ယခုတင်ပြမှာကတော့ ကမ္ဘာ့အရှည်ဆုံးတောင်ကြားမဟုတ်ဘဲ ကျွန်ုပ်တို့ နေထိုင်သည့် နေအဖွဲ့အစည်းတစ်ခုလုံးရှိ ဂြိုလ်အသီးသီးရှိ တောင်ကြားများတွင် အရှည်ဆုံး အဖြစ်သတ်မှတ်ထားကြသည့် မားစ် (အင်္ဂါဂြိုဟ်) ပေါ်မှ အလွန်ကြီးမားရှည်လျားသည့် တောင်ကြားကြီး အကြောင်း ဖြစ်ပါသည်။

မားစ် (အင်္ဂါဂြိုဟ်) ပေါ်တွင် အလွန်နက်ရှိုင်း၍ ရှည်လျားလှသော တောင်ကြားကြီးကို ၁၉၇၁ - ၇၂ ခုနှစ်များလောက်ကပင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ ထိုတောင်ကြားကြီးကို Valles Marineris ဟု အမည်ပေးထားကြပါသည်။သူ့ရဲ့ မြေပုံအတိအကျကိုတော့ မာရီနာ ၉ အာကာသယာဉ်မှ တိုင်းတာတွက်ချက်ခဲ့ပါသည်။

ထို Valles Marineris တောင်ကြားကြီးသည် အရှည်အားဖြင့် အလျား ၂၅၀၀ မိုင် (ကီလိုမီတာ ၄၀၀၀) အထိရှိပြီး ၊ အကျယ်အားဖြင့် ၁၂၀ မိုင် (၂၀၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီးသည် အထက်မှ အောက်သို့ အနက် ၃၂၈၀၈ ပေ (၁၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီး၏ အရှည်အတိုင်းအတာမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးတောင်ကြား အဖြစ် သတ်မှတ်ထားသော အမေရိကန်နိုင်ငံမှ ဂရင်းကန်ညွန် ချောက်ကမ်းပါးကြီးထက် ၁၀ ဆခန့် ပိုမို ရှည်လျား ကြီးမားနေခြင်း ဖြစ်ပါသည်။

ထို Valles Marineris ချောက်ကြီးသည် မားစ်ဂြိုလ်၏ အလယ် အီကွေတာမျဉ်းပေါ်တွင် တည်ရှိနေပြီး အတိုင်းအတာအားဖြင့် အမေရိကန်နိုင်ငံ အရှေ့မှ အနောက် အထိ ရှည်လျားနေခြင်း ဖြစ်ပါသည်။

မားစ်ဂြိုလ်ပေါ်တွင် ကျွန်ုပ်တို့ ကမ္ဘာမြေကဲ့သို့ အောက်ခံကျောက်လွှာချပ်များ တည်ရှိနေခြင်းမျိုး မရှိဘဲ ချောက်ကမ်းပါးကြီး ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းကို လေ့လာစမ်းစစ်နေကြတုံးပါ။ ထိုဂြိုလ်ပေါ်သို့ စက်ရုပ်ယာဉ်များ စေလွှတ်နိုင်ခဲ့သော်လည်း လူသားများကိုယ်တိုင် သွားရောက်လေ့လာဖို့တော့ ကြိုးစားနေကြတုံးပါ။

ယခုအခါ မားစ်ဂြိုလ်နှင့် ပတ်သတ်ပြီး စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ကာ အနာဂတ်အစီအစဉ်များလည်း ချမှတ်နေကြပါပြီ။ နောင်နှစ်များတွင် ထပ်မံတွေ့ရှိမှုများ ရရှိလာကြအုံးမည် ဖြစ်ပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။