Thursday, February 2, 2017

ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းမှု အရှိဆုံး နိုင်ငံများ (၂၀၁၆ ခု)

ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းမှုအရှိဆုံး နိုင်ငံများ စာရင်းကို
နှစ်စဉ် စစ်တမ်းကောက်ယူ ဖော်ပြပေးလေ့ရှိပါသည်။ ယခုနောက်ဆုံး
၂၀၁၆ ခုနှစ်အတွက် Global Peace Index’s 2016 ဟု နိုင်ငံပေါင်း
၁၆၃ နိုင်ငံအပေါ် စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးခဲ့ပါသည်။
ထိုနိုင်ငံများမှ ထိပ်တန်း ၁၀ နိုင်ငံ နှင့်အတူ မြန်မာနိုင်ငံ၏ အဆင့်
ရပ်တည်မှု အနေအထားကိုပါ ဗဟုသုတအဖြစ် တင်ပြပေးပါမည်။
၁ ။ Iceland (1.192)

ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းမှု အရှိဆုံးနိုင်ငံအဖြစ် နှစ်တိုင်းနီးပါး
ထိပ်ဆုံး နံပါတ်(၁) သတ်မှတ်ခံရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
၂၀၀၈ မှ စပြီး နံပါတ် (၁) ဖြစ်နေခဲ့ပြီး ၂၀၁၀ ခုနှစ် တစ်နှစ်တည်း
တွင်သာ နံပါတ် (၂) ဖြစ်ခဲ့ရတာပါ။ ယခု ၂၀၁၆ ခုနှစ်တွင်လည်း
နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်း ၁.၁၉၂ ဖြင့် နံပါတ်(၁)
သတ်မှတ်ခံရပါသည်။ ထိုနိုင်ငံသည် အလွန်လှပသော သဘာဝ
ရေတံခွန်များ ၊ တောတောင်ရေကန်များ နှင့် နှင်းတောင်များကြောင့်
လည်း ကျော်ကြားလူသိများပါသည်။

၂ ။ Denmark (1.246)

ဥရောပတိုက်ရှိ ဒိန်းမတ်နိုင်ငံသည် တည်ငြိမ်အေးချမ်းမှု နံပါတ်
(၂) ရရှိပါသည်။ ထိုနိုင်ငံသည်လည်း ၂၀၁၂ ခုနှစ်ကစပြီး
၂၀၁၆ အထိ နံပါတ် (၂) အမြဲရနေပါသည်။ ထိုအရင်နှစ်များတွငတော့
နံပါတ် (၄) မှ (၇) အတွင်းသာ ရရှိခဲ့ပါသည်။ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်
တိုက်ခိုက်မှု အန္တရာယ်များ မြင့်တက်လာချိန်တွင် ဒိန်းမတ်နိုင်ငံ အနေဖြင့်
တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ဒိန်းမတ်
နိုင်ငံသည် သမိုင်းဝင် အဆောက်အဦများ များစွာရှိသော နိုင်ငံ
တစ်နိုင်ငံ ဖြစ်သလို ခေတ်ပေါ် အဆောက်အဦ နှင့် အပန်းဖြေ
လည်ပတ်စရာများ များစွာရှိသော သာယာအေးချမ်းသည့်
နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်း
၁.၂၄၆ ရရှိခဲ့ပါသည်။
၃ ။ Austria (1.278)

၂၀၁၄ ၊ ၂၀၁၅ နှင့် ယခု ၂၀၁၆ ခုနှစ် သုံးနှစ်လုံးဆက်တိုက်
တည်ငြိမ်အေးချမ်းမှုအရှိဆုံး နံပါတ် (၃) ရသော နိုင်ငံတစ်ခုပါ။
ဗဟိုဥရောပရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဖက်ဒရယ်ပြည်နယ်
၈ ခုရှိကာ ပြည်တွင်း လူတစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးမြင့်သော
နိုင်ငံ တစ်နိုင်ငံပါ။ လူသား အရင်းအမြစ် ဖွံ့ဖြိုးမှု အညွှန်းကိန်းမှာ
ကောင်းမွန်သော အဆင့်တွင်ရှိပြီး နိုင်ငံအလိုက် ငြိမ်းချမ်းရေး
အညွှန်းကိန်းမှာ ၁.၂၇၈ ရရှိပါသည်။

၎ ။ New Zealand (1.287)

၂၀၁၄ မတိုင်ခင်အထိ တည်ငြိမ်အေးချမ်းမှု အရှိဆုံး သတ်မှတ်
ချက် (၁) မှ (၃) အတွင်း အမြဲဝင်နေပေမယ့် ၂၀၁၄ ခုနှစ် မှ
စကာ ယခု ၂၀၁၆ အထိ နံပါတ် (၄) အဖြစ်အမြဲရပ်တည်နေသော
နိုင်ငံပါ။ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်ရှိ အလွန်ဖွံ့ဖြိုး
တိုးတက်သော ကျွန်းနိုင်ငံတစ်ခု ဖြစ်ပါသည်။ လူနေမှု အဆင့်အတန်းမှာ
မျှချေရှိပြီး နိုင်ငံအတွင်း၌ ဥရောပ၊ မာအိုရီ၊ အာရှ၊ ပစိဖိတ်လူမျိုးများ၊
လက်တင်နှင့် အာဖရိကလူမျိုးစုများလည်း နေထိုင်ကြသည်။
နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်းမှာ ၁.၂၈၇ ဖြစ်ပါသည်။

၅ ။ Portugal (1.356)

ယခု ၂၀၁၆ ခုနှစ်အတွက် ထူးထူးခြားခြား Top Ten ထဲဝင်လာသော
နိုင်ငံမှာ ပေါ်တူဂီနိုင်ငံဖြစ်ပါသည်။ ယခင် နှစ်များစွာက Top Ten ထဲ
ဝင်ခြင်း မရှိခဲ့ဘဲ ၂၀၁၅ ခုနှစ်တွင် အနီးစပ်ဆုံး နံပါတ် ၁၁ အဖြစ်
ရပ်တည်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွက် နိုင်ငံအလိုက် ငြိမ်းချမ်းရေး
အညွှန်းကိန်း ၁.၃၅၆ ဖြင့် ကမ္ဘာ့ပေါ်တွင် တည်ငြိမ်အေးချမ်းမှု
အရှိဆုံး နံပါတ်(၅) အဖြစ် ရပ်တည်ခဲ့ပါသည်။

၆ ။ Czech Republic (1.360)

၂၀၁၆ တွင် ချက်နိုင်ငံသည်လည်း ကမ္ဘာ့ပေါ်တွင် တည်ငြိမ်အေးချမ်းမှု
အရှိဆုံး နိုင်ငံများတွင် နံပါတ် (၆) အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်
တွင် နံပါတ် (၁၀) ဖြစ်ပါသည်။ ထိုနိုင်ငံသည်လည်း ဥရောပတွင်
တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်သည့် နိုင်ငံတစ်ခု ဖြစ်ပါ
သည်။ နိုင်ငံအလိုက် ငြိမ်းချမ်းရေး အညွှန်းကိန်း မှာ ၁.၃၆၀ ဖြစ်ပါ
သည်။

၇ ။ Switzerland (1.370)

ယခင်နှစ်များစွာက နံပါတ် (၅) အဖြစ်ရပ်တည်နိုင်ခဲ့သော
ဆွစ်ဇာလန်နိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေး အညွှန်း
ကိန်း ရမှတ် ၁.၃၇၀ ဖြင့် နံပါတ် (၇) ရရှိခဲ့ပါသည်။ ဆွစ်ဇာလန်
နိုင်ငံသည်လည်း ဥရောပတွင် သဘာဝ ရေမြေတောတောင်
အလှများ ပေါကြွယ်ဝသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့လှည့်
ခရီးသွားများကို ဆွဲဆောင်နိုင်သော နိုင်ငံဖြစ်သည်။ အစိုးရ၏
ပွင့်လင်းမြင်သာမှု၊ စီးပွားရေး ပြိုင်ဆိုင်နိုင်မှုနှင့် လူသားအရင်းအမြစ်
လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် နိုင်ငံသားအများစု၏ လူနေမှု
အဆင့်အတန်းမှာလည်း မြင့်မားပါသည်။

၈ ။ Canada (1.388)

ကနေဒါနိုင်ငံသည် သယံဇာတပေါကြွယ်သလို နိုင်ငံသည်လည်း
ချမ်းသာကြွယ်ဝသော ထိပ်သီးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ လူမျိုး
ပေါင်းစုံ စုစည်းနေထိုင်ကြပြီး ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး
အညွှန်းကိန်းမှာ ၁.၃၈၈ ဖြင့် နံပါတ် (၈) နေရာ ရပ်တည်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် နံပါတ် (၇) ဖြစ်ပါသည်။

၉ ။ Japan (1.395)

ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းရှိ ကွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သော်
လည်း ဂျပန်နိုင်ငံသည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံများတွင်
ပါဝင်ပါသည်။ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်သော ဂျပန်နိုင်ငံသည်
ပြည်တွင်း လူတစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးအရ ဂျပန်နိုင်ငံ၏
စီးပွားရေးမှာ တတိယမြောက် အကြီးဆုံးဖြစ်ပြီး ပို့ကုန်သွင်းကုန်ဘက်
တွင် ပဉ္စမမြောက်ဖြစ်ပါသည်။ယခင်က ကမ္ဘာ့အငြိမ်းချမ်းဆုံးသော
နိုင်ငံများစာရင်းတွင် ထိပ်ပိုင်း၌ ပါဝင်လေံရှိသော်လည်း ယခု
နောက်ပိုင်းနှစ်များတွင် ရပ်တည်မှုအဆင့် တဖြည်းဖြည်း နိမ့်ကျလာ
ပါသည်။ အနီးစပ်ဆုံး ၂၀၁၅ တွင် နံပါတ် (၈) ဖြစ်ပြီး ၂၀၁၆ ခုနှစ်
အတွက် ငြိမ်းချမ်းရေးအညွှန်းကိန်း ၁.၃၉၅ ဖြင့် နံပါတ် (၉) ဖြစ်
ပါသည်။

၁၀ ။ Slovenia (1.408)

ယခင်နှစ်အများစုတွင် Top Ten အပြင်ဘက်နားတွင်သာ အများ
အားဖြင့် ရှိပေမယ့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအညွှန်းကိန်း ၁.၄၀၈ ဖြင့်
နံပါတ် (၁၀) ဖြစ်ပါသည်။

၁၀၃ ။ United State

ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်
တည်ငြိမ်အေးချမ်းမှု အရှိဆုံးနိုင်ငံများ စာရင်းတွင် နံပါတ် (၁၀၃)
သာ ရရှိပါသည်။ အမေရိကန်နိုင်ငံသည် နိုင်ငံဧရိယာ ကျယ်ဝန်း
သလို လူမျိုးပေါင်းစုံစုစည်းနေထိုင်ကြပါသည်။ ထို့ပြင် ကမ္ဘာပေါ်တွင်
စစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်သလို စီးပွားရေးအင်းအားမှာလည်း
အကြီးဆုံး ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့အရေးအခင်းလှုပ်ရှားပြောင်းလဲ
မှုများကြောင့် အမေရိကန်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု အဆင့်ရပ်တည်မှု
မှာ နိမ့်ကျရခြင်း ဖြစ်ပါသည်။

၁၁၅ ။ Myanmar (2.256)

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု အဆင့်မှာ ၂၀၁၆ ခုနှစ်အတွက်
နံပါတ်(၁၁၅) ဖြစ်ပြီး ရပ်တည်မှုအနေအထား တိုးတက်လာခြင်း
ဖြစ်ပါသည်။ ၂၀၁၅ တွင် နံပါတ် (၁၃၀) ဖြစ်ပြီး ယခုရပ်တည်မှုသည်
နှစ်များစွာအတွင်း အမြင့်ဆုံး ရပ်တည်မှု တစ်ခုပင်ဖြစ်ပါသည်။
နိုင်ငံအတွင်း၌ လူမျိုးများစွာ စုစည်းနေထိုင်ကြသော နိုင်ငံတစ်နိုင်ငံ
ဖြစ်သလို သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...