နှစ်စဉ်နှစ်တိုင်း အနောက်နိုင်ငံများတွင် ပျော်ရွှင်စွာ ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုမှာ Halloween’ s day ဖြစ်ပါသည်။ အထူးသဖြင့် လူငယ်အများစု အနေဖြင့် ဆန်းသစ်တီထွင်ထားသော ၀တ်စုံဒီဇိုင်းများ ၊ မိတ်ကပ်များဖြင့် Halloween’ s day ကို ပါဝင်ဆင်နွဲလေ့ရှိပါသည်။ နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့ ညတိုင်း ကျင်းပသော ပွဲတော် ဖြစ်ပါသည်။

ယခင်က အနောက်နိုင်ငံများတွင် အများဆုံး ကျင်းပလေ့ရှိကြသော်လည်း ယခုအခါ အရှေ့တိုင်းနိုင်ငံများတွင်ပါ ကျင်းပနေကြတာ တွေ့မြင်ရပါသည်။ ထိုနေ့တွင် လူငယ်ယောကျာ်းလေး ၊ မိန်းကလေးများ အများစုသည် သရဲတစ္ဆေများကဲ့သို့ ၀တ်ဆင်ပြင်ဆင်ကာ Halloween’s night party များကို ဆင်နွဲကြပါသည်။ ဆန်းသစ်သော အပြင်အဆင်များကို ထုတ်ဖော်ပြသနိုင်ပါသဖြင့် လူငယ်များအကြိုက် ပွဲတော်အဖြစ်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်ပါသည်။

Halloween ဆိုသည်မှာ Hallowed evening ဆိုသည့် စကား၏ အတိုကောက်ဖြစ်ပါသည်။ မှတ်တမ်းများအရ ထိုစကားကို ၁၅၅၆ ခုနှစ်တွင် London ဘက်တွင် စတင်ခဲ့ကြောင်း ဆိုပါသည်။ ပွဲတော်စတင်လာပုံ အယူအဆများမှာ Celtic ပြက္ခဒိန်အရ နိုဝင်ဘာလ ၁ ရက် နေ့သည် နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ နှစ်ဟောင်းတစ်နှစ်၏ နောက်ဆုံးညသည် စုန်း၊ ကဝေတို့ရဲ့ ညအဖြစ် သတ်မှတ်ကြသလို သူတော်စင်တွေရဲ့ အကြိုညဟုလည်း ယူဆကြပါသည်။ ထို့ကြောင့်ပင် ထိုည၌ စုန်းကဝေ သရဲများကဲ့သို့ ၀တ်ဆင်မှုများလည်း အစပြုခဲ့ကြောင်း ဆိုကြပါသည်။ သူတော်ကောင်း တရားနဲ့ မကောင်းမှုများ အားပြိုင် ကြတဲ့နေ့ ဟု ယူဆသတ်မှတ် ဆင်နွဲကြပါသည်။

ထို့ပြင် Halloween’s Day တွင် မပါမဖြစ် ပါသော အရာတစ်ခုမှာ ဖရုံသီးမီးအိမ်များ ဖြစ်ပါသည်။ Halloween နှင့် သတ်ဆိုင်သော ပို့စကက်များတွင် အမြဲ မြင်တွေ့ရပါသည်။ ထိုဖရုံသီးမီးအိမ်ကို Jack ရဲ့ မီးအိမ်ဟု ခေါ်ဆိုကြပါသည်။ ကပ်စေးနည်း လွန်းသည့် Jack ဆိုတဲ့ လူတယောက်ဟာ သူသေရင် သူ့ရဲ့စိတ်ဝိညာဉ်ကို မယူရဘူးလို့ နတ်ဆိုး တကောင်နှင့် ကတိပြု ထားခဲ့ပါသည်။ သူသေတဲ့ တနေ့မှာတော့ စိန့်ပီတာက သူသည် လူ့ဘဝတွင် ကပ်စေးနည်းခဲ့သည့် အတွက် ကောင်းကင်ဘုံ တံခါးဝကို ဝင်ခွင့် မပေးဘဲ ငရဲကို သွားခိုင်းခဲ့ပါသည်။

သူငရဲပြည်ရောက်သွားချိန်မှာတွင် သူနဲ့ ကတိပြုခဲ့ဖူးသည့် နတ်ဆိုးမှ သူ့ကို ကယ်တင်လိုက်ပါသည်။ ထို့နောက် ကောင်းကင်ဘုံ နှင့် ငရဲကြားက အမှောင်နေရာ တစ်ခုတွင် ထားခဲ့ပါသည်။ သူ အမှောင်ထဲက ထွက်နိုင်ရန် နတ်ဆိုးမှ ငရဲမီး တစ်ခဲ ပေးလိုက်ပါသည်။ Jack သည် ထိုမီးခဲကို သူ့အကြိုက်ဆုံး တွေထဲက တစ်ခုဖြစ်သည့် အခေါင်းပါမုန်လာဥဖြူ တစ်ဥ ထဲတွင်ထည့်ပြီူးသွားလေရာ ယူသွားလေ့ ရှိပါသည်။ သူတော်စင် အကြိုညတွင် မုန်လာဥဖြူ ၊ ဘူးသီး ၊ အာလူး ၊ သကြားမုန်လာ စသဖြင့် ထိုပစ္စည်းများ၏ အထဲတွင် အလင်းရောင်ကို ထည့်သွင်းပြီး သရဲတစ္ဆေများကို ထွက်ပြေးစေဖို့ Jack မှ လုပ်ပေး ရပါသည်ဟု ဆိုပါသည်။ ထိုသည်မှာ Jack O’ lantern ဟုခေါ်သည့် ဂျက်ရဲ့မီးအိမ် အစစ်ဖြစ်ပါသည်။

အမှန်စင်စစ် ထို မီးအိမ်သည် ဖရုံသီး တစ်လုံး မဟုတ်ခဲ့ပဲ နောက်ပိုင်း အမေရိကားကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ Irish လူမျိုးများက ဖရုံသီးဟာ အခြား အသီးများထက် ထွင်းထုဖို့ ပိုပြီး လွယ်ကူသဖြင့် ဖရုံသီးကိုပဲ ဂျက်ရဲ့မီးအိမ်အဖြစ် စတင်ပြုလုပ်ခဲ့ကြောင်း ဆိုပါသည်။

Halloween’s Day နှင့် ပတ်သတ်ပြီး နိုင်ငံအလိုက် ၊ ဒေသအလိုက် ယူဆပုံ နှင့် ကျင်းပပုံ အနည်းငယ်ကွဲပြားမှု ရှိကြပါသည်။ “ All Saints’ Day ” ကို “ All Halloween’s Day ” အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ကြကြောင်းလည်း ဆိုကြပါသည်။ သဘောတရားယူဆပုံခြင်း တူကြပါသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာအရပ်ရပ် နိုင်ငံတိုင်း၏ အောက်တိုဘာ ၃၁ ရက်နေ့ညတွင် လူငယ်လူရွယ်များ အနေဖြင့် သူ့ထက်ငါ ထူးကဲသည့် အပြင်အဆင် ၊ မိတ်ကပ် ၊ အဝတ်အစားဒီဇိုင်း အမျိုးမျိုး ပြင်ဆင်ပြီး Halloween party ကို ပျော်ရွှင်စွာ ကျင်းပကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။