Wednesday, February 28, 2018

စပိန်နိုင်ငံမှ သွေးကဲ့သို့ အနီရောင်မြစ်

မြစ်တစ်ခုရဲ့ ရေအရောင်ဟာ သွေးကဲ့သို့ အနီရဲရဲဖြစ်နေသည့် မြစ်နီတစ်စင်းသည် စပိန်နိုင်ငံတွင် တည်ရှိနေပါသည်။ ထိုမြစ်ကို အရောင်ကိုလိုက်၍ Red River လို့ခေါ်တက်ကြပေမယ့် မူလအမည်ကတော့ Río Tinto ဟုအမည်ရပါသည်။ ထိုအနီရောင်မြစ်သည် စပိန်နိုင်ငံ အနောက်တောင်ပိုင်း ၊ Sierra Morena တောင်မှ မြစ်ဖျားခံကာ တောင်မှ အနောက်တောင်ဘက်သို့ ညင်သာစွာ စီးဆင်းလာပြီး Cádiz ပင်လယ်ကွေ့ထဲသို့ စီးဝင်သွားပါသည်။

ထို မြစ်နီကြီးသည် အရှည်အားဖြင့် (၆၂ မိုင်) 100 km အထိရှိပါသည်။ ရေအရောင်မှာ အနီရဲရဲ ရှိနေရခြင်းမှာ မြစ်ရေထဲ၌ သံဓာတ်ပါဝင်မှုများလွန်းပြီး အခြားသော သတ္တုဓာတ်များလည်း များစွာ ပျော်ဝင်နေသောကြောင့် ဖြစ်ပါသည်။

ထိုအနီရောင်မြစ်မှ သတ္တုများ တူးဖော်ထုတ်လုပ်ခြင်းကို လွန်ခဲ့သော နှစ်ငါးထောင်ကျော်ကတည်းက ထုတ်လုပ်သုံးယူခဲ့ကြပါသည်။ BC 3000 ၀န်းကျင် Iberians နှင့် Tartessians လက်ထပ်ကတည်းက မြစ်ကြောင်းတစ်လျောက်တွင် သတ္တုတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ရွှေ ၊ ငွေ ၊ ကြေး နှင့် အခြားသော သတ္တုများစွာကို ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။


ထို့နောက် သတ္တုတူးဖော်ခြင်းများကို Phoenicians, Greeks, Romans, Visigoths နှင့် Moors စသည့် ခေတ်အဆက်ဆက်တွင်လည်း ထုတ်လုပ်ခဲ့ကြပါသည်။ ထို့နောက်ပိုင်းတွင် နှစ်ရာနှင့်ချီကာ သတ္တုတူးဖော်ခြင်း မိုင်းလုပ်ငန်းများအတွက် အသုံးမပြုဘဲ စွန့်ပစ်ထားခဲ့ပါသည်။ ၁၇၂၄ ခုနှစ်တွင်မှ စပိန်အစိုးရမှ သတ္တုအမျိုးမျိုးကို ပြန်လည်တူးဖော် ထုတ်လုပ်ခဲ့ကြပါသည်။

ထိုကဲ့သို့ သတ္တုတူးဖော်ခြင်းအတွက် နှစ်ထောင်နှင့်ချီကာ ပြုလုပ်ခဲ့ကြသော်လည်း အခြားမြစ်များကဲ့သို့ ထိုမြစ်ရေကို အသုံးပြုဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ထိုအနီရောင်မြစ်ရေထဲတွင် အက်စစ်ပါဝင်မှု များလွန်းနေပြီး pH အဆင့်သတ်မှတ်ချက် ၂ အထိရှိပါသည်။ ထို့ပြင်ရေ၏အရောင်မှာလည်း သံဓာတ်ပါဝင်မှုများသောကြောင့် အနီရင့်ရင့် ဖြစ်ပေါ်နေပါသည်။ ခေတ်အဆက်ဆက် သတ္တုရှာဖွေရေး မိုင်းလုပ်ငန်းများ အလွန်အကျွံထုတ်လုပ်ခဲ့ပြီး စွန့်ပစ်သော အက်စစ်ရေများကြောင့် သဘာဝပတ်ဝန်းကျင်မှာလည်း များစွာထိခိုက် နေရပါသည်။ ယခုအချိန်တွင်တော့ EMED မိုင်းလုပ်ငန်းမှ ပိုင်ဆိုင်လုပ်ကိုင်နေပါသည်။










သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...