Saturday, May 19, 2018


အိန္ဒိယမှာ မုတ်သုန်ကာလ မရောက်မီမှာလည်း မိုးကြိုးပစ်မှုတွေ ရှိလာခဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ၁၃ နာရီအတွင်း မိုးကြိုပစ်မှု ၃၆,၇၄၉ ကြိမ် စံချိန်တင်ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အင်္ဂါနေ့ (ဧပြီ ၂၄ ရက်) မှာ မိုးကြိုးပစ်မှုအကြိမ်ရေဟာ ပုံမှန်မဟုတ်ဘဲ အလွန်များပြားခဲ့ကြောင်းနဲ့ ထူးခြားတဲ့ ရာသီဥတုဖြစ်စဉ် သက်ရောက်မှုဖြစ်တယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကတည်းက မိုးကြိုးပစ်မှုတွေကြောင့် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ မုတ်သုန်ကာလအတွင်း မိုးကြိုးပစ်မှုအများအပြား ကြုံရလေ့ရှိပါတယ်။
အိန္ဒိယမှာ ပုံမှန်အားဖြင့် မုတ်သုန်ရာသီဟာ ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်ပေမဲ့ ယခုနောက်ပိုင်းမှာ မုတ်သုန်ကာလ မရောက်မီမှာလည်း မိုးကြိုးပစ်မှုတွေ ရှိလာခဲ့ကြောင်း ပြည်နယ်အရေးပေါ်ဌာနမှ တာဝန်ရှိသူ Kishan Sanku က ပြောပါတယ်။
ဧပြီ ၂၄ ရက်မှာ မိုးကြိုးပစ်မှုဟာ အင်ဒရာပရာဒက်ရှ်မှာ ယမန်နှစ် မေလတစ်လလုံး ကြုံတွေ့ခဲ့ရတဲ့ မိုးကြိုးပစ်မှုအကြိမ်ရေ ၃၀,၀၀၀ ထက်ပိုများခဲ့ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေဖြင့် စံချိန်တင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ ကမ္ဘာတစ်ဝှမ်း ပူနွေးလာမှုကြောင့် မိုးကြိုးပစ်မှုအကြိမ်ရေကို မြင့်တက်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ယခု မိုးကြိုးပစ်မှုအကြိမ်ရေ စံချိန်တင်ကြုံတွေ့ခဲ့ရတဲ့ အင်ဒရာပရာဒက်ရှ်ပြည်နယ် မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်မှုတွေကြောင့် ၂၀၀၅ ခုနှစ်မှစပြီး နှစ်စဉ် လူ ၂,၀၀၀ ခန့် သေဆုံးနေကြောင်းလည်း မှုခင်းမှတ်တမ်းဌာနက စာရင်းတွေက ဖော်ပြပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဘီဟာ၊ ဂျေဟာခန်း၊ အူတာပရာဒက်ရှ်နဲ့ မက်ဒ်ယာပရာဒက်ရှ် ပြည်နယ်တွေမှာ မိုးကြိုးပစ်မှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး အခြား လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အိန္ဒိယမှာ မိုးကြိုးပစ်မှုတွေကြောင့် သေဆုံးမှုဟာ အမေရိကန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် အလွန် ပိုမိုများပြားနေပါတယ်။ အမေရိကန်မှာ မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် သေဆုံးမှုအရေအတွက် ၂၇ ဦး ရှိကြောင်း သိရပါတယ်။

ယုံကြည်စိတ်ချရတဲ့ ကြိုတင်သတိပေးမှုစနစ် မရှိခြင်းကလည်း မိုးကြိုးပစ်ခံရပြီး လူသေဆုံးမှုများပြားရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခြား အကြောင်းရင်းတစ်ခုမှာ အိန္ဒိယမှာ လူအများအပြား နေအိမ်ပြင်ပ အလုပ်လုပ်ကိုင်မှုဟာ အခြားနိုင်ငံတွေထက် ပိုများနေတာကြောင့်လို့ ဆိုပါတယ်။
အင်ဒရာပရာဒက်ရှ် အရေးပေါ်ဌာနမှ Kishan Sanku ကတော့ ၎င်းတို့ဌာနအနေနဲ့ မိုးကြိုးပစ်မှု စံချိန်တင်များပြားခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ WhatsApp နဲ့ Telegram ကဲ့သို့ မက်ဆေ့ခ်ျများမှတစ်ဆင့်လည်းကောင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုမှတစ်ဆင့်လည်းကောင်း မိုးကြိုးပစ်မှုအန္တရာယ်ရှိတာကြောင့် နေအိမ်ထဲမှာသာ နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မိုဘိုင်းဖုန်းအသုံးပြုသူတွေကိုလည်း သတိပေးချက် မက်ဆေ့ခ်ျတွေ ရယူနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုပါတယ်။ "လယ်ကွင်းပြင်တွေမှာ အလုပ်လုပ်နေသူတွေကတော့ သူတို့ဖုန်းတွေကို ယူမသွားကြတော့ သတိပေးချက်တွေ မပေးပို့နိုင်ခဲ့ဘူး" လို့လည်း Kishan Sanku က ပြောပါတယ်။
မူရင်း။    ။ Duwun

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...