ရုရှနိုင်ငံ ၊ Siberia ဒေသ တောင်ဘက်စွန်းတွင်တည်ရှိသော Lake Baikal ရေကန်ကြီးသည် ကမ္ဘာ့အနက်ဆုံး ရေကန်ကြီး ဖြစ်သလို ကမ္ဘာပေါ်တွင် ရေချိုပမာဏအများဆုံး တည်ရှိရာ ရေကန်ကြီးလည်း ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရေကန်ကြီးလည်းဖြစ်ပြီး ၊ ကမ္ဘာပေါ်ရှိ ကြည်လင်သန့်ရှင်းသော ရေကန်ကြီးများတွင်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထို့ပြင်မက ကမ္ဘာ့အကြီးဆုံး ရေကန်ကြီးများတွင်လည်း နံပါတ်(၇) အဖြစ်စာရင်းဝင်နေသော သာယာလှပသည့် သဘာဝရေကန်ကြီး ဖြစ်ပါသည်။

Lake Baikal ရေကန်ကြီးသည် ကမ္ဘာပေါ်တွင် ရေချိုပမာဏ အများဆုံးတည်ရှိသောရေကန်ကြီး ဖြစ်ပြီး ကမ္ဘာပေါ်ရှိရေချိုပမာဏ စုစုပေါင်း၏ ၂၀ မှ ၂၃ ရာခိုင်နှုန်းအထိ တည်ရှိနေပါသည်။

ထို့ပြင် အမြင့်ဆုံး ရေအနက် ၁၆၄၂ မီတာ (၅၃၈၇ ပေ) အထိ နက်သဖြင့် ကမ္ဘာ့ရေအနက်ဆုံး ကန်ကြီးအဖြစ်လည်း သတ်မှတ်ထားကြပါသည်။

Lake Baikal ရေကန်ကြီးသည် ကြည်လင်သန့်ရှင်းသော စိမ်းပြာရောင် ရေပြင်ကြီး ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာ့ပေါ်ရှိ သန့်ရှင်းကြည်လင်ဆုံးသော ရေကန်များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ လွန်ခဲ့သော နှစ် ၂၅ သန်းခန့် ကတည်းက စတင်ဖြစ်တည်လာသဖြင့် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ရေကန်ကြီးလည်း ဖြစ်ပါသည်။

31,500 စတုရန်းကီလိုမီတာ ကျယ်ဝန်းသော Lake Baikal သည် ကမ္ဘာ့အကြီးဆုံး ရေကန်များတွင် နံပါတ် ၇ အဖြစ်ရပ်တည်နေပါသည်။ ( ကမ္ဘာ့ အကြီးဆုံး ရေကန်ကြီးများ အကြောင်းကို နေခရမ်းမှ သီးခြားတင်ပေးထားဖူးပါသည်)

၁၉၉၆ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ထားခဲ့ပြီး ထိမ်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ခဲ့ပါသည်။ Baikal ရေကန်ကြီး တည်ရှိရာ ဒေသတွင် အပင်မျိုးနွယ်ပေါင်း ၂၀၀၀ ကျော် နှင့် သိုး ၊ ဆိတ် ၊ ကျွဲ ၊ နွား နှင့် ကုလားအုပ်ကဲ့သို့ တိရိစ္ဆာန်ပေါင်း ၂၆၀၀ ခန့် မှီတင်းနေထိုင် ကြပါသည်။

Baikal ရေကန်ကြီးသည် ကမ္ဘာကျော် နေရာတစ်ခုဖြစ်သဖြင့် ခရီးသွားဧည့်သည်များ များစွားလာရောက်တတ်ကြပါသည်။ သာယာလှပသော ရှု့ခင်းများ နှင့် ကန်ရေပြင်ကျယ်ကြီးအလှအပြင် ဆောင်တွင်းဘက် ရေခဲနေချိန် အလှတစ်မျိုးကြောင့်လည်း ကမ္ဘာကျော်ရခြင်း ဖြစ်ပါသည်။

Baikal ရေကန်ကြီးသည် ဆောင်းတွင်းဘက်၌ အပူချိန်သည် အနိမ့်ဆုံး −19 °C (−2 °F) အထိ ရှိတတ်ပြီး နွေဘက်တွင် အပူချိန် အများဆုံးအဖြစ် 14 °C (57 °F) ရှိပါသည်။ ထို့ကြောင့် ဆောင်းတွင်းဘက်တွင် အလွန်အေးခဲပြီး ရေများခဲနေသော ကန်ကြီး၏ အလှမှာ တစ်မျိုးအလှထူးနေပါသည်။ ရေခဲအချပ်ကြီးများ ဖြစ်တည်နေပုံမှာလည်း လှပလွန်းပါသည်။

စိမ်းပြာရောင် ရေခဲများနှင့် တောက်ပနေသည့် Baikal ရေကန်ကြီး၏ ဓာတ်ပုံများသည် အင်တာနက်စာမျက်နှာများတွင် အလွန်နေရာယူလှပါသည်။ ထို့သို့ ရေခဲနေသော ကန်ကြီးတွင် ပျော်ပွဲရွှင်ပွဲများနှင့် ပွဲတော်များလည်း ကျင်းပတတ်ကြကာ ခရီးသွားဧည့်သည်များ အများဆုံးသွားရောက် လည်ပတ်တတ်ကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။