Tuesday, October 30, 2018

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (သို့) ပြည်ချစ်ဘုရားကြီး

ပြင်ဦးလွင် (မေမြို့)မြို့သည် အေးချမ်းလှပသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သလို လည်ပတ် ဖူးမျှော်စရာ နေရာဒေသ အများအပြားရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါတယ်။ တောင်လှေကား ၊ ပန်းမြို့တော် ၊ မေမြို့နှင့် ပြင်ဦးလွင် စသည်ဖြင့် အမည်များစွာဖြင့် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလှတဲ့ လှပတဲ့မြို့ကလေးပါ။ ထိုပြင်ဦးလွင်မြို့သို့ ရောက်ဖူးသူတိုင်း လာရောက်ဖူးမျှော်တတ်တဲ့ နေရာတစ်နေရာကတော့ ပြည်ချစ်ဘုရား (ခေါ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးပင် ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ပြင်ဦးလွင် မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ် ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိနေပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီး၏ ကျော်ကြားလူသိများရခြင်းမှာ ပြည်ချစ်ဘုရားဟူသော ဘွဲ့ထူးကြောင့်လည်း ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုသပ္ပါယ်ဖွယ် ထုဆစ်ပူဇော်ထားသည့် ကျောက်ဆင်းတု ရုပ်ပွားတော် ဖြစ်ပါသည်။

မုခ်ဦးတံတိုင်းသို့ ၀င်လိုက်သည်နှင့် ကုန်းမြင့်ပေါ်၌ တည်ထားသော မဟာအံ့ထူးကံသာဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်စေတီတော်ကို ကြည်ညိုဖွယ် ဖူးမျှော်ရပါမည်။ ဘုရားကြီးသည် ကျယ်ဝန်းသော ၀တ္တကမြေအတွင်း တည်ရှိနေပါသည်။


မဟာအံ့ထူးကံသာဘုရားကြီး၏ သမိုင်းအကျဉ်းမှာ မန္တလေးမြို့ အောင်သီဟကျောက်ဆစ်လုပ်ငန်းမှ ယခုဆင်းတုတော်ကြီးကို ရွှေလီမြို့သို့ ပင့်ဆောင်ရန် မော်တော်ယာဉ်ဖြင့် မန္တလေးမှ သယ်ဆောင်လာစဉ် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအလွန် မန္တလေး-လားရှိုးကားလမ်း မိုင်တိုင် ၄၇/၁ အရောက်တွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး ဆင်းတုတော်ကြီးမှာ ကားပေါ်မှကျ၍ မြေခခဲ့ပါသည်။ ဆင်းတုတော်ကြီး မြေခသည့်ရက်မှာ မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့ (၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက်) တနင်္ဂနွေနေ့ ၁၁ နာရီအချိန်ခန့်ဖြစ်သည်။ ဆင်းတုတော်ကြီးအား ရွှေလီမြို့သို့ ဆက်လက်ပင့်ဆောင်ခြင်းမပြုတော့ပဲ အများလှူဒါန်းငွေ ၈၀၀,၀၀၀ ကျပ် နှင့် ထုလုပ်သူက လှူဒါန်းငွေ ၂၀၀,၀၀၀ ကျပ်၊ စုစုပေါင်း ၁,၀၀၀,၀၀၀ ကျပ်ဖြင့် ကျောက်ဆစ်လုပ်ငန်းရှင်အား ပေးချေ၍ လက်ရှိနေရာတွင် ပူဇော်ရန် ဆောင်ရွက်ခဲ့သည်။ ဆင်းတုတော်ကြီးကို ၁၉၉၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပက်လက်အနေအထားဖြင့် စတင်အပူဇော်ခံပြီးနောက် ၁၉၉၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ပက်လက်အနေအထားမှ ထိုင်ကိုယ်တော်အဖြစ်သို့ ဝန်ချီစက်ဖြင့် ပင့်ဆောင်မယူပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ယာယီစံကျောင်းသို့ ပင့်ဆောင်၍ အပူဇော်ခံခဲ့သည်။

ထို့နောက် ၁၃၅၉ ခုနှစ် ဝါခေါင်လဆန်း ၄ ရက် (၁၉၉၇ ခုနှစ် ဩဂုတ်လ ၇ ရက်)နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ဩဝါဒစရိယနှင့် တွဲဘက်အကျိုးတော်ဆောင်ဆရာတော်ကြီး အမှူးပြု၍ သံဃာ့နာယကဆရာတော်ကြီးများထံမှ ထိုစဉ်က  သက်ဆိုင်ရာအာဏာပိုင်များ နှင့် တာဝန်ရှိသူများက ဆင်းတုတော်ကြီးအား ပူဇော်ရေးအတွက် လျှောက်ထားဩဝါဒ ခံယူခဲ့သည်။ ဆရာတော်ကြီးများက ဆင်းတုတော်ကြီးအား မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဟူသော ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ ဆင်းတုတော် အစဉ်အမြဲကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်စေတီတော် တည်ဆောက်ရေးအတွက် စီစဉ်ဆောင်ရွက် ခဲ့ကြပါသည်။

ယခု မဟာအံ့ထူးကံသာ ဘုရားကြီး တည်ရှိနေသည့် ဓမ္မရတိကုန်းမြေ နေရာတွင် ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက် (၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်)နေ့၌ မြေသန့်မင်္ဂလာ၊ ပန္နက်တော်တင်မင်္ဂလာနှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားများကို တစ်ပေါင်းတည်းပြုလုပ်ကျင်းပကာ တည်ဆောက်ရေးလုပ်ငန်းများ (ပင်မစေတီ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်ခြင်းနှင့် ပန်းဥယျာဉ်တည်ဆောက်ခြင်း စသည့် အထွေထွေလုပ်ငန်းများ အပါအဝင်) ကို စတင် ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ အဆင့်ဆင့် တည်ဆောက်ခဲ့ကြပြီး ၁၃၆၁ ခုနှစ် တပေါင်းလပြည့် (၂၀၀၀ ခုနှစ် မတ်လ ၁၉ ရက်) နေ့တွင် ဆင်းတုတော်ကြီးကို ယာယီစံကျောင်းမှ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ခဲ့သည်။ ၁၃၆၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (၂၀၀၀ ခုနှစ် ဧပြီလ ၁၁ ရက်)နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋိတိုက် စေတီတော်ကြီး၏ ရွှေထီးတော် တင်လှူပွဲမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။ ထီးတော်တင်ပွဲကို ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး နောက်သုံးနှစ်အကြာတွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။






ယခုအခါ မဟာအံ့ထူးကံသာ (ခေါ်) ပြည်ချစ်ဘုရားကြီးသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်သူများနှင့် အစဉ်အမြဲ စည်ကားလျက်ရှိပြီး ကျယ်ပြန့်သော ဘုရားရင်ပြင်တော်ပေါ်မှ ပတ်ဝန်းကျင် အလှအပများကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။ နှစ်စဉ်ပွဲတော်များ ကျင်းပလေ့ရှိသလို ယခုနောက်ပိုင်းနှစ်များတွင် တန်ဆောင်မုန်းလ၌ ပြင်ဦးလွင် မီးပုံပျံပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ပါသည်။



သာယာလှပသည့် ပြင်ဦးလွင် တောင်ပေါ်မြို့ကလေးကို အလည်အပတ်ရောက်ရှိခဲ့လျှင် ကြည်ညိုဖွယ်ကောင်းလှသည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား ၀င်ရောက်ဖူးမျှော်ပြီး စိတ်၏ အေးချမ်းသာယာ ပျှော်ရွှင်မှုအပေါင်း ခံစားနိုင်ကြပါစေခင်ဗျာ…
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...