Thursday, November 30, 2017

မက္ကဆီကိုနိုင်ငံမှ ထိတ်လန့်ဖွယ် အရုပ်ကျွန်းလေး

ကမ္ဘာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် အကောင်းဆုံး နေရာများတွင် မက္ကဆီကိုနိုင်ငံမှ အရုပ်ကျွန်းလေးသည်လည်း ပါဝင်နေပါသည်။ ထိုကျွန်းပေါ်သို့ ရောက်ရှိလျှင် တွေ့မြင်ရမည့် အရုပ်ဟောင်းလေးများ များစွာကြောင့် ကမ္ဘာကျော် နေရာတစ်နေရာ အဖြစ် တည်ရှိနေသလို လည်ပတ်သူများအနေဖြင့် ရင်ထိတ်ဖွယ် ခံစားချက်များကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

ထိုကျွန်းကလေး၏ နေရာအနှံ့တွင် ရာပေါင်းများစွာသော ကျိုးပျက်နေသည့် ကလေးကစားစရာ အရုပ်လေးများ တည်ရှိနေပါသည်။ ခြေပြတ်လက်ပြတ် အရုပ်များ ၊ ခေါင်းမပါ ကိုယ်အင်္ဂါ မစုံသော အရုပ်ဟောင်းလေးများကို နေရာအနှံ့ တွေ့မြင်ကြရပါသဖြင့် ထိတ်လန့်ဖို့ကောင်းနေရခြင်းလည်း ဖြစ်ပါသည်။

ထို အရုပ်ကျွန်းလေးသည် မက္ကဆီကိုနိုင်ငံ မြို့တော် အနီးတွင်တည်ရှိပြီး Xochimilco တူးမြောင်းအတွင်းရှိ ကျွန်းငယ်လေး တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ် အရုပ်များနှင့် ပြည့်နှက်နေရသည့် နောက်ခံ အကြောင်းလည်း ရှိခဲ့ပါသည်။


လွန်ခဲ့သည့် နှစ် ၅၀ ကျော်က ထိုကျွန်းကလေးပေါ်တွင် နေထိုင်သော Don Julian Santana ဆိုသူ ရှိခဲ့ပြီး သူ၏ဇနီး နှင့် ကလေးက ထိုကျွန်းမှ ထွက်ခွာပြောင်းရွေ့သွားခဲ့ပါသည်။ အထီးကျန်ဖြစ်နေသော ဒွန်သည် ထိုကျွန်းကလေးအနီး ရေပြင်တွင် မိန်းကလေးငယ် တစ်ယောက်၏ ရေနစ်သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ပါသည်။ အလောင်းအနီး ကလေးဆော့ အရုပ်လေးလည်း တွေ့ရှိခဲ့ပါသည်။ ထိုအချိန်မှ စ၍ ထိုမိန်းကလေးငယ်မှ ဒွန်ကို ခြောက်လှန့်မှုများ ခံစားရသည်ဟု ဆိုပါသည်။ ထို့ကြောင့်ပင် သေဆုံးသွားသည့် မိန်းကလေးငယ် စိတ်ကျေနပ်စေရန် တူးမြောင်းအတွင်း မြောပါလာသည့် အရုပ်လေးကို သစ်ပင်တွင် စတင်ချိတ်ဆွဲ ပေးခဲ့ပါသည်။

သို့သော် ဒွန်ကို ခြောက်လှန့်မှုများ ဆက်လက်ရှိနေပြီး တူးမြောင်းအတွင်း မြောပါလာသည့် အခြားကလေးကစားစရာ အရုပ်ဟောင်းလေးများကို ထပ်မံစုစည်းခဲ့ပါသည်။ ထို့နောက် ကျွန်းအနှံ့ နေရာများစွာတွင် ထိုကဲ့သို့ ပုံပျက်ပန်ူပျက်ဖြစ်နေသော အရုပ်လေးများကို နေရာချ ချိတ်ဆွဲထားခဲ့ပါသည်။

ဒွန်အနေဖြင့် ထိုကဲ့သို့ ပြုလုပ်ရသည်ကို အလုပ်တစ်ခုအနေဖြင့် တစ်စိုက်မတ်မတ် ပြုလုပ်လာခဲ့ကာ မကောင်းဆိုးဝါးများ သူ့ကို ညတိုင်း ခြောက်လှန့်နေသည်ဟုလည်း ထင်မှတ်လာခဲ့ပါသည်။ တူးမြောင်းအတွင်း မျေားပါလာသော အရုပ်ဟောင်းများပင်မက ၊ အခြားသော နေရာများမှ အရုပ်ဟောင်းများကိုပါ ရှာဖွေပြီး ကျွန်းအနှံ့ နေရာချထား ခဲ့ပါသည်။

ထို့ပြင် မိမိကျွန်းပေါ်တွင် စိုက်ပျိုးထားသည့် အသီးအနှံများကိုပင် အရုပ်ဟောင်းများဖြင့် လဲကာ ရယူခဲ့ပါသည်။ ထို့ကြောင့်ပင် ကျွန်းကလေးပေါ်၌ အရုပ်ဟောင်းလေးများ များပြားလာကာ လာရောက်လည်ပတ်သူများအတွက် ထိတ်လန့်ဖွယ် ကောင်းလာစေပါသည်။

ထို့နောက်ပိုင်း ထိုကျွန်းကလေးကို Isla de las Munecas (Island of the Dolls) အရုပ်ကျွန်းဟု လူသိများလာခဲ့ပြီး လာရောက်လည်ပတ်သူများ များလာခဲ့ပါသည်။ အစပိုင်းနှစ်များတွင် လာရောက်လည်ပတ်သူများကို ဒွန်ကိုယ်တိုင် ကျွန်းအနှံ့လိုက်လံပြသကာ ဓာတ်ပုံများရိုက်သည့်အတွက် လာလည်သူများမှ ပေးအပ်သည့် ငွေကြေးအနည်းငယ်ကိုသာ လက်ခံခဲ့ပါသည်။

လူအများက ဒွန်ကို ရူးသွပ်နေသည်ဟု ဆိုကြသော်လည်း တစ်ချို့ကတော့ ဒွန်သည် တကယ်ပင် မကောင်းဆိုးဝါးများ၏ ခြောက်လှန့်မှုကို ခံရကြောင်း ယုံကြည်ကြပါသည်။

၂၀၀၁ ခုနှစ်တွင်တော့ ဒွန်တစ်ယောက် အရုပ်လေးများ ထပ်မံစုစည်း ချိတ်ဆွဲမှုများ မပြုတော့ဘဲ သီးခြားနေထိုင်ခဲ့သည်ဟု ဆိုပါသည်။ ထို အရုပ်ကျွန်းကလေးသည် ဒွန်ကွယ်လွန်ပြီးနောက် ပိုမို လူသိများ ကျော်ကြားလာကာ လာရောက်လည်ပတ်သူ များပြားလာခဲ့ပါသည်။

လာရောက်လည်ပတ်ကြသူများသည်လည်း ကျွန်းအနှံ့ ပုံပျက်ပန်းပျက် ချိတ်ဆွဲထားသော အရုပ်မျိုးစုံကို လိုက်လံကြည့်နေရင်း ထိတ်လန့်တုန်လှုပ်မှုများ ခံစားရကြောင်း ဆိုကြပါသည်။ တစ်ချို့ကလည်း အရုပ်လေးများ၏ မျက်လုံး ဖွင့်ပိတ်ပြုနေခြင်း ၊ ဦးခေါင်း လှည့်နေပုံများ တွေ့ကြရသည် ၊ ခြောက်လှန့်ခံရသည်ဟု ထင်မှတ်ခဲ့ကြပါသည်။ တစ်ချို့ကလည်း အရုပ်လေးများမှ အသံများကြရသည် ၊ အခြားခြောက်လှန့်မှုများ ကြုံရသည်ဟု ဆိုကြပါသည်။ ထိုကျွန်းကလေးကိုလည်း သရဲခြောက်သည့် နေရာတစ်နေရာအဖြစ် သတ်မှတ်မှုများလည်း ရှိကြပါသည်။

သရဲ မခြောက်စေကာမူ ပုံပန်းမကျသော ကလေးအရုပ်များကို နေရာအနှံ့ တွေ့မြင်နေရမှုသည်ပင် ထူးခြားနေသလို ခြောက်ခြားမှုလည်း ဖြစ်ပေါ်စေသည် အမှန်ပါ။ ထို့ကြောင့်ပင် ကမ္ဘာ့ထိတ်လန့်ဖွယ် နေရာတစ်နေရာ အဖြစ် လူအများက သတ်မှတ်ထားကြသလို
မည်သို့ပင် ဖြစ်ဖြစ် မက္ကဆီကိုနိုင်ငံမှ ထိတ်လန့်ဖွယ် အရုပ်က္မန်းလေးသည် လာရောက်သူများကို ရင်တုန်ဖွယ် ခံစားချက်များကို ပေးစွမ်းနေမည် ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာသူများအနေဖြင့် သွားရောက်ကြည့်သင့်သည့် နေရာ တစ်နေရာ ဖြစ်နေပါသည်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...