Wednesday, July 5, 2017
ဆွီဒင်နိုင်ငံ မှ ကမ္ဘာ့ပထမဆုံး Recycle Mall
ဆွီဒင်နိုင်ငံတွင် ReTuna Aterbruksgalleria အမည်ရှိ ဈေးဝယ်စင်တာ တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ ထို ဈေးဝယ်စင်တာသည် အခြားစင်တာများနှင့် မတူဘဲ အသုံးပြုပြီးသား ပစ္စည်းများ ၊ စွန့်ပစ်လေလွင့် ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်ထားသည့် Recycle ပစ္စည်းများကိုသာ အဓိကထား ရောင်းချနေခြင်း ဖြစ်ပါသည်။
ထိုနေရာသို့ လာရောက်သူများ အနေဖြင့် မိမိအသုံးမလိုတော့သည့် ပစ္စည်းများ ၊ အသုံးအဆောင်များကို ပြန်လည်လှူဒါန်းထားခဲ့နိုင်ပြီး ၊ မိမိအတွက် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူနိုင်ကြပါသည်။ သို့သော် ရောင်းချသည့် ပစ္စည်းများသည် အခြားသူများ စွန့်ပစ်လှူဒါန်းထားသည့် ပစ္စည်းများကို စက်ရုံများတွင် ပြန်လည်ပြုပြင် ဖန်တီးပေးထားသော ပစ္စည်းများသာ ဖြစ်ပါသည်။
ထို Recycle Mall တွင် ရောင်းချသည့် ပစ္စည်းများမှာလည်း အမျိုးအစား စုံလှပြီး ကွန်ပြူတာ နှင့် ခေတ်မှီ အလက်ထရွန်နစ် ပစ္စည်းများ ၊ ပရိဘောဂ နှင့် အိမ်အသုံးအဆောင်များ ၊ အ၀တ်အထည် နှင့် လူ့အသုံးအဆောင်များ ၊ အိမ်အသုံးအဆောင်များ နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ စသည်ဖြင့် အမျိုးအမည်စုံ ရရှိစေမည် ဖြစ်ပါသည်။
ထို့ပြင် ဈေးဝယ်စင်တာတို့နည်းတူ စားသောက်ဆိုင် ၊ ကော်ဖီဆိုင် ၊ အပန်းဖြေနားနေရန် နေရာများ ၊ ပြခန်းများ နှင့် အစည်းအဝေးခန်းမအပြင် Recycle ပစ္စည်းများကို ပြုပြင်ထုတ်လုပ်ပုံ သင်တန်းကောလိပ်ပါ တည်ရှိနေပါသည်။
ထို Recycle Mall ကို ဖွင့်လှစ်ခဲ့သည့် ဒေသအာဏာပိုင်များသည် Recycle ပစ္စည်းများကို လူများ အသုံးပြုနိုင်ရန် ဖန်တီးနိုင်ခဲ့သည်သာမက အလုပ်အကိုင်အခွင့်အလမ်း အသစ်များစွာကိုပါ ဖန်တီးပေးနိုင်ခဲ့ပါသည်။
တိုးတတ်သော နိုင်ငံ ဖြစ်သဖြင့် သူများသုံးပြီးသား သုံးကြပါ့မလား ထင်ရသော်လည်း စိတ်ဝင်စားသူ အများအပြား လာရောက် လေ့လာဝယ်ကြသဖြင့် အောင်မြင်သော လုပ်ဆောင်ချက် တစ်ခု ဖြစ်လာပါသည်။ တစ်ကမ္ဘာလုံးတွင် Recycle ပစ္စည်းများကို ပြန်လည်အသုံးချ နေကြသော်လည်း ထိုကဲ့သို့ Recycle Mall တစ်ခု ဖွင့်နိုင်ခဲ့သည်မှာ ယခု Mall သည် ကမ္ဘာ့ပထမဆုံး ဖြစ်ကြောင်း ဆိုကြပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...