Monday, January 29, 2018

ပင်ဆူဗေးနီးယားမှ အမျိုးသမီးတစ်ဦး လျှပ်စစ်အသုံးပြုခ ဒေါ်လာ ၂၈၄ ဘီလီယံ ပေးဆောင်ရမည် ဆို၍ အံ့သြထိတ်လန့် မှုဖြစ်ပွား


အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယား၌ နေထိုင်သူ အမျိုးသမီးကြီး Mary Horomanski သည် ၄င်း၏နေအိမ် လျှပ်စစ်အသုံးပြုခ ကျသင့်ငွေတောင်းခံလွှာ ရရှိချိန်တွင် အံ့သြထိတ်လန့် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၄င်းသည် လျှပ်စစ်အသုံးပြုခ အတွက် အမေရိကန်ဒေါ်လာ ၂၈၄ ဘီလီယံ လာရောက်ပေးဆောင်ရန် Penelec လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီမှ ငွေတောင်းလွှာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်အသုံးပြုခကို အွန်လိုင်းကတဆင့် စစ်ဆေးခဲ့ချိန်တွင် “ ကျွန်မမျက်လုံးတွေပြာပြီး ခေါင်းနပန်းကြီးသွားတာပဲ” ဟု အသက် ၅၈ နှစ်အရွယ် Mary က Erie Times သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ကျသင့်ငွေကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထား၍ အားလုံးပေးချေရမည်ဖြစ်ကြောင်း နှင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာအတွက် ပထမအရစ်ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈,၁၇၆ ဒေါ်လာ တောင်းခံထားကြောင်း သိရသည်။

Mary ၏သားဖြစ်သူက Penelec သို့ ဖုန်းဆက်သွယ်မှု ချက်ချင်းပြုလုပ်ခဲ့ပြီး ၄င်းမှာ စက်ပိုင်းဆိုင်ရာမှားယွင်းမှုတစ်ခုဟု ကုမ္ပဏီဖက်က ပြန်လည်ဖြေကြားခဲ့သည်။ အမှန်တကယ်ပေးဆောင်ရမည့် ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၄.၄၆ ဒေါ်လာဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက မှားယွင်းမှုဖြစ်ပေါ်ပါက မည်သူမှ နှုတ်ဆိတ်နေမည်မဟုတ်တာသေချာကြောင်း ပြောကြားခဲ့သည်။

“ မီတာခ ဘီလီယံချီပေးဆောင်ရမှုအတွက် ကျွန်တော်ဘယ်တော့မှ ပြန်စဉ်းစားလို့ မရပါဘူး” ဟု Penelec ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ Mark Durbin က ဆိုသည်။ “ ကျွန်တော်တို့ ရဲ့မှားယွင်းမှုကို ဖော်ထုတ်ပေးတဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ Mary က ၄င်း၏ သားဖြစ်သူအား “ ခရစ်စမတ်လက်ဆောင်အဖြစ် အမေ့ကို နှလုံးခုန်မှုစောင့်ကြည့်တဲ့ စက်လေးပေးပါ” ဟု ဟာသပြောခဲ့ကြောင်း သိရသည်။(Xinhua)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...