ကမ္ဘာ့မြေကြီးရဲ့ အပေါ်ယံမြေလွှာ (Crust) က ကျောက်လွှာချပ် (Plates) တွေ မူပြောင်းရွေ့လျားခြင်း (Tectonic movements) ကြောင့် မြေငလျင် (Earthquakes) များ ဖြစ်လာရပါတယ်။ ဒီအကြောင်းကို သိရှိနိုင်ဖို့.. ကမ္ဘာ့အတွင်းပိုင်းက အဓိက အလွှာကြီး (၄) လွှာနဲ့ အစပြု ရမှာပါ။ (ကမ္ဘာကြီး လုံးတယ်ဆိုတာ လက်ခံထားဖို့လည်း လိုပါတယ်။)

ကမ္ဘာ့အတွင်းကျဆုံးအပိုင်းမှာ သံ နဲ့ နီကယ် အများဆုံးပါဝင်ဖွဲ့စည်းထားတဲ့ အတွင်းအနှစ်အမာ (Inner Core) နဲ့ အပြင်အနှစ် အရည် (Outer Core) တို့ရှိပြီး.. သူတို့ရဲ့အပေါ်မှာ Mantle လို့ခေါ်တဲ့ ပျော့ဖတ်ဖတ် ချော်ရည်ပူတွေရှိပါတယ်။ အဲ့ဒီ့ အပေါ်ဆုံးမှာမှ အပေါ်ယံမြေလွှာ (Crust) ရှိနေတာပါ။ တနည်းအားဖြင့် ဆိုရလျှင်.. ကျောက်လွှာချပ်တွေ ရှိနေတဲ့ အပေါ်ယံမြေလွှာဟာ အရည် (ချော်ရည်) ပေါ်မှာမျောနေတဲ့ ကျောက်လွှာကြီးတစ်ခုပါပဲ..။

အဲ့ဒီ့ကျောက်လွှာကြီးတွေဟာ အပူချိန်၊ ဖိအား၊ ရွေ့လျားမှု၊ ဆွဲအားသက်ရောက်မှုများကြောင့် မကြာခဏဆိုသလို လှုပ်ရှားပြောင်းလဲတတ်ကြပါတယ်။ တစ်ခုနဲ့ တစ်ခု ထပ်မိသွားတဲ့အခါ တောင်တွေဖြစ်လာပြီး..၊ ကွာသွားလျှင်တော့ ချောက်ကမ္ဘားတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီ့လို ကျောက်လွှာတွေ လှုပ်ရှားတာကို ငလျင်လှုပ်တယ်လို့ ခေါ်ပါတယ်။ သဘာဝ ငလျင်အမျိုးအစား (၄) မျိုးရှိပါတယ်။ ကျောက်လွှာများ မူပြောင်းလှုပ်ရှားခြင်း၊ မီးတောင်ပေါက်ခြင်းကြောင့် လှုပ်ခြင်း၊ ပြိုကျခြင်း နဲ့ ပေါက်ထွက်ခြင်း တို့ဖြစ်ပါတယ်။ လူလုပ်လို့ ဖြစ်တဲ့ ငလျင်တွေလည်းရှိပါတယ်။ (ဥပမာ။ အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်ခြင်း။)

ငလျင်လှုပ်ခြင်းကြောင့် မြေလွှာအံလွှဲပြီး Seismic waves လို့ခေါ်တဲ့ ငလျင်လှိုင်းတွေ ထ လာပါတယ်။ ဗဟိုချက်က မြေကြီးအတွင်းပိုင်းမှာရှိပြီး ဗဟ်ုချက် အပေါ်က မြေပြင်ဟာ တုန်ခါမှုပြင်းထန်ကာ ငလျင်လှိုင်းများတလျောက် တိုက်တာ အဆောက်အဦးများဟာ ငလျင်လှိုင်းဒဏ်ကို ခံရပါတယ်။ အံလွှဲ (Fault) ရှိတဲ့နေရာမှာတော့ မြေလွှာ ပြတ်ရွေ့ခြင်းကို တွေ့ရမှာပါ။ နောက်ပြီး.. ပင်လယ်၊ သမုဒ္ဒရာရေပြင် အောက်ကြမ်းပြင်မှာ ငလျင်ဖြစ်လျှင်တော့.. ဆုနာမီလှိုင်းတွေ ပေါ်လာတတ်ပါတယ်။

ငလျင်လှိုင်းများကို ဘားဂရပ်များဖြင့် တိုင်းတာတွက်ချက်နိုင်ပြီး ၁၉၃၅ ခုနှစ်က ချားလ် ရစ်ခ်ျစတာ (Charles Francis Richter) က မဂ္ဂနီကျူ့ စကေးနဲ့ တွက်ချက်ဖော်ပြခဲပါတယ်။ စကေးမှာ သုံည (၀) မှ (၉) မဂ္ဂနီကျူ့အထိရှိပြီး ၄.၅ ကျော်လျှင် အားအသင့်အတင့် ရှိကာ ၇ ကျော်လျှင်တော့ အဆောက်ဦးတိုက်တာတွေ ပျက်စီးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အဓိက ကျောက်လွှာချပ်ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ ကြော (Sagaing Plate) ဟာ ဟိမဝန္တာအောက်က ကျောက်လွှာချပ်တွေနဲ့ ဆက်စပ်ပြီး.. အိန္ဒိယ ကျောက်လွှာ (India plate) နဲ့ အက်ဒီမန် ပင်လယ်ဘက်သို့ ဖြာထွက်တဲ့ ဆန္ဒ (Sunda plate) ကျောက်လွှာချပ် ကြားမှာရှိပါတယ်။ မြန်မာပြည်အလယ်ပိုင်းတလျောက် ရှည်လျားပြီး အဓိကမြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူးမြို့တို့ အောက်မှာရှိပြီး.. မုတ္တမ ပင်လယ်ကွေ့အထိ တောက်လျောက် တည်ရှိနေပါတယ်။ (ပုံ)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။