ့ပါသည်။မင်းကွန်းပုထိုးကြီး ပြီးစီးလျှင် ထိုပုံတော်ဘုရားပုံစံအတိုင်း
သာ တွေ့မြင်ဖူးမျှော်ရမည်ဖြစ်ပါသည်။ပုံတော်ဘုရားကို ပုထိုးတော်ကြီး
သို့သွားရာလမ်းမဘေးတွင် ဖူးမျှော်နိုင်ပါသည်။ ဥာဏ်တော်အားဖြင့်
၁၅ ပေခန့်သာရှိပါသည်။

(Photo : naykhayan)
ပုထိုးတော်ကြီးအား ပေ ၅၀၀ ခန့်တည်ရန်
မှန်းထားသော်လည်း ရပ်နားခဲ့ရပါသဖြင့် ယခုအခါ ပေ ၄၅၀ ပတ်လည်
ရှိကာ အမြင့် ၁၆၂ ပေပဲ ရှိကြောင်း မြန်မာစွယ်စုံကျမ်းတွင် ဖော်ပြ
ထားပါသည်။
ပြိုလဲနေသော အပျက်အစီများ နှင့် မဟာရံတံတိုင်း (Photo : naykhayan)
ပုထိုးတော်ကြီးသည် ၁၈၃၈ ငလျင်ဒဏ်ကြောင့် စတင်
အက်ကွဲပျက်စီးခဲ့ရပါသည်။
ပုထိုးတော်ကြီး အပေါ်မှ အလယ်မဏ္ဍိုင် (Photo :thukhumarays)
ထို့နောက် ခေတ်အဆက်ဆက် ရာသီဥတု
များ၊ သဘာဝဘေးဒဏ်များကြောင့် ယိုယွင်းလာခဲ့သော်လည်း
ရှေးဟောင်းသမိုင်း တန်ဖိုး ၊ ဗိသုကာပညာတန်ဖိုး ကတော့
အဖိုးမဖြတ်နိုင်အောင် တည်ရှိနေပါသည်။
ပုထိုးတော်ကြီးပေါ်မှ မြသိန်းတန်စေတီတော်ကို ဖူးမျှော်ရပုံ (Photo : naykhayan)
ယခင်က ပုထိုးပေါ်သို့ တတ်ရောက်ပြီး ဧရာဝတီမြစ်အလှ ၊ 
မန္တလေးဘက်ကမ်း နှင့် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။
 မြန်မာနိုင်ငံသားများတင်မက နိုင်ငံခြားခရီးသွားများပင် တကူးတက 
လာရောက်ရာနေရာ တစ်ခုဖြစ်ပါသည်။
  ယခုအခါ တစ်ဝက်လောက်အထိသာ တတ်ရောက်ခွင့်ပြုထားသောနေရာ
   Photo : naykhayan
ယခု ၂၀၁၆ ခုနှစ် အထက်မြန်မာပြည်တွင်
လှုပ်ခပ်ခဲ့သော ငလျင်ကြောင့် မင်းကွန်းပုထိုးတော်ကြီးမှာ
ပိုမိုပျက်စီးလာပြီး ကြံ့ခိုင်မှု စိတ်မချရပါသဖြင့် ပုထိုးတော်ကြီး
အထက်သို့တက်ရောက်ခွင့်ကို ပိတ်ခဲ့ရပါသည်။

Photo : Internet
မင်းကွန်းပုထိုးတော်ကြီးသည် အပြီးမသတ်နိုင်ခဲ့သော်လည်း
ရှေးဟောင်းပုထိုးတော်ကြီးအဖြစ် ခန့်ခန့်ထည်ထည် တည်ရှိနေ
စဲပါ။ ယခင်က ပုထိုးတော်ကြီးအား အဝေးမှပင် ခန့်ခန့်ထည်ထည်
တွေ့မြင်ရသော်လည်း နေခရမ်းသွားသည့် အချိန်တွင် ဈေးဆိုင်များ
ပိတ်နေသဖြင့် ပုထိုးတော်ကြီးရှေ့တည့်တည့်ရောက်မှပင် ဘွားကနဲ
တွေ့မြင်ခဲ့ရပါသည်။
ပုထိုးတော်ကြီး အပေါ်မှ ဧရာဝတီမြစ်ပြင်အားလှမ်းမြင်ရပုံ (Photo:naykhayan)
မြန်မာတို့၏ မြင့်မားခိုင်မာသော ယဉ်ကျေးမှု အမွေလက်ရာ 
တစ်ခုအဖြစ် ဂုဏ်ယူဖွယ်တည်ရှိနေသော ပုထိုးတော်ကြီးပင်ဖြစ်ပါသည်။

(၂) မင်းကွန်း ခေါင်းလောင်းကြီး

(Photo : naykhayan)
မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလူသိများလှသော မင်းကွန်း
ခေါင်းလောင်းကြီးသည်လည်း ဘိုးတော်ဗဒုံမင်း၏ ကြီးလေးကြီး
ကောင်းမှုတော်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။
လက်ရှိ ကမ္ဘာပေါ်တွင်တွေ့မြင်နိုင်သော ကမ္ဘာ့အကြီးဆုံး
ခေါင်းလောင်းကြီးများစာရင်းတွင် ဒုတိယမြောက် အကြီးဆုံး
အဖြစ်စာရင်းဝင်ပါသည်။
ရုရှနိုင်ငံတွင် ရှိသော ပထမ အကြီးဆုံးခေါင်းလောင်းကြီးများမှာ
တီး၍ အသံမမြည်ပါသဖြင့် မင်းကွန်းခေါင်းလောင်းကြီးသည်
တီး၍ ရသော ခေါင်းလောင်းကြီးများတွင် ကမ္ဘာ့အကြီးဆုံးအဖြစ်
မှတ်တမ်းဝင်ထားပါသည်။
ရှေးခေတ်မှ မင်းကွန်း ခေါင်းလောင်းကြီးပုံ (Photo:Internet)
ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊
ကဆုန်လ ဆန်း ၅ ရက်နေ့ (၁၈၀၈ ခု ၊ ဧပြီလ) တွင် သွန်းလုပ်
ခဲ့သည်ဟုဆိုပါသည်။
မင်းကွန်းပုထိုးတော်ကြီးအနီးတွင် သဘာဝဘေးဒဏ်များကို
ကျော်ဖြတ်ပြီး ယနေ့တိုင် ခန့်ခန့်ထည်ထည်ဖြင့် တည်ရှိနေပါသည်။

( Photo : naykhayan )
ခေါင်းလောင်းကြီး၏ အလေးချိန်ကို “ မင်းဖြူမှန်မှန်ပြော” ဟူသော
စာဆိုနှင့်အညီ ကြေးပိဿာချိန် ( ၅၅၅၅၅ ) ပိဿာအထိ ထည့်သွင်း
သွန်းလောင်းခဲ့ကြောင်းသိရပါသည်။ တန်ဖွဲ့မည်ဆိုပါက ၉၀.၅၂ တန်
ရှိကြောင်းဆိုကြပါသည်။ ထိုအလေးချိန်နှင့် ပတ်သတ်၍လည်း
ကွဲလွဲမှု အနည်းငယ်ရှိကြပါသည်။
ထိုမျှကြီးမားသော ခေါင်းလောင်းကြီးကို သည်နေရာအရောက်
သယ်ဆောင်ယူငင် သွန်းလောင်းနိုင်ခဲ့သည့် ရှေးမြန်မာတို့၏
အတတ်ပညာပိုင်းကို အံ့ချီးလေးစားဖွယ်ကောင်းလှပါသည်။
 
မင်းကွန်းခေါင်းလောင်းကြီး ထားရာအဆောင်(Photo:Internet)

(မင်းကွန်းခေါင်းလောင်းကြီး အတွင်းသို့ဝင်၍ ဓာတ်ပုံရိုက်ရာ C.G.Johns
 ဟူသော အင်္ဂလိပ်စကားလုံများတွေ့ရပုံ - Photo: naykhayan)
ခေါင်းလောင်းကြီးသည် အေဒီ ၁၈၃၉ မြေငလျင်ကြောင့် ခေါင်းလောင်းကြီး
ချိတ်ဆွဲရာတိုင်များမှာ ပျက်စီးမှု ရှိခဲ့ပြီး လက်ရှိ သံယပ်မတန်းနှင့်
ခေါင်းလောင်းထားရာ အဆောင်ကို ၁၉၀၄ ခုနှစ် တွင် ဧရာဝတီသင်္ဘော
ကုမ္ပဏီမှ မစ္စတာ စီဂျီဂျွန် ဦးဆောင်ပြီး မူလသစ်သား၊ ယက်မ၊
အုတ်တိုင်တို့အား သံယက်မသံတိုင်တို့ဖြင့် ပြောင်းလဲတပ်ဆင်ပေးခဲ့ရာ
ယနေ့တိုင် တွေ့မြင်လေ့လာရသည့် ပုံအသွင်ပင် ဖြစ် သည်။

( Photo : naykhayan )
ခေါင်းလောင်းကြီး၏ အတိုင်းအတာများမှာ---
နှုတ်ခမ်းဝ အချင်း( အပြင်ဘက်မှတိုင်းတာလျှင်)  = ၁၆ ပေ ၃ လက်မ
အတွင်းပိုင်း အချင်း(နှုတ်ခမ်းဝ အထက် ၄ပေ     = ၁၀ ပေ
                ၈လက်မ အမြင့်မှ တိုင်းတာလျှင်)
အမြင့် ( အတွင်းပိုင်းမှ တိုင်းတာလျှင် )            = ၁၁ ပေ ၆ လက်မ
အမြင့် ( အပြင်မှ တိုင်းတာလျှင် )                  = ၁၂ ပေ
အတှိုးပိုင်း အချင်း( ထိပ်ပိုင်းတွင်တိုင်းတာလျှင်) = ၈ ပေ ၆ လက်မ
ရှိကြောင်း ခေါင်းလောင်းကြီးရှေ့ရှိ ကျောက်စာပြားပေါ်တွင် ရေးထိုး
ထားပါသည်။
 
မင်းကွန်းခေါင်းလောင်းကြီး နှင့် ပုထိုးတော်ကြီးအား ရှေးခေတ်ဓာတ်ပုံ
တစ်ပုံ၌ တွေ့ရပုံ (Photo:naykhayan)
မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာကျော်သော မြန်မာ့
အမွေအနှစ်အစစ်ဖြစ်သလို နှောင်းလူများအနေဖြင့် တန်ဖိုးထား
ထိန်းသိမ်းဖို့ များစွာလိုအပ်ပါသည်။
( Photo : naykhayan )
 ခေါင်းလောင်းကြီး အတွင်း၌
ဘုရား စေတီ နှင့် လှိုဏ်ဂူများတွင် တွေ့မြင်နေကျအတိုင်း
မှင်ဖျက်ဆေး အဖြူများဖြင့် ရေးသားထားသည်ကို များစွာတွေ့
မြင်ကြရပါသည်။ ရှေးဟောင်းအမွေအနှစ်တန်ဖိုး ယုတ်လျော့
သွားရသည်မှာ စိတ်မကောင်းစရာပါ။

(၃) ခြင်္သေ့ကြီး
(Photo : naykhayan)
ပုထိုးတော်ကြီး၏ ရှေ့မျက်နှာစာတွင် တည်ရှိသော ခြင်္သေ့ကြီးနှစ်ကောင်
ရုပ်တုသည်လည်း ဘိုးတော်ဗဒုံမင်း၏ ကြီးလေးကြီး ကောင်းမှုတစ်ခုပင်
ဖြစ်ပါသည်။ 
(Photo : naykhayan)
ကြီးမားလှသော ပုထိုးတော်ကြီးနှင့် ပနံရအောင် ခြင်္သေ့
ရုပ်တုကြီးများမှာလည်း တစ်ချိန်က ဧရာဝတီမြစ်ကမ်းဘေးတွင်
ဝံ၀ံထည်ထည် တည်ရှိခဲ့ပါသည်။သက္ကရာဇ် ၁၁၅၅ ခုနှစ်
( ခရစ်နှစ် ၁၇၉၃ ခုနှစ်)တွင် တည်ထားခဲ့သည်။ ခြင်္သေ့ကြီးများသည်
အမြင့်အားဖြင့် ၉၅ ပေ စီမြင့် ကာ ခြေ သည်းလက်သည်း တစ်ခုစီသည်
အလျား ငါးပေခွဲ နှင့် လုံးပတ် လေးပေခွဲခန့် ရှိသည်။
မျက်လုံးတစ်လုံးစီ၏ ပတ်လည်သည် ၁၃ ပေစီ ရှိကြောင်း မှတ်သား
ရပါသည်။ မျက်လုံးနှင့် ခြေသည်း၊ လက်သည်းများကို
အသက်ဝင်စေရန် အလို့ငှာ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည်။

(Photo : naykhayan) 
 ခြင်္သေ့ကြီး နှစ်ကောင်ထုလုပ်ရန် အုပ်ချပ်ရေ နှစ်သိန်းခန့်
အသုံးပြုခဲ့ရပြီးသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် တွင် မြောက်ဘက်ရှိ
ခြင်္သေ့ရုပ်ကြီး ပြိုကျခဲ့ကာ ၁၃၁၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော
စစ်ကိုင်း ငလျင်ဒဏ်ကြောင့် တောင်ဘက် ခြင်္သေ့ ရုပ်ကြီး
လည်း ပြိုလဲကျခဲ့သည်။ယခုအခါတွင်တော့ ခြင်္သေ့ကြီး၏
နောက်ပိုင်း ကိုယ်ထည်ကြီးသာ ထုထည်ဖြင့် ကျန်ရစ်နေပါသည်။
 
ခြင်္သေ့ကြီး၏ အပျက်အစီးအုတ်ပုံများ (Photo : naykhayan)
ထိုမျှကျန်ရှိနေသေးသည့် အစုအဝေးလေးပင်လျှင် ခြင်္သေ့ကြီး
မည်မျှလောက်ကြီးမားမည်ကို မှန်းဆကြည့်ပြီး အံ့သြရပါသည်။
 
ခြင်္သေ့ကြီးမျက်လုံးကြီးပုံ  (Photo : naykhayan)
ခြင်္သေ့ကြီး တစ်ကောင်၏ အပျက်အစီးများဘေးတွင် ထိုခြင်္သေ့ကြီး
မှ မျက်လုံးကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။
 ထိုအဖြူရောင်စကျင်ကျောက်တုံး မျက်လုံးကြီးအပေါ်တွင်
အနက်ရောင်မှုတ်ဆေးဖြင့် မျက်လုံးဟု အမှတ်အသားပြုရေးထား
သည်ကိုလည်း တွေ့ရပါသည်။ အမှန်မှာ ထိုသို့ဖြစ်ကတက်စမ်း
ရေးမထားဘဲ မှတ်တိုင်အမှတ်အသားလေးဖြင့် ရေးသားထားလျှင်
ပို၍ အမြင် သင့်တော်မည်ဟု ထင်မိပါသည်။

(၄) ကန်တော်ကြီး ( ကြက်ထောင့်ကန်)

(Photo : naykhayan) 
ဘိုးတော်ဗဒုံမင်း၏ ကြီးလေးကြီးတွင် အပါအ၀င် တစ်ခုဖြစ်သော်လည်း
ကြီးလေးကြီးသွားရောက်ဖူးမျှော် လည်ပတ်သူများအနေဖြင့် ရောက်ရှိမှု
အနည်းဆုံး နေရာတစ်ခုမှာ ကန်တော်ကြီး ခေါ် ကြက်ထောင့်ကန် ပင်
ဖြစ်ပါသည်။ တစ်ချို့အနေဖြင့် ကန်တော်ကြီးကို ကြီးလေးကြီးတွင်
ပါဝင်မှန်းကို မသိရအောင် အရောက်အပေါက်နည်းကြပါသည်။ 

(Photo : naykhayan) 
ဘိုးတော်ဘုရား၏ ကောင်းမှုတော်ကန်တော်ကြီးသည် ပုထိုးတော်ကြီး
သို့အသွားလမ်းဘေး တစ်နေရာတွင်ရှိပြီး ပုထိုးတော်ကြီး နှင့်
ငါးမိုင်ခန့် ဝေးကွာပါသည်။ ထိုမျှ ဝေးနေသဖြင့် ပို၍ သတိမထားမိဘဲ
အရောက်အပေါက် နည်းရခြင်းလည်း ဖြစ်ပါသည်။ကြက်ထောင့်ရွာ
အနောက်ဖက်တွင်ရှိသဖြင့် ကြက်ထောင့်ကန် ဟု အမည်တွင်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ် (အေဒီ ၁၈၁၇)တွင် တူးဖော်ခဲ့ပါသည်။
ပေ(၄၂၀) အကျယ်၊ အနက် (၃၁) ပေ၊ (၈) လက်မ နက်သော
ရေကန်ကြီး အဖြစ် တူးခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ အမှတ်အသား
ဆိုင်းဘုတ်နှင့်အတူ သီးခြား ၀န်းခြံအတွင်း တည်ရှိပါသည်။

(Photo : naykhayan) 
ခြုံနွယ်များအကြား တွေ့မြင်ရသော ကန်တော်ကြီး( ကြက်ထောင့်ကန်)
သည် သူ၏မူလ ကြီးမားခြင်း နှင့် နက်ရှိုင်းခြင်းကို ပြသနေတုံးပါ။
ဘိုးတော်ဘုရား၏ ကြီးလေးကြီး အပါအ၀င်အဖြစ် လာရောက်လည်ပတ်
သူများကို လမ်းဘေးတစ်နေရာမှ စောင့်မျှော်နေစဲပါ။

(၅) မြသိန်းတန်စေတီတော်ကြီး

(Photo : Internet) 
မြန်မာမှု အနုလက်ရာများနှင့် ချီးကျူးဖွယ်ဗိသုကာ ပညာတို့ဖြင့်
တည်ဆောက်ထားပုံ ထူးခြားကြည်ညိုဖွယ်ကောင်းသော
မြသိန်တန်စေတီတော်ကြီးသည်လည်း မင်းကွန်းဒေသ သို့ရောက်ရှိ
လာသူများ အနေဖြင့် မရောက်မဖြစ်သွားရောက်ဖူးမျှော်ရာ
အထင်ကရ စေတီတော်တစ်ဆူ ဖြစ်ပါသည်။
(Photo : naykhayan)  
နှစ်ကာလကြာမြင့်မှုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် မင်းကွန်းဒေသ
 ရှေးဟောင်းသမိုင်းဝင် အပျက်အစီးများ အကြား မြသိန်းတန်စေတီကြီး
ကတော့ ၀ံဝံကြွားကြွားဖြင့် လာရောက်ဖူးမျှော်သူများကို
အေးချမ်းမှုပေးနေမြဲပါ။

(Photo : naykhayan) 
မြသိန်းတန် စေတီကို စစ်ကိုင်းမင်းသားက ၁၁၆၃ ခုနှစ် တန်ခူးလပြည့်နေ့
တွင် စတင်တည်ထားခဲ့ရာ ခြောက်နှစ်ခန့်ကြာ မြင့် ခဲ့ပြီး ၁၁၆၉ ခုနှစ်တွင်
ပြီးစီးခဲ့သည်။

(Photo : naykhayan) 
မြသိန်းတန်စေတီတော်အား မြင်းမိုရ်တောင်ကို အာလိန် ငါးဆင့်၊
 တောင်ရံခုနစ်ထပ် နှင့် နတ် စောင်းတန်းများသွယ်တန်းနေသည့်
ပုံသဏ္ဍာန် တည်ဆောက်ထားသည်။
(Photo : naykhayan)  
စေတီတော်အလှူရှင် စစ်ကိုင်းမင်းသားသည် စေတီတော် တည်ထားရန်
 ငွေကျပ်တစ်သိန်းတန်ရတနာ မြကျောက်ကို မတည်လှူဒါန်းခဲ့ခြင်းကြောင့်
 မြသိန်းတန်စေတီဟု အမည်တွင်ခဲ့ သည်။ အချို့ကဆင်ဖြူတောင်ပေါ်တွင် 
တည်ထားသဖြင့် ဆင်ဖြူဘုရားဟုလည်း ခေါ်ကြသည်။စစ်ကိုင်းမင်း၏
မိဘုရားကြီးသည် ဆင်ဖြူမယ် ဖြစ်သောကြောင့် 
ဆင်ဖြူမယ်ဘုရားဟုလည်းခေါ်ကြသေးသည်။

(Photo : naykhayan)  
မြသိန်းတန်စေတီမှာ ဥာဏ်တော် ၃၂၁ပေရှိတဲ့အတွက် တော်တော်မြင့်တဲ့
စေတီတော်ဖြစ်ပါတယ်။

(Photo : naykhayan) 
စေတီတော်အပေါ်သို့ တက်ရောက်ရန် လမ်းသုံးသွယ်ရှိပြီး အလယ်
အဆောင် အမိုးပါသော နေရာမှ မင်းနှင့် မိဖုရားများ မင်းညီမင်းသားများ
သာတက်ရောက်၍ ဘေး နှစ်လမ်းမှ မှုးမတ် အခြွေအရံများ တက်ရောက်
ကြသည်ဟု ဆိုရိုး ရှိကြပါသည်။ ထို့ကြောင့်လားမသိ လာရောက်ဖူးမျှော်
သူများအနေဖြင့် အလယ်လမ်းကသာ တက်ရောက်ကြသူ များပါသည်။

(Photo : naykhayan) 
မင်းညီမင်းသား ဖြစ်ချင်လို့ ဟုတ်ကြမည်မထင်ပါ။ အလယ်အဆောင်က
တက်မှကာ နေပူဒဏ်မခံရသလို ကျယ်လည်းကျယ်ပါသည်။ ဘေးနှစ်ဘက်
ကတော့ လူတစ်ယောက်လျောက်သာယုံသာ ကျယ်ပါသည်။

မြသိန်းတန်စေတီတော်ကြီးပေါ်မှ ပုထိုးတော်ကြီးကို ဖူးမျှော်ရပုံ (Photo : naykhayan) 
မြသိန်းတန်စေတီတော်ကြီးပေါ် ရောက်ရှိဖူးမျှော်ပြီး၍ အပြင်ဘက်
ထွက်လိုက်လျှင် အလွန်လှပသော ရှုခင်းများကို တွေ့မြင်ရမည် ဖြစ်ပါသည်။

(Photo : naykhayan)  
ဟိုးအဝေးမှ ဧရာဝတီမြစ်ကြီးကို လှမ်းမျှော်မြင်နိုင်သလို ပုထိုးတော်ကြီး
ကိုလည်း လှမ်း၍ဖူးမျှော်နိုင်ပါသည်။ ထို့ပြင် သဘာဝတောတောင်များ၏
အလှအပကို တ၀ကြီး ခံစားနိုင်မည်ဖြစ်ပါသဖြင့် အချိန်ပေးကာ သွားရောက်
ဖူးမျှော်သင့်သော စေတီတစ်ဆူ ဖြစ်ပါသည်။

(၆) မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ

(Photo : internet)  
မင်းကွန်းဒေသတွင် ကြီးငါးကြီးအဖြစ် ထည့်သွင်း သတ်မှတ်လောက်အောင်
မြန်မာတွင် မက ကမ္ဘာတွင်ပါကျော်ကြားခဲ့သည့် ဆရာတော်မှာ
မင်းကွန်းဆရာတော်ဘုရားကြီး ဖြစ်ပါသည်။ မင်းကွန်းဆရာတော်ဘုရားကြီး
ကို ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံးအဖြစ် သတ်မှတ်ကြသလို မြန်မာနိုင်ငံတွင်
ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့သည့် ပထမဆုံးသော ဆရာတော်
အရှင်သူမြတ် ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ၊ လန်ဒန် မြို့ရှိ မဒမ်တူးဆော့
ဖယောင်းရုပ်ထုပြတိုက်တွင် ကမ္ဘာ့ မှတ်ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ်
အဖြစ်ဆရာတော်ကြီး ၏ ပုံတော်ကိုထုလုပ် ပြသထားသည်။ ဆရာတော်
ဘုရားကြီး မရှိတော့ပေမယ့် ဆရာတော်ကြီး သီတင်းသုံးခဲ့ရာ ကျောင်းဆောင်၊
အထိမ်းအမှတ်ဗိမာန်တော် နှင့် လွမ်းစေတီတို့တည်ရှိပါသည်။ ရောက်ရှိ
သူများအနေဖြင့် ၀င်ရောက်လေ့လာဖူးမျှော်သင့်သော နေရာများပါ။
အထူးသဖြင့် ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ကျောင်းဆောင်ကို
မူလပုံစံမပျက် ပြတိုက်အဖြစ် ပြသထားပါသည်။ 
မင်းကွန်းတိပိဋကဓရ လွမ်းစေတီ (Photo : naykhayan)  
ထိုပြတိုက်ကို ၀င်လေ့လာလိုက်သည်နှင့် နိုင်ငံတော်အစိုးရ 
အဆက်ဆက် နှင့် ပြည်သူအပေါင်းမှ ကိုးကွယ်ခဲ့သော ဆရာတော်ကြီး၏ 
အနေအထိုင် ရိုးရှင်းအေးချမ်းမှု ၊ နောက်ဆုံး ခန္ဓာဝန်ချခါးနီးအချိန်အထိ 
သာသနာ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့မှု ၊ သာသနာအကျိုး
အတွက် မလစ်ဟင်းရအောင် ကြိုးစား ထမ်းဆောင်ခဲ့မှုများကို 
တအံ့တသြဖြစ်ရပြီး အထူးပင် လေးစားကြည်ညိုစိတ် ဖြစ်ပေါ်ခဲ့ရပါသည်။ 
အထူးသဖြင့်နိုင်ငံကျော် ဆရာတော်ဘုရားကြီး၏ အနေအထိုင်
ရိုးရှင်းမှုမှာ အထူးပင်အံ့သြမှင်သတ်မိပါသည်။
ဆရာတော်ဘုရားကြီးအား ရည်စူးပူဇော်ထားသော
လွမ်းစေတီကိုလည်း ကြည်ညိုဖွယ်ဖူးမျှော်နိုင်ပါသည်။
မင်းကွန်းဒေသ မိုးမိတ်ကုန်းမြေသည် သာသနာ့အတွက် အလွန်ပင်
အရေးပါသော ဘူမိနက်သန်မြေပင် ဖြစ်ပါသည်။ မိုးမိတ်ကုန်းတော်ပေါ်တွင်
 စေတီပုထိုးကျောင်းဇရပ်စသည့်သာသနိက အဆောက်အအုံ ပေါင်း ၉၅ ခု
ရှိသည်။ယင်းတို့အနက် တိပိဋက နိကာယ ကျောင်းတော်သည် မြန်မာနိုင်ငံ
 ပရိယတ္တိနယ်ပယ်တွင်အထူး ထင်ရှားလှ သကဲ့သို့ မိုးမိတ်စေတီကိုလည်း
လူသိများသည်။ မိုးမိတ်စေတီတော်သည် ဥာဏ်တော် ၁၀၉ ပေ ၆ လက်မ ခန့်
မြင့်ပြီး ဘိုးတော် ဘုရား ၏ သားတော် မဟာဓမ္မရာဇာဘွဲ့ခံ မိုးမိတ် မြို့စားက
တည်ထားခဲ့သည်။
တိပိဋကနိကာယ ကျောင်းတော်သည် ထေရ၀ါဒဗုဒ္ဓ သာနာတော်တွင်
 ပိဋကတ်သုံးပုံအာဂုံဆောင်အရှင်သူမြတ်များ အပါ အ၀င်ထင်ရှားသည့်
ပရိယတ္တိပုဂ္ဂိုလ်အကျော်အမော်များစွာကို မွေးထုတ်ပေးခဲ့သည့်
ဘူမိနက်သန်နေရာတစ်ခု ဖြစ်ပါသည်။

(Photo : naykhayan)
ထို့နောက် မင်းကွန်းဒေသ၏ နောက်ထပ် အထင်ကရနေရာတစ်ခုမှာ
ဧရာဝတီမြစ်နှင့် မင်းဝံတောင်တန်းကြီးအကြား၊ မြသိန်းတန်စေတီ နှင့်
ပုထိုးတော်ကြီးအစပ်ရှိ ၃ ဒသမ ၇၅ ဧက ကျယ် ၀န်း သော မြေနေရာတွင်
မင်းကွန်းဘိုးဘွားရိပ်သာ ဖြစ်ပါသည်။ထိုရိပ်သာတွင် အသက် (၇၀) ကျော်
အထောက်အပံ့မဲ့ ဘိုးဘွားများ ကို စောင့် ရှောက်ထားသည်။
မင်းကွန်းဘိုးဘွားရိပ်သာကို ၁၂၇၆ ခုနှစ်တွင် အလှူရှင်ဒေါ်ဦးဇွန်းက
စတင်တည်ထောင်ကာ သက္ကရာဇ် ၁၂၇၆ ခုနှစ်၊ ပြာသို လဆုတ် ၁၂ ရက်နေ့
တွင် ကမ္မဋ္ဌာန်းကျောင်း သုံးကျောင်း ဆောက်လုပ်၍ အဘိုးတစ်ဦးနှင့်
အဘွားတစ်ဦးကို စတင် စောင့် ရှောက်မှုပြုခဲ့ရာမှ မင်းကွန်းလူအိုရုံအဖြစ်
တစ်တစ်တစ်စထင်ရှားလာခဲ့သည်။

မင်းကွန်း-Taxi  (Photo : internet)
ထို့နောက် မင်းကွန်းရောက်လျှင် တွေ့မြင်ရမည့် အရာတစ်ခုမှာ
မင်းကွန်း-Taxi ခေါ် ပေါင်းမိုးတပ်နွားလှည်းများ ဖြစ်ပါသည်။
ယခင်က လာရောက်လည်ပတ်သူများ စီးကြသူများပေမယ့် အခုအခါ
တော့ နိုင်ငံခြားခရီးသွားအချို့သာ စီးလေ့ရှိကြပါတော့သည်။
မင်းကွန်းဒေသရောက်ရှိလျှင် မင်းကွန်း-Taxi လေးများကိုလည်း အချိန်ပေး
စီးကြည့်သင့်ပါသည်။

မင်းကွန်းဘက်ကမ်းမှ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မန္တလေးတောင်အားတွေ့ရပုံ
(Photo : naykhayan)
ထို့ပြင် မင်းကွန်းဒေသတွင် အခြားထင်ရှားသော သမိုင်းဝင် စေတီ ၊
ပုထိုး ၊ ကျောင်းတော်များ နှင့် နေရာဒေသများစွာ ရှိပါသေးသည်။
မင်းကွန်း ပုထိုးတော်ကြီးရောက် အမှတ်တရ  
စစ်ကိုင်းမြို့သို့ရောက်ရှိလျှင် မင်းကွန်းဒေသသို့ အချိန်ပေးသွားရောက်ကာ
မြန်မာပင်သာမက ကမ္ဘာတွင်ပါကျော်ကြားလှသော ဘိုးတော်ဘုရား၏
ကြီးလေးကြီး အပါအ၀င် စေတီ ဘုရားကျောင်းကန် များကို လေ့လာ
ဖူးမျှော်ပြီး ဧရာဝတီမြစ်ပြင်အလှ နှင့် သဘာဝအလှအပများကို တ၀ကြီး
ခံစားနိုင်ပါသည်။ တစ်ခေါက်တစ်ခါ အရောက်သွားကြည့်ကြဖို့ နေခရမ်း
မှ တိုက်တွန်းလိုက်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……. နေခရမ်း
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...