Tuesday, January 2, 2018

ပြင်ပကမ္ဘာမှ Super Hero စွမ်းအားရှင် (သို့) မိုင် ၃၅၀ ကို မရပ်မနား ပြေးလွှားနိုင်ခဲ့သူ

စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားများအတွင်းမှ Super Hero စွမ်းအားရှင်များကဲ့သို့ ပြင်ပကမ္ဘာတွင် မရပ်မနား မအိပ်စက်ဘဲ ပြေးနိုင်သူ တကယ်ရှိပါသည်။ ထိုသူကတော့ အမေရိကန်နိုင်ငံမှ  Dean Karnazes ဖြစ်ပါသည်။ သူသည် မိုင်ပေါင်း ၃၅၀ ရှိသော မာရသွန်ပြိုင်ပွဲကြီးတွင် ၃ ည ၄ ရက်တိုင်တိုင် နာရီပေါင်းအားဖြင့် ၈၀ နာရီ ၄၄ မိနစ်အထိ လုံးဝ မရပ်မနား မအိပ်စက်ဘဲ ပြေးလွှားပြနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ မမောမပန်း ၊ ကြွက်တတ်ခြင်း ၊ ကြွက်သားများ နာကျင်ခြင်းမျိုး မရှိဘဲ ပြေးနိုင်ခဲ့ခြင်းမှာ အများနှင့်မတူသည့် ရှားပါးမျိုးဗီဇတစ်မျိုးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ပင် သူအား ပြင်ပကမ္ဘာမှ Super Man စွမ်းအားရှင်အဖြစ် တင်စားခေါ်ဝေါ်ကြပါသည်။

သူသည် တောင်ဝင်ရိုးစွန်းမှ အပူချိန် -25ံC အထိ ရှိသည့် အေးလှသည့် မာရသွန်ပွဲမျိုးတွင် ပြေးပြခဲ့သလို ပြည်နယ် ၅၀ တွင် ကျင်းပခဲ့သော မာရသွန်ပွဲပေါင်း ၅၀ ကို ရက် ၅၀ အတွင်း အသွား အပြန် မမောမပန်း ပြေးပြခဲ့ပါသည်။ သူ့အား ပိုမိုလူသိများ ကျော်ကြားခဲ့သည့် မာရသွန်ပြေးပွဲကြီးတစ်ခုမှာ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီး ဖြစ်ပါသည်။ ထို မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီးတွင် Dean Karnazes က နာရီ ၈၀ နှင့် ၄၄ မိနစ်ကြာအောင် လုံးဝမအိပ်ဘဲ ဖြေးဖြေးမှန်မှန်ဖြင့် ပြေးပြခဲ့ပါသည်။ သူသည် မိုင် ၂၀၀ လက်ဆင့် ကမ်းပြေးပွဲတွင်လည်း အခြားအပြေး သမားနှင့် လက်ဆင့် မကမ်းဘဲ တစ်ဦး တည်းပြေးခဲ့သည်။


Dean Karnazes တစ်မူထူးလှသော အစွမ်းကို ဆေးသိပ္ပံပညာရှင်များမှ ရှာဖွေဖော်ထုတ်ခဲ့ပါသည်။ အကြောင်းမှာ လူတို့သည် လေ့ကျင့်ခန်းများ လုပ်လျှင် ဂလူးကို့စ်ဓာတ်သည် စွမ်းအင် အဖြစ် ပြောင်းသွားပါသည်။ ထိုအခါဘေးထွက်အနေဖြင့် ကြွက်သားတွင်လက်တစ်အက်စစ် ထွက်ပေါ်လာပြီး ကြွက်တက်ခြင်း နှင့် မောပန်းခြင်းတို့ ခံစားလာရပါသည်။ ထိုနှစ်ခုက ဦးနှောက်ကို လေ့ကျင့်ခန်း ဆက်မလုပ်တော့ရန် ၊ မခံနိုင်တော့ကြောင်း အချက်ပေးခြင်း ဖြစ်ပါသည်။ Dean Karnazes တွင်မူ ထိုကဲ့သို့ လက်တစ်အက်စစ် မထွက်သဖြင့် ဦးနှောက်သည် ထို အချက်ပြသင်္ကေတများကို မရတော့ပါ။ ထို့ကြောင့် သူသည် ဝေးလံလှသည့်ခရီးများကို မမောမပန်းနိုင်၊ မနာမကျင်ဘဲ ပြေးနိုင်ခြင်းဖြစ်ပါသည်။ ထိုသည်ပင် သူ၏ ထူးခြားလှသော မျိုးဗီဇဖြစ်ပါသည်။

Dean Karnazes သည် ငယ်စဉ်ကတည်းက သူ၏ ထူးခြားသော အစွမ်းကို သိရှိခံစားရခြင်း ဖြစ်ပါသည်။ ကျောင်းသားဘ၀ကပင် အခြားအတန်းဖော်များထက်များစွာ အမောခံ ၊ အပင်ပန်းခံနိုင်ခဲ့ပြီး ရန်ပုံငွေရှာဖွေသည့် ပွဲများတွင် ၀င်ရောက် ပြေးပြခဲ့ခြင်းမျိုးများ ပြုလုပ်ခဲ့ပါသည်။ သို့သော် Dean အနေနှင့် သူ၏ အများထက်ထူးခြားသော စွမ်းရည်ကို မနှစ်သက်ခဲ့ပါ။ ထို့ကြောင့် အထက်တန်းကျောင်းပြီးချိန်တွင် အပြေးပြိုင်ပွဲ ၀င်ခြင်းမျိုးကို မပြုလုပ်တော့ပါ။ သို့သော် အသက် ၃၀ ပြည့် မွေးနေ့မှစကာ ပြန်လည်၍ ပြေးပြခဲ့ပါသည်။ ထို့ကြောင့်ပင် သူ၏ တစ်မူထူးလှသော စွမ်းဆောင်ချက်များကို လူအများမှ သိရှိခဲ့ရခြင်း ဖြစ်ပါသည်။ ယခုအခါတွင်လည်း ပြေးပြိုင်ပွဲဝင်ခြင်းများ ရပ်နားကာ ဇနီး ၊ ကလေးနှစ်ဦးနှင့်အတူ အေးချမ်းစွာ နေထိုင်နေပါသည်။ သူသည် ပြေးလွှားခြင်းဆိုင်ရာ စာအုပ်များရေးသားခဲ့ပါသည်။ သူသည် ထိုကဲ့သို့ မမောမပန်း အစွမ်းပြနိုင်ခဲ့မှုမှာ ထူးခြားသော မျိုးဗီဇတစ်ခုတည်းကြောင့် မဟုတ်ဘဲ ၊ ကျန်းမာစွာ နေထိုင်စားသောက်ခြင်း နှင့် ခန္ဓာကိုယ် အဆီပိုများ မရှိစေရန် အမြဲဂရုစိုက်မှုကြောင့်ဟု ပြောပြခဲ့ပါသည်။ ယခု အခါ ကိုယ်အလေးချိန် ၁၅၆ ပေါင်ရှိပြီး အသက် ၅၅ နှစ် (၂၀၁၇ ခု) အရွယ် ရောက်ရှိနေပါပြီ။ လူအများကတော့ Dean သည် စိတ်ကူးယဉ်ရုပ်ရှင်ကားများထဲမှ စွမ်းအားရှင်များကဲ့သို့ အစွမ်းပြနိုင်သည့် ပြင်ပကမ္ဘာမှ တကယ့် စွမ်းအားရှင်အစစ်ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...