Thursday, October 12, 2017

လူသားများအတွက် အန္တရာယ်အရှိဆုံး သတ္တ၀ါများ

ကျွန်တော်တို့လူသားများအတွက် အန္တရာယ်အရှိဆုံး နှင့် သေစေနိုင်မှု အများဆုံး သတ္တ၀ါများကို စုစည်းတင်ပေးလိုက်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသေစေနိုင်မှုအများဆုံး အကြောင်းအရာများကို စစ်တမ်းထုတ် မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကြည့်လိုက်ကြရအောင်ဗျာ…

( ၁ ) ခြင်
ကမ္ဘာပေါ်မှာ လူသားများကို သေစေနိုင်မှုအများဆုံး အန္တရာယ်အပေးဆုံး သတ္တ၀ါကတော့ အရွယ်အစား မကြီးမားသလို သာမာန်အားဖြင့် ကြောက်စရာကောင်းသော ပုံစံလည်း မရှိနေပါ။ ခြင်သည် တစ်ကမ္ဘာလုံးရှိ လူသားများအတွက် အန္တရာယ်အပေးနိုင်ဆုံး ဖြစ်နေပြီး တစ်နှစ်လျှင် ခြင်ကြောင့် ပျမ်းမျှအားဖြင့် (၇၂၅ ၀၀၀) ဦး သေဆုံးနေခဲ့ရပါသည်။ ကလေးငယ်များအတွက် အန္တရာယ် အပေးနိုင်ဆုံး ဖြစ်သလို လူကြီးများအတွက်လည်း အန္တရာယ်အပေးနိုင်ဆုံး အသေအပျောက်အများဆုံး ဖြစ်စေသော ခြင် ပါ။ ခြင်ကြောင့် သွေးလွန်တုပ်ကွေး ၊ ငှက်ဖျားရောဂါ ၊ ဆင်ခြေထောက်ရောဂါမျိုးများသာမက ကူးစက်တတ်သော ရောဂါပိုးများကိုလည်း ဖြစ်စေတတ်ပါသည်။ ထိုကူးစက်တတ်သော ရောဂါပိုးများဖြစ်ပွားကူးစက်စေ သဖြင့် ခြင်သည် လူသားများအတွက် ကြောက်စရာ အကောင်းဆုံး ဖြစ်နေခြင်း ဖြစ်ပါသည်။ ယခုနောက်ဆုံး ဇီကာ ဗိုင်းယပ်ပိုးသည်လည်း ခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေပါသဖြင့် တစ်ကမ္ဘာလုံး ကြောက်ရွံ့စိုးရိမ်မှု ဖြစ်စေခဲ့ရပါသည်။ ကံကောင်းသည့်အချက်မှာ ခြင်ကြောင့် ခုခံအားကျဆင်းမှုရောဂါ (HIV – AIDS) မကူးစက်စေပါ။ ထိုသို့မဟုတ်ခဲ့လျှင် ကမ္ဘာကြီးတွင် လူသားမျိုးနွယ် ပျောက်ဆုံးမတတ် ဖြစ်သွားနိုင်ပါသည်။

( ၂ ) လူသားများ
လူသားများကို သေစေနိုင်မှု ဒုတိယအများဆုံးအဖြစ် သတ်မှတ်ထားသည်မှာ လူသားများပင် ဖြစ်ပါသည်။ တစ်ချို့စာရင်းများတွင် လူကို အန္တရာယ်အပေးနိုင်ဆုံးအဖြစ် နံပါတ်(၁) ပင် ပေးထားကြပါသည်။ ဒါကလည်း နှစ်အချို့တွင် လူ၏ပယောဂကြောင့် လူတွေသေရသည့် အကြောင်းများ အလွန်များသွားခြင်းကြောင့် ဖြစ်ပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့လူသားများသည် လူသားအခြင်းခြင်း ဖြစ်ကြသော ပဋိပက္ခစစ်ပွဲများ ၊ ရန်ပွဲများ ၊ အခြားသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးကြနေရပါသည်။ စာရင်းများအရ လူသားကြောင့် လူသေမှုအရည်အတွက် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၄၇၅ ၀၀၀ အထိ ရှိကြောင်းသိရပါသည်။ တစ်ဦးစီ ဖြစ်ကြသော ရာဇ၀တ်မှုများ ၊ လူသတ်မှုများမှသည် လူအများဖြင့် ဖြစ်ကြသော စစ်ပွဲများ ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိုကဲ့သို့ သေဆုံးမှု များနေရပါသည်။ ကမ္ဘာစစ်ပွဲတွေဖြစ်ပေါ်သောအခါ လူ သန်းနှင့်ချီ၍ သေရသလို ယခုနောက်ပိုင်း အကြမ်းဖက် စစ်ပွဲများကြောင့်လည်း သေဆုံးရသည့် အရေအတွက်များ တိုးလာရပါသည်။
(၃) မြွေ

မြွေ၏အသက်အန္တရာယ်ပေးနိုင်မှုကတော့ အငြင်းပွားဖွယ် မရှိလောက်အောင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း၌ အဆိပ်ပြင်းသော မြွေဆိုးများ ကိုက်ခံရမှုကြောင့် နှစ်စဉ် ပျမ်းမျှ လူ ၅၀ ၀၀၀ လောက်သည် သေဆုံးနေကြရပါသည်။

(၄) ခွေး
ကမ္ဘာတစ်ဝှမ်း နှစ်စဉ်ပျမ်းမျှ လူ ၂၅ ၀၀၀ လောက်သည် ခွေးများကြောင့် သေဆုံးနေရပါသည် ဆိုလျှင် သင်အံ့သြနိုင်ပါသည်။ ခွေးသည် လူသားများ၏ အဖော်မွန်ဖြစ်သလို ချစ်စရာ အိမ်မွေးတိရိစ္ဆာန်ဖြစ်နေ သော်လည်း လက်တွေ့တွင် အန္တရာယ်အများဆုံး နံပါတ် (၄) အဆင့် သတ်မှတ်ခံရပါသည်။ သို့သော် အိမ်မွေးခွေးများကြောင့် လူအသေအပျောက်များရခြင်းသည် အကြောင်းအရင်း မဟုတ်ပါ။ ရိုင်းစိုင်းပြီး လူကို အန္တရာယ်ပေးတိုက်ခိုက်တတ်သော ခွေးများ နှင့် ခွေးရူးရောဂါများကြောင့်သာ လူအသေအပျောက်များနေကြရခြင်း ဖြစ်ပါသည်။

(၅) Tsetse ယင်ကောင်
 
နောက်ထပ်လူသားများ အတွက် အသက်အန္တရာယ်အပေးနိုင်ဆုံး တိရိစ္ဆာန်သုံးမျိုး ကတော့ အရွယ်ပမာဏအားဖြင့် ကြီးမားကြောက်စရာ ကောင်းသော အရာများ မဟုတ်ကြပါ။ အာဖရိကတိုက်တွင် လူပေါင်းများစွာကို သေကြေနိုင်သည်အထိ အန္တရာယ်အပေးနိုင်ဆုံး မှာ ဆီဆီယင်ကောင်လေးများပင် ဖြစ်ပါသည်။ ထိုယင်ကောင်လေးများသည် ဖျားနာခြင်းကဲ့သို့ ပြင်းထန်သည့် ရောဂါပိုးများကို ကူးစက်ပျံ့နှံ့စေတတ်ပြီး အာဖရိကတိုက်၏ အန္တရာယ် အပေးနိုင်ဆုံး သတ္တ၀ါများတွင် ပါဝင်နေပါသည်။ ဆီဆီယင်ကောင်သည် အခြားယင်ကောင်များထက် ကိုယ်ခန္ဓာ အနည်းငယ်ပိုကြီးပြီး ထိုယင်ကောင် စတင်အကိုက်ခံရပါက ဖျားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပေါ်စေပြီး ၊ ထို့နောက်ပိုင်းတွင် ပို၍အဖျားကြီး နုံးချိလာကာ အိပ်ပဲအိပ်ချင် နေစေပါတော့သည်။ တစ်ချို့ပိုမိုပြင်းထန်သော ဆီဆီယင်ကောင်များကြောင့် သေဆုံးစေမှုများ များစွာဖြစ်ပေါ်စေပါသည်။ အာဖရိကတိုက်တွင် အလွန်လူသေစေသော အကောင်လေးများဖြစ်ပြီး ကုသရန် ဆေးလည်း ကြိုးစားရှာဖွေနေရတုံးပါ။ တစ်နှစ်လျှင် ပျမ်းမျှ လူဦးရေ ၁၀ ၀၀၀ ခန့် သေကြေနေရပါသည်။ အခြားယင်ကောင်များကြောင့် ၀မ်းရောဂါကဲ့သို့ ကြောက်စရာ ရောဂါများ ဖြစ်ပွားတတ်သော်လည်း ထိုဆီဆီယင်ကောင်များကတော့ ခြင်များကဲ့သို့ပင် လူ၏သွေးကိုစုပ်ကာ သေဆုံးစေသည်အထိ ဖြစ်စေသည်မှာလည်း ထူးခြားပါသည်။

(၆) Assassin bug
နောက်ထပ်လူသားများ အတွက် အသက်အန္တရာယ်အပေးနိုင်ဆုံး အကောင်ကလည်း အရွယ်ပမာဏ သေးငယ်သော အင်းဆက်ပိုးကောင် ကလေးပါပဲ။ နေအိမ်အတွင်းမှာ နေထိုင်ပြီး လူများအား အနီးကပ် ဒုက္ခပေးနိုင်သည့် ထို Assassin bug ကလေးများ၏ အကိုက်ခံရခြင်းနှင့် ဆက်စပ်ပြီး တစ်နှစ်လျှင် လူ ၁၀ ၀၀၀ ခန့် သေဆုံးနေရကြောင်း မှတ်တမ်းများက ဆိုကြပါသည်။ ထိုအကောင်လေးများကို Kissing bug ဟုလည်း ခေါ်ကြပါသည်။

(၇) Freshwater snail
နောက်ထပ် လူသားများကို အန္တရာယ်အပေးနိုင်ဆုံး အကောင်လေးများကတော့ လူအများ မထင်ထားသော ရေချိုခရုလေးများ ဖြစ်ပါသည်။ ထိုအကောင်လေးများကြောင့် ပျမ်းမျှ နှစ်စဉ် လူ ၁၀၀၀၀ ခန့် သေဆုံးစေရပါသည်။ ထိုခရုလေးများသည် လူကိုတိုက်ရိုက်ကိုက်ခဲသေစေခြင်းမျိုး မဟုတ်ဘဲ အန္တရာယ်များသော ကပ်ပါးရောဂါပိုးများကို သယ်ဆောင်ဖြန့်ဝေ ပေးသော လက်သည်တရားခံများ ဖြစ်ပါသည်။ ရောဂါပိုးဝင်နေသော ခရုလေးများကြောင့် လူသားများသည် တုပ်ကွေးကဲ့သို့ ရောဂါများ ၊ သွေးအန်ခြင်း ၊ (အောက်ပိုင်း)ခြေထောက်များ သေဆုံးခြင်း ကဲ့သို့ ရောဂါများကို ရရှိခံစားကြရပါသည်။ ထိုကဲ့သို့ ပြင်ထန်သော ကပ်ပါးရောဂါပိုးများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ၊ လူဦးရေ များပြားထူထပ်လာခြင်း နှင့် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်မှုပုံစံအခြေအနေများကြောင့် တိုး၍ ဖြစ်ပွားလာတတ်ပါသည်။

(၈) သန်ကောင် နှင့် တုတ်ကောင်
အများအားဖြင့် လူသိများကြသည့် သန်ကောင် နှင့် တုတ်ကောင်များကြောင့် နှစ်စဉ် ပျမ်းမျှ လူ ၂၅၀၀ ခန့် သေကြေနေရပါသည်။ နေထိုင်မှုပုံစံ နှင့် အစားအသောက်ပုံစံ ညစ်ပတ်ခြင်းများကြောင့် ထိုအကောင်လေးများ၏ ဒုက္ခပေးမှုကို ခံစားကြရခြင်း ဖြစ်ပါသည်။

(၉) မိကျောင်း
အလွန်ကို ကြောက်စရာကောင်းပြီး လူကိုကိုက်ဆွဲ သေစေနိုင်ပြီး ရေပြင်တွင် အင်အားကြီးလှသည့် မိကျောင်းများကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ်ပျမ်းမျှ လူ ၁၀၀၀ လောက် သေစေရပါသည်။
လူကိုသေစေသည်အထိ အန္တရာယ်အပေးနိုင်ဆုံး တိရိစ္ဆာန်များတွင် အကောင်သေး တိရိစ္ဆာန်များသာ ထိပ်ပိုင်းမှ ပါဝင်နေပြီး ၊ အရွယ်အစားကြီး အကောင်မျိုးများ၌ မိကျောင်းသည် ထိပ်ဆုံးမှ ဖြစ်ပါသည်။ သို့သော် သူ့ကြောင့်သေဆုံရမှုသည်ပင် ထိပ်ပိုင်း စာရင်းများနှင့် ယှဉ်ပါက အလွန်ကွာခြားနေပါသေးသည်။

(၁၀) ရေမြင်း
နောက်ထပ်လူသားများကို အသေစေဆုံး တိရိစ္ဆာန်တစ်မျိုးကတော့ ရေမြင်းပဲ ဖြစ်ပါသည်။ ရေမြင်းကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်နှစ်လျှင် ပျမ်းမျှ လူ ၅၀၀ ခန့် သေကြရပါသည်။

(၁၁) ဆင်
ယခုလက်ရှိ ကုန်းနေသတ္တ၀ါများတွင် အကောင်အကြီးဆုံးလည်းဖြစ်သည့် ဆင်များကြောင့် တစ်နှစ်လျှင် လူ ၁၀၀ ခန့် သေကြေပျက်စီးကြရပါသည်။

(၁၂) ခြင်္သေ့
တောဘုရင်ဟု တင်စားကြသည့် ခွန်အားကြီးမားသန်မာသည့် ခြင်္သေ့များကြောင့်လည်း တစ်နှစ်လျှင် ပျမ်းမျှ လူ ၁၀၀ ခန့် သေကြရပါသည်။

(၁၃) ၀ံပုလွေ
တောတွင်းမှာတော့ ကြောက်စရာကောင်းသည့် တိရိစ္ဆာန် တစ်မျိုးပဲ ဖြစ်ပါသည်။ အထူးသဖြင့် ရုပ်ရှင်ဇာတ်ကားများတွင် လူသားများကို အလွန် ကိုက်ဖြတ်စားသောက်တတ်ကြပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကြည့်မည်ဆိုလျှင် ၀ံပုလွေများကြောင့် တစ်နှစ်လုံးမှ ပျမ်းမျှ လူ ၁၀ ယောက်လောက်ပဲ သေဆုံးကြပါသည်။

(၁၄) ငါးမန်း
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများတွင် အလွန်လူသတ်သော တိရိစ္ဆာန် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများတွင် ကြောက်စရာ ကောင်းလှအောင် လူကိုသေစေကြပေမယ့် တစ်နှစ်လျှင် လူ ၁၀ ယောက်လောက်သာ ငါးမန်းများကြောင့် လူသေကြရပါသည်။ ဒါပေမယ့် ပြင်ပကမ္ဘာမှာတော့ လူသားများက ငါးမန်းများကို နှစ်စဉ် သန်းနှင့်ချီကာ ဖမ်းဆီးသတ်ဖြတ် စားသောက်နေကြပါသည်။ တားမြစ်မှုတွေ ဘယ်လောက်လုပ်လုပ် ကမ္ဘာကျော် အစားအစာများတွင် ငါးမန်းသားဟင်းများကတော့ ပါဝင်နေမြဲပါ။

ဒီစာရင်းကို ကြည့်လျှင် အရွယ်ကြီးမားသော တိရိစ္ဆာန်ကြီးများကြောင့် လူသားများ သေစေရမှုသည် အချိုးအစား နည်းပါသည်။ ထိုအရွယ်ကြီးသော တိရိစ္ဆာန်များကိုသာ လူသားများက ဖမ်းဆီးစားသောက်နေကြပြီး  နှစ်စဉ် သန်းနှင့်ချီကာ တောတိရိစ္ဆာန်များ သေကြရပါသည်။
လူသားများအတွက် တကယ်အန္တရာယ် အပေးနိုင်ဆုံးသော သူများမှာ မထင်မှတ်ထားသော အကောင်သေး တိရိစ္ဆာန်များနှင့် လူသားများ ကိုယ်တိုင်ပင် ဖြစ်ပါသည်။
ယခုနောက်ပိုင်း ကမ္ဘာ့အခြေအနေများနှင့် လူမှုပုံစံများကြောင့် လူသားပင်လျှင် လူသားများအတွက် အန္တရာယ်အပေးနိုင်ဆုံး ၊ သေကြေမှု အဖြစ်နိုင်ဆုံး သတ္တ၀ါ ဖြစ်လာပါပြီ။ ယုံကြည်မှု အစွန်းရောက်မှု အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှုများ ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော စစ်ပွဲများ ၊ လူ၏ လောဘ ၊ ဒေါသ ၊မောဟ ကြောင့် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများကြောင့် နှစ်စဉ်သေဆုံးမှု တိုးပွားလာရပြီး ကမ္ဘာအန္တရာယ်အပေးနိုင်ဆုံး သတ္တ၀ါအစစ် ဖြစ်လာစေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...