Monday, January 29, 2018

ကိုယ်ပိုင်ကားစီးဖို့ မလိုသည့် မြို့တော်ဖြစ်ရေး ဟဲလ်ဆင်ကီ ကြိုးပမ်း


          ဖင်လန်နိုင်ငံ မြို့တော် ဟဲလ်ဆင်ကီသည် ဥရောပတွင် သဘာဝ ပတ်ဝန်းကျင်နှင့် အညီညွတ်ဆုံး မြို့တော်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော မြို့တော်ဖြစ်သည်။ ယခုအခါ ဟဲလ်ဆင်ကီသည် နောက်တစ်ဆင့် အဖြစ် ၂၀၅၀ ခုနှစ် ရောက်သည့်အခါ မြို့တော်အတွင်း ကိုယ်ပိုင်ကားသုံးဖို့ လုံးဝ မလိုတော့အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
           ဟဲလ်ဆင်ကီသည် လူဦးရေ ခြောက်သိန်းဝန်းကျင်သာ ရှိပြီး နေရထိုင်ရ ကျယ်ကျယ်ဝန်းဝန်း ရှိသော မြို့အဖြစ်လည်း ဖင်လန်သားများက ဂုဏ်ယူနေကြသည်။ သို့သော် လာမည့် နှစ်ပိုင်းများ အတွင်း ဟဲလ်ဆင်ကီတွင် လူဦးရေ တိုးလာဖို့ရှိရာ တိုးလာမည့် လူများကြောင့် ဟဲလ်ဆင်ကီ သဘာဝ ပတ်ဝန်းကျင် ၀န်မပိအောင် မြို့အုပ်ချုပ်ရေး အဖွဲ့များက စီစဉ်နေကြောင်း သိရသည်။
          ပန်းခြံများ ပေါများခြင်း၊ လေကောင်း လေသန့်ရူရခြင်းကို ဟဲလ်ဆင်ကီ မြို့သားများကလည်း ဂုဏ်ယူကြသည်။ ဟဲလ်ဆင်ကီမြို့ ဧရိယာ (၄၇) ရာခိုင်နှုန်းသည် သစ်ပင်ပန်းမန်များ ဖုံးအုပ်နေသည်။ ဟဲလ်ဆင်ကီ မြို့ပြ တာဝန်ရှိသူများသည် မြို့ထဲမှာ ကိုယ်ပိုင်ကား နည်းသထက် နည်းသွားပြီး ကာဗွန် ထုတ်လွှတ်မှု ကျဆင်းကာ လေထု ပိုသန့်ရှင်းသွားအောင်လည်း ရည်မှန်းချက်ထား ဆောင်ရွက်နေသည်။

          မြို့ထဲမှာ ကားတွေကို ပိတ်ပင်မည် မဟုတ်သော်လည်း မြို့ခံများ ကိုယ်ပိုင်ကားကို အလိုလို စွန့်လွှတ်ကြရလေအောင် မြို့ပြ သယ်ယူ ပို့ဆောင်ရေးစနစ်များ ပိုအဆင်ပြေအောင် ဖန်တီးပေးခြင်း၊ လမ်းလျှောက်လို့ ကောင်းသော နေရာများ တိုးမြှင့်ဖန်တီးပေးခြင်း၊ ကားပါကင်ကြေးများ တိုးကောက်ခြင်း နည်းများဖြင့် ရည်မှန်းချက် အကောင်အထည် ဖော်သွားမည်ဟု ဟဲလ်ဆင်ကီမြို့ အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။
          လူနေအိမ်ရာများ အနီးတွင် ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ ဈေးဆိုင် စသဖြင့် စုံစုံလင်လင် ရှိနေအောင်လည်း ပြန်လည်နေရာ ချထားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ နေရာချထားခြင်းဖြင့် မြို့ခံအများအပြားသည် ခပ်ဝေးဝေးသွားနေရန် မလိုသဖြင့် ကားအသုံး လျော့သွားမည်ဟု မြို့အုပ်ချုပ်ရေး အဖွဲ့က ဆိုသည်။
          အလုပ်ကိစ္စ၊ လူမှုရေးကိစ္စများဖြင့် ခပ်ဝေးဝေးကို သွားဖို့ လိုလာလျှင်လည်း လျင်မြန်ပြီး သက်သောင့် သက်သာ ရှိသော ဘတ်စ်ကားတွေ၊ ရထားတွေ စီးသွားနိုင်မည် ဖြစ်သည်။ လက်ရှိတွင် ဟဲလ်ဆင်ကီ မြို့လယ်ရှိ ယာဉ်သွား ယာဉ်လာများသော လမ်းမကြီးများကို နောင်တွင် လူအများ စက်ဘီးစီးကြ၊ လမ်းလျှောက်ကြသော လမ်းမကြီးများ ဖြစ်အောင် ဖန်တီးသွားမည်ဟု ဟဲလ်ဆင်ကီ မြို့ပြစီမံခန့်ခွဲမှုဌာန အကြီးအကဲ ရစ်ခတ် မန်နီနန်က ပြောသည်။
          ၂၀၅၀ ရောက်သည့်အခါ ဟဲလ်ဆင်ကီမြို့သည် လူဦးရေ (၄၀) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ ဟဲလ်ဆင်ကီသည် ၂၀၅၀ ခုနှစ် ရောက်သည့်အခါ ကာဗွန် ထုတ်လွှတ်နှုန်း သုညမှတ်ထိ ရောက်ရှိအောင် လျှော့ချရန်လည်း ရည်မှန်းချက် ချထားသည်။ ဟဲလ်ဆင်ကီက ထုတ်လွှတ်သည့် ကာဗွန် ပမာဏသည် မြို့တော် တစ်ဝန်းရှိ သစ်တောများက စုပ်ယူနိုင်သော ပမာဏထက် မကျော်လွန်အောင် ထိန်းသိမ်းရမည် ဖြစ်သည်။
          ယာဉ်သွား ယာဉ်လာကြောင့် ထွက်ရှိသည့် ကာဗွန် ပမာဏသည် ဟဲလ်ဆင်ကီမှ ထွက်ရှိသည့် ကာဗွန် ပမာဏ စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်း ရှိသည်။ ကားအသုံးလျော့အောင်သာ မလုပ်နိုင်ပါက ၂၀၅၀ ခုနှစ် ရောက်သည့်အခါ ယာဉ်များက ထွက်ရှိသည့် ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ပမာဏသည် မှန်းထားသည် ထက် (၃၀) ရာခိုင်နှုန်းလောက် ပိုများလာလိမ့်မည်ဟု မြို့အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။
Source: Reuters
Credit: www.messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...