Monday, February 13, 2017

ကမ္ဘာပေါ်တွင် ပထမဆုံးတွေ့ရှိခဲ့သည့် မြန်မာပြည် မှ ဂြိုလ်သားပုံ အင်းဆက်မျိုးစိတ်သစ်


၂၀၁၇ ခု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကမ္ဘာ့သိပ္ပံပညာရှင်များ ၊ တက္ကသိုလ်ပါမောက္ခများ နှင့် သတင်းစာစောင်များ အကြားတွင် အထူးဂရုပြုအာရုံစိုက် ကြရသည့်တွေ့ရှိမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအရာကတော့ ကမ္ဘာပေါ်တွင် ယခင်ကတွေ့ရှိခဲ့ဖူးခြင်း မရှိသော ထူးခြားသည့် ပုံသဏ္ဍန်ရှိ အင်းဆက်ပုံပါ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာ့ပယင်းကျောက်အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းပါ။
မြန်မာနိုင်ငံ ဟူကောင်းတောင်ကြားဒေသ မှ ပယင်းကျောက်သားအတွင်းမှ ထိုအင်းဆက်ရုပ်ကြွင်းကို အော်ရီဂွန်တက္ကသိုလ်ကအင်းဆက်ဗေဒပညာဂုဏ်ထူးဆောင်ပါမောက္ခဂျော့ဂ်ျပွိုင်နာ ဂျူနီယာက ရှာတွေ့ခဲ့ခြင်း ဖြစ်ပါသည်။
ရှေးနှစ်သန်း ၁၀၀ ကျော်လောက် ဒိုင်နိုဆောများ ရှိစဉ်အချိန်ကတည်းက နေထိုင်ရှင်သန်ခဲ့သော အင်းဆက်များပါ။
အတောင်မပါ၊ထူးခြားဆန်းကြယ်တဲ့အင်းဆက်အမပါ။ သူ့ပုံကြောင့် အရင်က ရှိပြီးသားအင်းဆက်မျိုးရင်းများနှင့် မတူတော့ဘဲ သီးခြားမျိုးစိတ် အသစ်အဖြစ် သတ်မှတ်ခဲ့ရခြင်းပါ။
ယခင်က အင်းဆက်မျိုးစိတ် ၃၁ မျိုး သတ်မှတ်ထားခဲ့ပြီး ယခုမြန်မာပြည်မှ အင်းဆက်မျိုးစိတ်ကို အသစ်ထည့်သတ်မှတ် လိုက်ရသဖြင့် ကမ္ဘာပေါ်တွင် တွေ့ရှိခဲ့ပြီးသော အင်းဆက်မျိုးစိတ်ပေါင်း ၃၂ မျိုး ဖြစ်လာရပါသည်။
ထိုအင်းဆက်ပိုး၏ ပုံစံမှာ ဦးခေါင်းသည် တြိဂံပုံ ဖြစ်ပြီး မျက်လုံးများမှာ အပြင်သို့ ဖောင်းထွက်နေပါသည်။
တခြားအင်းဆက်တွေမှာ တြိဂံပုံခေါင်းတွေရှိတာ မှန်ပေမယ့် သူတို့ခေါင်း၏ တြိဂံပုံ အရှည်ဆုံးအနား နှင့် လည်ပင်းနဲ့ဆက်နေကြတာ ဖြစ်ပါသည်။ယခု အင်းဆက်က ထောင့်မှန်ထောင့်ချွန်ဘက်ကဆက်နေခြင်း ဖြစ်ပါသည်။ ထောင့်မှန်တြိဂံပုံခေါင်း ကလည်ပင်းမှာဆက်နေပုံသည် အရင်သိဖူးသောအင်းဆက် တွေ၏ ပုံစံ နှင့် လုံးလုံးမတူညီပါ။
မြန်မာနိုင်ငံဟူးကောင်းတောင်ကြား မှ တွေ့တဲ့ ပိုးကောင်အသစ်ကို အေးသီယိုကာရင်းနပ်စ်ဘာမင်းနိကပ်စ် (Aethiocarenus burmanicus) လို့အမည်ပေးခဲ့ပါသည်။ မျိုးစိတ်ကတော့ အေးသီယိုကာရင်နိုဒီးယား (Aethiocarenodea) ဟု မျိုးစိတ်အသစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
သူတို့၏ ထူးခြားသောဦးခေါင်းပုံစံသည် သိပ္ပံဇာတ်ကားများ ထဲမှ ဂြိုလ်သားအီးတီပုံစံ နှင့် ဆင်သဖြင့် ပိုမိုကျော်ကြားလူသိများခဲ့ပါသည်။
ထိုကဲ့သို့ အင်းဆက်ပိုးကောင်မျိုးသည် မည်သည့်အကြောင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်ခဲ့ရမှန်း အတိအကျ မသိရပေမယ့် စားကျက်နယ်မြေ ပျောက်ကွယ်ရခြင်းကြောင့် ထိုအင်းဆက်များပါ မျိုးသုဉ်းခဲ့ရကြောင်း အင်းဆက်ဗေဒကျွမ်းကျင်သူ ပညာရှင်အများက ထင်မြင်သတ်မှတ်ကြပါသည်။
လွန်ခဲ့သော လ အနည်းငယ်တုံးကလည်း ထိုကဲ့သို့ပင် မြန်မာပြည် ပယင်းကျောက်အတွင်း မှ ဒိုင်နိုဆော အမြီးကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု တရုတ်သိပ္ပံပညာရှင် မှတွေ့ရှိခဲ့မှု ဖြစ်ပေါ်ခဲ့ပါသေးသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...