Monday, May 7, 2018

ထူးခြားလှပလှသည့် အစိမ်းရောင်မီးတောင်ချော်တုံးများလွင်ပြင်

တွေ့မြင်နေကြပုံမျိုး မဟုတ်ဘဲ ကြည့်နေရာတွင် စိမ်းစိမ်းစိုစို အစိုင်အခဲကုန်းကမူလေးများ ဖြစ်နေတဲ့ လွင်ပြင်ဒေသလေးအကြောင်းကို တင်ပြပေးချင်ပါတယ်။ ထိုဒေသလေးကတော့ အိုက်စလန်နိုင်ငံ တောင်ဘက်စွန်း ပင်လယ်ကမ်းခြေဒေသမှာ ဖြစ်ပါတယ်။ သာမာန်ကြည့်ရင် အစိမ်းရောင် မြက်ခင်းလွင်ပြင်ဟု ထင်စရာရှိသော်လည်း အမှန်မှာ အစိုင်အခဲ အစုစု တောင်ကုန်းလေးများသဖွယ် ဖြစ်နေတဲ့ မီးတောင်ချော်တုံး၊ ချော်ခဲများ ဖြစ်ပါတယ်။ ထိုမီးတောင်ချော်တုံးများပေါ်တွင် ရေညှိမှော်ပင်တစ်မျိုး နေရာအနှံ့ပေါက်နေသဖြင့် လွင်ပြင်တစ်ခုလုံး စိမ်းစိုလှပနေခြင်း ဖြစ်ပါတယ်။

ထိုရေညှိမှော်ပင်မျိုးများသည် အိုက်စလန်နိုင်ငံမှာ အများဆုံးပေါက်ရောက်နေတတ်တဲ့ အပင်များလည်း ဖြစ်ပါတယ်။ တကယ်တော့ အိုက်စလန်နိုင်ငံမှာ ၁၇၈၃ ခုနှစ်၌ အလွန်ပြင်းထန်ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ၁၇၈၃ မှ ၁၇၈၄ ခုနှစ်အတွင်း ၈ လတိုင်တိုင်ကြာခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွဲ၊ နွား နှင့် မြင်းများ သေဆုံးခဲ့ရသလို သိုးဆိတ်များလည်း လေးပုံ သုံးပုံခန့် သေဆုံးခဲ့ရပါတယ်။ သမိုင်းတလျောက် အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး များပြားလှတဲ့ မီးတောင်ချော်ရည်များ ၊ ပြာမှုန့်များ ၊ အဆိပ်သင့် ဓာတ်ငွေ့များကြောင့် ဆိုးကျိုးများစွာ ခံစားရခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့ မီးတောင်ပေါက်ကွဲမှု အကျိုးဆက်အဖြစ် ပင်လယ်ကမ်းခြေမှ ရေနေသတ္တ၀ါများ သေဆုံးရှားပါးမှု ဖြစ်ပေါ်ခဲ့သလို လူများအနေဖြင့်လည်း စားနပ်ရိက္ခာရှားပါးမှုကြောင့် လေးပုံတစ်ပုံခန့် သေကြေပျက်စီးခဲ့ရပါတယ်။ ထို့ပြင် မီးတောင်ပေါက်ကွဲမှုရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာမြောက်ပိုင်းခြမ်း ရာသီဥတု ပြောင်းလဲခြင်းများကိုလည်း ခံစားခဲ့ရပါတယ်။ မြောက်အမေရိကတွင် ၁၇၈၄ ခုနှစ်၌ ဆောင်းရာသီဟာ အရှည်ကြာဆုံးနဲ့ အအေးဆုံးအဖြစ် စံချိန်တင် ဖြစ်ပေါ်ခဲ့သလို ကြီးမားပြင်းထန်တဲ့ နှင်းမုန်တိုင်းကြီးများလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။


ထိုအနီးအနားဒေသများတွင်မက ကမ္ဘာနေရာအသီးသီးတွင်လည်း အိုက်စလန်မှ မီးတောင်ပေါက်ကွဲမှု အကျိုးဆက်အဖြစ် ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းများ၊ အစာရေစာ ရှားပါးမှုများကို ခံစားခဲ့ရပါတယ်။ ထိုကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့တဲ့ မီးတောင်ပေါက်ကွဲသည့် ဒေသဟာ ယခုအခါမှာတော့ သဘာဝတရားမှ ပေးအပ်တဲ့ လှပမှုများကို ရရှိနေပါပြီ။ စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်ရှိတွေ့မြင်နေရသလို ခံစားရနိုင်တဲ့ အစိမ်းရောင်လွင်ပြင်ကြီးတွင် မညီမညာ အစုစု ၊ အထွတ်ထွတ်နဲ့ မီးတောင်ချော်ခဲတောင်ကုန်းလေးများကို တွေ့မြင်ကြရမည် ဖြစ်ပါတယ်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...