Wednesday, January 31, 2018

ထူးခြားမှုများစွာဖြင့် ကယားပြည်နယ်မှ လွယ်တမူလှိုဏ်ဂူတော်ကြီး

ကယားပြည်နယ်တွင် ထုံးကျောက်တောင်များ များစွာတည်ရှိနေပါသဖြင့် ကြီးမားရှည်လျားသော လှိုဏ်ဂူကြီးများ များစွာရှိနေကြပါသည်။ ထိုပြင် ကယားပြည်နယ်မှလှိုဏ်ဂူများသည် အသိရခက်ပြီး ထူးခြားမှုများနှင့်လည်း ဆက်စပ်နေကြပါသည်။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သော အကြောင်းအရာများဖြင့် နာမည်ကျော်လှသည့် လွယ်တမူလှိုဏ်ဂူအကြောင်း တင်ပြပေးခြင်ပါသည်။

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အ၀င် ၊ အမှတ် ( ၃၅၆ ) အမြောက်တပ်ရင်းဝင်း အတွင်းတွင် တည်ရှိနေပါသည်။ လှိုဏ်ဂူအား စတင်တွေ့ရှိခဲ့သည်မှာ ၁၉၈၄ ခုနှစ်တွင်မှ ဖြစ်ပါသည်။ ယခင်က ထိုနေရာတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသလို ၊ လှိုဏ်ဂူသည် အခြားဂူများကဲ့သို့ တောင်ပေါ်တွင် တည်ရှိနေခြင်းမျိုး မဟုတ်ဘဲ မြေအောက်အနက်တွင် ဖြစ်တည်နေခြင်းကြောင့် တွေ့မြင်ရရန် ပို၍ ခက်ခဲစေပါသည်။

လွယ်တမူလှိုဏ်ဂူသည် မြေအောက် အနက် (၁၁၀) ပေ တွင်တည်ရှိနေပြီး အကျယ် ပေ (၁၀၀) ခန့် ရှိပါသည်။ ဂူပေါက် နှစ်ပေါက် ဖြစ်နေကာ အရှေ့ဘက် (ပေ ၃၀၀ ခန့်) နှင့် အနောက်ဘက် (ပေ ၅၀၀ ခန့်) အထိ ရှည်လျားပါသည်။ လှိုဏ်ဂူ၏ အမြင့်မှာ (ပေ ၃၀) ခန့် ရှိပါသည်။


၁၉၈၄ ခုနှစ်တွင် လွိုင်ကော်မြို့မှ ဦးအတိုးဆိုသူမှ အိမ်မက်အရ ထိုလှိုဏ်ဂူတည်ရှိရာနေရာကို လာရောက်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ စတင်ကတည်းက ထူးခြားသော အိမ်မက်ကြောင့် တွေ့ရှိခဲ့ရသလို လှိုဏ်ဂူသမိုင်းတစ်လျောက် ဆန်းကြယ်သော အိမ်မက်ပေးမှုများ ၊ အသိရခက်သော အဖြစ်အပျက်များကြောင့် ကျော်ကြားလူသိများရခြင်း ဖြစ်ပါသည်။

လွယ်တမူလှိုဏ်ဂူကို စတင်တွေ့ရှိချိန်တွင် နယ်မြေအေးချမ်းတည်ငြိမ်မှု အားနည်းချိန် ဖြစ်သလို ၊ ခရီးသွားပြည်သူများ မရှိချိန် ဖြစ်သဖြင့် လူသိနည်းခဲ့ရပါသည်။ ထို့နောက်ပိုင်းတွင် လှိုဏ်ဂူ၏ အရှေ့ဘက်ဆုံးနေရာ၌ ဥာဏ်တော် (၉) ထွာရှိ ဘုရားအား စတင်တည်ထားခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ထို (၉)ထွာဘုရားအား ထပ်မံပြီး ဥာဏ်တော် (၅) တောင်ပြည့် စေတီတော်အဖြစ် ပြင်ဆင်တည်ထား ခဲ့ပါသည်။

အမြောက်တပ်ရင်းမိသားစု အစဉ်အဆက်မှလည်း ထူးခြားမှုများတည်ရှိရာ လွယ်တမူလှိုဏ်ဂူတော်ကြီးကို စည်ပင်တိုးတက်အောင် ပြုလုပ်ခဲ့ကြပါသည်။ အထူးသဖြင့် လွယ်တမူလှိုဏ်ဂူအတွင်းရှိ ဘုရားစေတီများသည် နဂါးများ၏ အိမ်မက်ပေးမှုအရ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများမှ လာရောက်တည်ထားမှုများပါသည်။
 စေတီများသည် ရွှေစေတီ ၊ ငွေစေတီများအဖြစ် နှစ်ဆူတွဲကာ တည်ထားကြပါသည်။ ရွှေစေတီအဖြစ် တည်ထားသော်လည်း ရွှေမမြဲ ၊ ကပ်၍မရသဖြင့် ငွေစေတီအဖြစ် ပြောင်းလဲ တည်ထားရကြောင်း ဆိုကြပါသည်။
ထို့ပြင် သဘာဝအတိုင်း ပေါ်လာသော ထူးခြားသည့် နဂါးပုံစံ ကျောက်သားရုပ်ကြွများကိုလည်း တွေ့မြင်ကြရပါသည်။ စေတီ နှင့် ရုပ်ပွားတော်များ တည်ထားရန် အိမ်မက်ပေးမှုများ ၊ ထူးခြားတိုက်ဆိုင်မှုများကြောင့် နာမည်ကျော်ရသော လှိုဏ်ဂူတစ်ခု ဖြစ်ပါသည်။
ယခုအခါ စေတီ (၁၅) ဆူ နှင့် ဆင်းတုတော် (၂၅၄)ဆူအထိတည်ရှိနေကြောင်း သိရပါသည်။ ထပ်မံပြီး တည်ထားကိုးကွယ်မှုများလည်း ပြုလာကြအုံးမည် ဖြစ်ပါသည်။

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အ၀င် လမ်းဘေးနား ၊ အမြောက်တပ်ရင်းအတွင်း တည်ရှိနေသဖြင့် တပ်ရင်းရှေ့မှ အ၀င်ဂိတ်တွင် စာရင်းပေးဝင်ကြရပါသည်။ သို့သော် လွယ်ကူစွာပင် ခွင့်ပြုသလို လမ်းပင်ညွှန်ပြပေးပါသေးသည်။ အမြောက်တပ်ရင်းလမ်းမအတိုင်း ၀င်ရောက်သွားရပြီး လှိုဏ်ဂူ၏ မုဉ်ဦးကို ထင်ရှားစွာ တွေ့မြင်ကြရပါသည်။ လှိုဏ်ဂူသည် အခြားဂူများကဲ့သို့ တောင်ပေါ် ၊တောင်လယ်လောက်တွင် တည်ရှိနေခြင်း မဟုတ်ဘဲ မြေပြင် တွင် ကပ်လျက် တည်ရှိနေပါသည်။ သာမာန်ကြည့်လျှင် လှိုဏ်ဂူသေးဟု ထင်စရာပါ။

မုဉ်ဦးပေါက်ရှိ ဘုရားစေတီများကို ဖူးမျှော်ပြီးသည် အထိ လှိုဏ်ဂူကို မတွေ့နိုင်သေးပါ။ ကျဉ်းသော လှိုဏ်ဂူပေါက်လေးမှ အောက်သို့ မက်စောက်စွာ ဆင်းသွားတော့မှ လှိုဏ်ဂူရှည်ကြီးကို မြေအောက်တွင် တွေ့မြင်ရမည် ဖြစ်ပါသည်။ ဂူဝင်ပေါက်ငယ်မှ အောက်သို့ ပေ (၁၁၀) အနက်တွင် လှိုဏ်ဂူဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ အတက်အဆင်းပြုရန် လှေကားနှင့် စတီးလက်ရမ်းများကို လုပ်ပေးထားသဖြင့် အစဉ်ပြေစေပါသည်။

ကျဉ်းသော လှေကားမှ အောက်သို့ ဆင်းသွားလိုက်သည်နှင့် သဘာဝလှိုဏ်ဂူတစ်ခု၏ အေးချမ်းမှုကို စတင်ခံစား ရမည် ဖြစ်ပါသည်။ ကျောက်ဆိုင် ကျောက်ဆွယ်များ ကြားမှ အောက်ခြေရှိ စေတီ နှင့် လှိုဏ်ဂူလမ်းကို တွေ့မြင်ရသည်မှာ အမှန်ပင် စိတ်ကြည်နူးချမ်းမြေ့ရပါသည်။ အောက်သို့ ရောက်သည်နှင့် ဂူပေါက် နှစ်ခုကို တွေ့မြင်ရပါသည်။ တစ်ခုသည် အဖြောင့်အတိုင်း လမ်းကို မြင်နေရသလို သွားလာသူ များလှပါသည်။ ကျန်သည့်ဂူပေါက်တစ်ခုမှာ ဘုရားစေတီ၏ နောက် အောက်ဘက်သို့ အနည်းငယ် ထပ်ဆင်းသွားမှ ဂူလမ်းရှည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

လွယ်တမူလှိုဏ်ဂူ၏ ပင်မဂူလမ်းကြောင်းတွင် ဘုရား စေတီများ ၊ လှပသော သဘာဝကျောက်စက်ပန်းဆွဲများ ၊ ကျောက်စက်မိုးမျော်တိုင်များကို တွေ့မြင်ရမည် ဖြစ်ပါသည်။ တစ်ချို့နေရာများတွင် ဂူလမ်းကြောင်းမှာ လူတစ်ယောက်လျောက်သာယုံသာ ရှိပေမယ့် အနိမ့်၊ အမြင့် အတက်အဆင်းများဖြင့် လျောက်လှမ်းရမည် ဖြစ်ပါသည်။ အတွင်းပိုင်းတွင် ကျယ်ပြန့်မှုသိပ်မရှိပေမယ် အေးချမ်းသာယာပြီး စိတ်ကြည်နူး ချမ်းမြေ့စေမှာ အမှန်ပါ။

လွယ်တမူလှိုဏ်ဂူအတွင်း၌ သဘာဝအတိုင်း တွေ့ရှိရမှု နည်းသည်ဟု အောက်မေ့မိသော်လည်း ပြန်ထွက်ရာ ဂူပေါက်ဝအနားရှိ ကျန်နေသည့် နောက်ထပ်ဂူပေါက်တွင်း၌မူ သဘာဝအတိုင်း ပြုပြင်မှု မရှိသလောက် တွေ့မြင်ရပါသည်။ ထိုဂူပေါက်ကို ညီမတော်ဂူဟု အမည်ပေးထားပါသည်။ ထိုဂူ၏ အတွင်းပိုင်း အစလောက်တွင်သာ ဘုရားစေတီများနှင့် ဂူလမ်းကြောင်းပြုပြင်ထားမှုကို တွေ့ရှိရပေမယ့် အတွင်းပိုင်းတွင်းတော့ သဘာဝအတိုင်းနီးနီး တွေ့မြင်ရမည် ဖြစ်ပါသည်။

အတွင်းပိုင်းဂူလမ်းကြောင်းမှာ အတော်ရှည်ပြီး လူသွား၍ရယုံသာ လမ်းဖောက်ပြီး မီးသွယ်ပေးထားပါသည်။ အလွန်နိမ့်သော ဂူခေါင်မိုးနေရာများ ရှိပြီး ခါးကုန်း၍ ၀င်ကြရပါသည်။

ထို့ပြင် ဂူကြမ်းပြင်သည် ရွံ့နှစ်များဖြင့် ပြည့်နေပြီး အလွန်ရှော်ပါသည်။ ဂူခေါင်မိုးမှ ကျောက်စက်ပန်းဆွဲ အချွန်များဖြင့် ခေါင်းလည်း ဆောင့်မိပါသေးသည်။ သို့သော် ထိုကဲ့သို့ သဘာဝအတိုင်း သွားလာလေ့လာရသည်မှာ အလွန်ပျော်စရာကောင်းလှပါသည်။ ထိုဂူပေါက်ကိုပင် နောက်ပိုင်း ခရီးသွားများ များပြားလာသည့်အတွက် ပြုပြင်ရန် လုပ်ဆောင်နေကြောင်း သိခဲ့ရပါသည်။ ထိုညီမတော်ဂူပေါက်သည် ပြုပြင်ထားမှု နည်းသဖြင့် ခရီးသွားများ အနည်းငယ်သာ ၀င်ရောက်ကြပါသည်။ အတော်များများကတော့ ပင်မဂူလမ်းကြောင်းအတိုင်းသာ ၀င်ရောက်ပြီး ပြန်ထွက်သွားတတ်ပါသည်။

လွယ်တမူလှိုဏ်ဂူတွင် ငွေရောင်ကျောက်စက်ပန်းဆွဲများကို လှပစွာ တွေ့မြင်ကြရပြီး သဘာဝအတိုင်း ဖြစ်တည်နေသော နဂါးပုံစံ ကျောက်သားများကို တွေပမြင်နိုင်ပါသည်။ ထို့ပြင် အိမ်မက်အရ တည်ထားသော ဘုရားစေတီများကို ဖူးမျှော်ရသည်မှာ စိတ်ချမ်းမြေ့စေပါသည်။
လွယ်တမူလှိုဏ်ဂူအတွင်း တစ်နေရာ

လွယ်တမူလှိုဏ်ဂူအတွင်း  ခေါင်းငုံ့ခါးကုန်းကာ ၀င်ရောက်ရသည့်တစ်နေရာ

လွယ်တမူလှိုဏ်ဂူအတွင်း စေတီတစ်ဆူ နှင့် သဘာဝအတိုင်းပုံပေါ်လာပြီး ဆေးသုတ်ထားသည့် နဂါးပုံစံ

လွယ်တမူလှိုဏ်ဂူအတွင်း တစ်နေရာ
 
လွယ်တမူလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ

လွယ်တမူလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ
 
လွယ်တမူလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ
 
လွယ်တမူလှိုဏ်ဂူအတွင်းမှ ကျောက်စက်ပန်းဆွဲများ
 
လွယ်တမူလှိုဏ်ဂူအတွင်းမှ ရုပ်ပွားတော်များ
 
လွယ်တမူလှိုဏ်ဂူအတွင်း တစ်နေရာ
 
လွယ်တမူလှိုဏ်ဂူအတွင်း အောက်ခြေရွံ့စီးများပေါ် ဖြတ်သန်းသွားရသည့်နေရာ


လွယ်တမူလှိုဏ်ဂူအတွင်း အမှတ်တရ
ကယားပြည်နယ်တွင် အေးချမ်းတည်ငြိမ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ လွယ်တမူလှိုဏ်ဂူသည်လည်း အဓိကလည်ပတ်စရာ နေရာတစ်နေရာ အဖြစ်တည်ရှိနေပါသည်။ ကယားပြည်နယ်၏ သဘာဝအလှအပများကို ခံစားရင်း ထူးခြားသော လွယ်တမူလှိုဏ်ဂူကိုလည်း သွားရောက်လေ့လာသင့်ပါကြောင်း နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်…
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...