Sunday, December 31, 2017

ပုလင်းခွံများဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း

ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများကို အသုံးပြုပြီးသား ဘီယာပုလင်းခွံများဖြင့်သာ အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ၊ Sisaket ရှိဘုန်းတော်ကြီးကျောင်းသည် တည်ဆောက်ပုံတစ်မူထူးလှသဖြင့် Wat Lan Kuad (ပုလင်းပေါင်း တစ်သန်းဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း) ဟုအမည်ရ ကျော်ကြားလာပါသည်။

ယခုအခါ ထိုဘုရားကျောင်းဝင်း အတွင်း၌ အဆောက်အဦပေါင်း ၂၀ အထိရှိပြီး အဆောက်အဦတိုင်းသည် အသုံးပြုပြီးသား ဘီယာပုလင်း အခွံများဖြင့် ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဘီယာပုလင်းပေါင်း တစ်သန်းခွဲကျော် အထိစုစည်း တည်ဆောက်ထားပါသည်။

အသုံးပြုသည့် ဘီယာပုလင်းများတွင် အစိမ်းရောင်သည် Heineken ဘီယာပုလင်းအလွတ်များ ဖြစ်ပြီး အညိုရောင်ပုလင်းများသည် ထိုင်းနိုင်ငံထုတ် Chang ဘီယာပုလင်းအလွတ်များ ဖြစ်ပါသည်။


ထိုကဲ့သို့ ဘီယာပုလင်းခွံများဖြင့် အဆောက်အဦများ တည်ဆောက်ရန် ၁၉၈၄ ခုနှစ်ကတည်းက စတင်စုဆောင်း တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပထမဆုံးအဆောက်အဦကို တည်ဆောက်ပြီးစီးခဲ့ပါသည်။ ထို့နောက် ဆက်လက်တည်ဆောက်လာခဲ့ရာ ၂၀၀၉ ခုနှစ်တွင် အဆောက်အဦပေါင်း ၂၀ အထိ ဘီယာပုလင်းခွံပေါင်း တစ်သန်းခွဲကျော် အသုံးပြုတည်ဆောက်နိုင်ခဲ့ပါသည်။

ထိုအဆောက်အဦများတွင် တိုင်များ ၊ နံရံများ ၊ အမိုးများ ၊ ကြမ်းခင်းများ သာမက ရုပ်ပုံများအထိ အသုံးပြုပြီးသား ပုလင်းအလွတ်များဖြင့် တည်ဆောက်ခဲ့ခြင်းပါ။ အဝေးကကြည့်လျှင် အစိမ်းရောင် ၊ အညိုရောင် လှပသော ဘုရားကျောင်းအဆောက်အဦများကို တွေ့မြင်ရမည် ဖြစ်ပြီး အနီးကပ်ကြည့်လျှင်တော့ ပုလင်းခွံများကို ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။ ကျောင်းးဝင်းအတွင်းရှိ အဆောက်အဦတိုင်းကို ထိုကဲ့သို့ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ တည်ဆောက်ထားသဖြင့် ပစ္စည်းအဟောင်းများကို စနစ်တကျ ပြန်လည်အသုံးချခြင်းကို နည်းပေးလမ်းပြပေးခြင်း ဖြစ်သလို တည်ဆောက်ပုံရှားပါးလှသဖြင့် အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်သူအများ သွားရောက်လည်ပတ် ဖူးမျှော်စရာ နေရာတစ်နေရာ ဖြစ်နေပါသည်။





သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...