Tuesday, October 31, 2017

ကမ္ဘာ့အမြင့်ဆုံး တံတားသစ်ကြီး Beipanjiang (Duge) တံတားကြီး

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် Beipanjiang (Duge) တံတားကြီးကို ကမ္ဘာ့အမြင့်ဆုံး တံတားကြီးအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုတံတားကြီးသည် တရုတ်နိုင်ငံ ၊ Liupanshui အနီးတွင် တည်ရှိပြီး တောင်နှစ်လုံးကြား ချိုင့်ဝှမ်းကို ဖြတ်ဖောက်ထားသည့် ကေဘယ်ကြိုးတံတား ဖြစ်ပါသည်။

Yunnan နှင့် Guizhou ပြည်နယ်တို့၏ နယ်ခြားမြစ်ဖြစ်သော Beipan မြစ်ကြီးတည်ရှိရာ တောင်နှစ်လုံးကြားကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားရှည်ကြီး ဖြစ်ပါသည်။ထိုတံတားကြီးသည် ၅၆၅ မီတာ (၁၈၅၄ ပေ) အထိ မြင့်ပါသည်။ ထိုအတိုင်းအတာသည် အထပ် ၂၀၀ ရှိသော မိုးမျှော်တိုက်ကြီး ပမာဏနှင့် ညီမျှပါသည်။ တံတားကြီး၏ အရှေ့ဘက် တံတားတိုင်တာဝါအမြင့်သည် ၂၆၉ မီတာ ( ၈၈၃ ပေ ) မြင့်ပါသည်။ ထိုတာဝါတံတားတိုင်သည်လည်း ကမ္ဘာ့အမြင့်ဆုံး တာဝါတိုင်များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။

Beipanjiang (Duge) တံတားကြီး၏ တောင်နှစ်လုံးကို ပေါင်းကူးပေးထားသည့် တံတားတိုင် နှစ်ခုကြား အကွာအဝေးသည် ၇၂၀ မီတာ (၂၃၆၀ ပေ) အရှည်ရှိပါသည်။ တံတားတစ်ခုလုံး၏ စုစုပေါင်း အရှည်သည် ၁၃၄၀ မီတာ (၄၄၀၀ ပေ) အထိရှိပါသည်။

ယခင် လေးနာရီကျော် ကားမောင်းရသည့် နေရာတွင် ထိုတံတားကြီး တည်ဆောက်လိုက်သဖြင့် အချိန် တစ်နာရီခန့်သာ ကြာပါတော့သည်။ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခု ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ စုစုပေါင်း ကုန်ကျငွေ (£88 သန်း) အထိရှိခဲ့ပါသည်။

ကမ္ဘာ့အမြင့်ဆုံး တံတားကြီးများ ထိပ်ဆုံး (၁၀)ခုတွင် တရုတ်နိုင်ငံမှ တံတား ၈ စင်းအထိ ပါဝင်နေပါသည်။ ယခုကမ္ဘာ့အမြင့်ဆုံး စာရင်းသည် တောင်နှစ်လုံးကြား ချိုင့်ဝှမ်းအောက်ခြေမှ တံတားကြီး တာဝါတိုင်ထိပ်အထိကို တွက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြင့်မားသော ချိုင့်ဝှမ်းတောင်ပေါ်တွင် တည်ဆောက်ထားသောကြောင့် ကမ္ဘာ့အမြင့်ဆုံး အဖြစ်စာရင်းဝင်နိုင်ခြင်းလည်း ဖြစ်ပါသည်။ တံတားကိုယ်ထည်ရှိ တံတားတိုင် အောက်ခြေမှ တံတားတိုင် ထိပ်အထိကို တိုင်းတာလျှင် Beipanjiang (Duge) တံတားကြီးသည် အမြင့်ဆုံး မဟုတ်နိုင်တော့ပါ။ ထိုအကြောင်းကို သီးခြားတင်ပေးဖူးပါသည်။





သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...