Thursday, May 25, 2017
ဆိုခရေးတီး ရဲ့ အိမ်
တစ်နေ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုခရေးတီး တစ်ယောက် အိမ်အသစ်ဆောက်နေပါတယ်။ ပကာသနကို မမက်သည့် ပညာရှိကြီး ဖြစ်သည်နှင့်အညီ သူ့ရဲ့အိမ်ကိုလည်း သူ့စိတ်ကြိုက် စီစဉ်ညွှန်ကြားကာ တည်ဆောက်နေခဲ့ပါတယ်။
ပညာရှိကြီးကိုယ်တိုင် စီစဉ်ကြီးကြပ်နေတာ ဆိုတော့ လမ်းထဲမှာ နေတဲ့သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ စပ်စုသူတွေကလည်း အများပေါ့။ သူတို့ထင်တာက ပညာရှိကြီးအိမ်ကတော့ ကြီးမားလှပမယ်ပေါ့။
ဒါပေမယ့် စောင့်ကြည့်သူတွေ တွေ့လိုက်ရတာကတော့ အိမ်လေးက သေးသေးလေး။ အပိုတန်ဆာအလှအပများလည်း ဘာမှမပါ။ အမှန်က ဆိုခရေးတီး ရဲ့အိမ်လေးက သေးပေမယ့် သပ်သပ်ရပ်ရပ် တည်ဆောက်ထားတာပါ။
ဒါပေမယ့် စပ်စု အပြစ်ပြောချင်သူတွေ အနေနဲ့ကတော့ ပြောစရာကြီးပေါ့။ ဒါနဲ့ ဆိုခရေးတီးရဲ့ လမ်းထဲမှ စပ်စုတတ်သူ တစ်ယောက်ကတော့ မနေနိုင်မထိုင်နိုင် ပညာရှိကြီးကို သွားပြောပါတယ်။
"ပညာရှိကြီး အိမ်ဆောက်နေတာပေါ့"
"ဟုတ်ပါ့ဗျာ"
"ပညာရှိကြီးရယ် အိမ်ဆောက်မယ်ဆိုလည်း ကျယ်ကျယ်လေးဆောက်ပေါ့။ ဒါမှ ကိုယ့်ဆီလာတဲ့ ဧည့်သည်တွေ နေလို့ထိုင်လို့ ရမှာပေါ့။ အခုတော့ ပညာရှိကြီး အိမ်က သေးလိုက်တာ။ တစ်ယောက်တည်းတောင် ကျပ်နေမယ့်ပုံ။ ဧည့်သည်တွေ ၊ မိတ်ဆွေတွေ လာရင် ဘယ်လို နေရာပေးမလဲ။"
စပ်စု အပြစ်ပြောတတ်သူရဲ့ စကားကို ပညာရှိကြီး နားစိုက်ထောင်နေပါတယ်။ ပြီးတော့ပြန်မေးလိုက်ပါတယ်။
"ခင်ဗျား ပြောတာက မိတ်ဆွေတွေ လာရင် ကျုပ်အိမ်က အစဉ်မပြေနိုင်ဘူးပေါ့"
"ဟုတ်တယ်လေ။ မိတ်ဆွေတွေ ဘယ်လိုနေကြမလဲ။ ဒီလောက်ကျဉ်းတာကို"
"ဟာ ။ ဒါဖြင့် မပူပါနဲ့ဗျာ။ ကျုပ်အိမ်က ဧည့်သည်တွေ ၊ မိတ်ဆွေတွေအတွက် ကျဉ်းတာတော့ အမှန်ပါပဲ။
ဒါပေမယ့် မိတ်ကောင်း ၊ ဆွေကောင်းတွေ အတွက်ကတော့ မကျဉ်းတဲ့အပြင် ကျယ်တောင် ကျယ်နေပါသေးတယ်ဗျာ။ မိတ်ကောင်းဆွေကောင်း မိတ်ဆွေစစ်တွေအတွက် ကျုပ်အိမ်က ကောင်းကောင်း နေနိုင်အောင် ကျယ်လွန်းပါတယ်"
ပညာရှိကြီးဆိုခရေးတီးရဲ့ တုန့်ပြန်စကားကြောင့် စပ်စုအပြစ်ပြောတတ်သူ ပါးစပ်ပိတ်ကာ လစ်ပြေးသွားခဲ့ပါတယ်။
ဟုတ်ပါတယ်။ ပညာရှိကြီးပြောတာ သေခြာတွေးကြည့်လေ မှန်လေပါပဲဗျာ။ မိတ်ဆွေစစ်ဆိုတာ အလွန်တန်ဖိုးရှိသလို ရှားပါးလွန်းပါတယ်။ စီးပွားရေး မိတ်ဆွေ ၊ အသိမိတ်ဆွေ ၊ သူငယ်ချင်းများ များစွာ ရှိကြသော်လည်း ကိုယ့်ဘဝ တစ်သတ်တာ အားကိုးအားထားပြု ၊ အထောက်အပံ့ အပြန်အလှန် ကူညီဖေးမတတ်တဲ့ မိတ်ဆွေစစ် သူငယ်ချင်းကောင်း တစ်ယောက်ရဖို့တောင် မလွယ်ပါဘူး။
ကျွန်တော်တို့ဟာ အိမ်ကို ကျယ်နိုင်သလောက် ၊ ကြီးနိုင်သလောက် တည်ဆောက်နေကြပါတယ်။
ဂုဏ်တုဂုဏ်ပြိုင် လုပ်ဖို့ ၊ အများအထင်ကြီးစေဖို့ ကျွန်တော်တို့အိမ်ကို တည်ဆောက်နေကြတယ်။
ဒါပေမယ့် ကျွန်တော်တို့အတွက် တကယ်လိုအပ်တဲ့ အရာကိုတော့ မရှာဖွေတတ်ခဲ့ကြပါဘူး။ ကျွန်တော်တို့အတွက် လိုအပ်တဲ့ အိမ်လေးကတော့ ဆိုခရေးတီးရဲ့ အိမ်သေးသေးလေးပါ။
မိတ်ဆွေစစ် ဆိုတာ ရှားပေမယ့် ကိုယ်ကိုတိုင်လည်း မိတ်ဆွေစစ် အင်္ဂါတွေနဲ့ ညီညွတ်ဖို့ လိုပါသေးတယ်။ဒါမှသာ ခိုင်မြဲတဲ့ မိတ်ဆွေကောင်းများ ရရှိစေမှာပါ။
သူငယ်ချင်းတို့ရော ကိုယ့်အတွက်လိုအပ်တဲ့ အိမ်ကလေးကို တည်ဆောက်ပြီးပါပြီလား။
ကျွန်တော်ကတော့ ဆိုခရေးတီးရဲ့ အိမ်ကလေးကို ကြည့်ပြီး ...
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...