Saturday, September 9, 2017

ဂျပန်နိုင်ငံ မှ ယုန်ကျွန်း

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ကြောင်ကျွန်းအကြောင်းတော့ ယခင်ကတင်ပေးဖူးပါတယ်။ ယခုလည်း ကျွန်းတစ်ခုလုံးနီးပါး ယုန်များမင်းမူနေသော Ohkunoshima ဆိုတဲ့ ယုန်ကျွန်းအကြောင်း ထပ်မံတင်ပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံရှိ အိုကူနိုရှီးမားကျွန်းငယ်လေးသည် ရှေးယခင်ကတည်းက ငါးဖမ်းသမားများ အခြေချ နေထိုင်ခဲ့ကြပါတယ်။ သို့ပေမယ့် ၁၉၂၅ ခုနှစ်တွင် အဆိပ်ဓာတုဓာတ်ငွေ့စက်ရုံကို ထိုကျွန်း၌ လာရောက် တည်ဆောက်ခဲ့ပါတယ်။ ထိုအချိန်မှ စ၍ အေးချမ်းလှတဲ့ ကျွန်းကလေးသည် နာမည်ဆိုးနေရာ တစ်ခုအဖြစ် ပြောင်းလဲခဲ့ရပါတယ်။

သို့သော် နောက်ပိုင်း နှစ်တွေကြာမြင့်လာပြီး ဒုတိယကမ္ဘာစစ်အပြီးတွင်တော့ ထိုကျွန်းကလေးသည် ပြန်လည်အေးချမ်း လာပါတယ်။ အဆိပ်ဓာတ်ငွေ့စက်ရုံများ ပိတ်ထားပြီး ဖြစ်ပါတယ်။ ယခုအခါအဆိပ်ဓာတ်ငွေ့စက်ရုံ အဆောက်အဦအဟောင်းကြီးကို တွေ့မြင်ရမည် ဖြစ်ပါတယ်။


ထို့ပြင် ၁၉၈၈ ခုနှစ်တွင် အဆိပ်ဓာတ်ငွေ့ပြတိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်များအတွက် ပညာသင်ကြားမှုများလည်း ပြုလုပ်ပေးခဲ့ပါတယ်။

ယခုအခါ အိုကူနိုရှီးမားကျွန်းငယ်လေးရဲ့ နာမည်ကျော်ကြားမှုသည် ချစ်စဖွယ်ယုန်ကလေးများ တစ်ကျွန်းလုံးအနှံ့ ပျံ့နှံ့နေထိုင်ကြသောကြောင့် ဖြစ်ပါတယ်။ ယုန်ကလေးများသည် ဖမ်းယူစားသောက်သူ မရှိဘဲ လွတ်လပ်စွာ နေထိုင်အသက်ရှင် ပွားများလာလျက် ရှိနေပါတယ်။

ယုန်ချစ်သူများအနေဖြင့် ထိုကျွန်းသို့သွားရောက်ကာ ယုန်ကလေးများကို အစာကျွေးခြင်း ၊ ဆော့ကစားခြင်း ပြုလုပ်လေ့ရှိကြပါတယ်။ ယုန်များကလည်း တစ်ကျွန်းလုံးအနှံ့ လွတ်လွတ်လပ်လပ် ပြေးလွှားနေကြသလို လာရောက်လည်ပတ်သူများအနေဖြင့် ယုန်ကို အန္တရာယ်ပေးနိုင်တဲ့ ခွေး ၊ ကြောင် စသည်များကို မခေါ်ဆောင်လာရပါ။ ယုန်လေးများသည်လည်း လူနှင့် အလွန်ကို ရင်းနှီးနေပြီး မကြောက်ကြတော့ပါ။

ထိုယုန်ကလေးများကို တစ်ချို့က အဆိပ်ဓာတ်ငွေ့စက်ရုံ ရှိစဉ်က အဆိပ်ဓာတ်ငွေ့ကို စမ်းသပ်ရန် မွေးမြူထားသော ယုန်များ မျိုးပွားလာခြင်း လို့ ထင်မှတ်ကြပါတယ်။ ဒါပေမယ့် ပညာရှင်များကတော့ ယုန်များနှင့် အဆိပ်ဓာတ်ငွေ့စက်ရုံ မည်သို့မှ မပတ်သတ်ကြောင်း ဆိုကြပါတယ်။ တစ်ချို့ကတော့ ကျွန်းပေါ်သို့ လာရောက်ပညာသင်သော ကျောင်းသားများက မွေးမြူထားပြီး တဖြည်းဖြည်း ပွားများလာခြင်းလို့လည်း ဆိုကြပါတယ်။

မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံရှိ အိုကူနိုရှီးမားကျွန်းငယ်လေးသည် ယုန်ကျွန်းအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး ယုန်ချစ်သူများကတော့ တကူးတက သွားရောက် အစားကျွေး လည်ပတ်နေကြမည် ဖြစ်ပါတယ်။







သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...