Saturday, November 17, 2018

အင်္ဂလိပ် ဂဏန်း “8” ပုံစံ "အန်နီလန်းမား" (နေသွားလမ်းကြောင်း)

အန်နီလန်းမား(Analemma) ဆိုတာကတော့ တစ်နှစ်ပါတ်လုံး နေ ပြောင်းလဲတည်ရှိနေတဲ့ အရပ် (တနည်း) အချိန်ကန့်သတ်ချက် တစ်ခုအတွင်းမှာ နေ့စဉ် (လစဉ်) ရိုက်ကူးထားတေဲ့ နေရဲ့ တည်နေရာပြောင်းလဲမှုကို ဆိုလိုပါတယ်။ အင်္ဂလိပ် အက္ခရာ "8" ပုံစံ ရှိပါတယ်။ (ကျနော်တို့လို မြောက် ကမ္ဘာခြမ်း နေသူတွေအတွက်ပါ။)

ဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲ (တနည်း) ဘာကို ရည်ညွှန်းသလဲ ဆိုလျှင်.. ကမ္ဘာဟာ ၂၃.၅ ဒီဂရီတိမ်းစောင်းနေခြင်း နဲ့ နေကို စက်ဝိုင်းပုံမဟုတ်ပဲ.. ဘဲဥပုံစံ လမ်းကြောင်းအတိုင်း လှည့်ပါတ်နေတယ်လို့ ဆိုလိုပါတယ်။

"8" ဂဏန်းလမ်းကြောင်းရဲ့ အမြင့်ဆုံးနေရာကိုတော့.. နွေဥတုဖြစ်တဲ့ ဇွန်လ မှာ ရောက်ရှိပြီး.. အောက်ဆုံးအမှတ်ကိုတော့ ဆောင်းရာသီ ဒီဇင်ဘာလမှာ ရောက်ရှိပါတယ်။ အလယ်ဆုံမှတ်ကတော့ အီကွေတာမျဉ်းပေါ် နေရောင်ခြည်တည့်မတ်စွာ ကျရောက်တဲ့ (တနည်း) ရာသီကူးပြောင်းကာလဖြစ်တဲ့ မတ်လ နဲ့ စက်တင်ဘာလမှာ ကျရောက်ပါတယ်။


ကမ္ဘာဟာ ၂၃.၅ ဒီဂရီ တသတ်မတ်တည်း တိမ်းစောင်းပြီး နေကို ဘဲဥပုံစံ လမ်းကြောင်းအတိုင်း လှည့်ပါတ်နေတဲ့အတွက် ကမ္ဘာ့မြောက်ခြမ်း နဲ့ တောင်ခြမ်းဟာ ရာသီဥတု ဖြစ်ပေါ်ပုံ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ကျနော်တို့ မြောက်ပိုင်းသားတွေအတွက် ဇွန်လဟာ နေ့တာရှည်တဲ့လ (တနည်း) မြောက်ဝင်ရိုးစွန်း နေဘက်ကို တိမ်းစောင်းတဲ့ လ ဖြစ်ပြီး မြန်မာလို ဥတ္တရ (မြောက်) ယဉ်စွန်းချိန်လို့ ခေါ်ပါတယ်။ နွေဥတု အချိန်ဖြစ်ပါတယ်။

အခု ဒီဇင်ဘာလကတော့ နေ့တာတိုပြီး ညတာရှည်တဲ့လ (တနည်း) တောင်ဝင်ရိုးစွန်းဟာ နေဘက်ကို တိမ်းစောင်းနေတဲ့ လဖြစ်ပြီး ဆောင်းဥတု ကာလဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကတော့ ဒက္ခိဏ ယဉ်စွန်းချိန် လို့ခေါ်တဲ့ တောင်ယဉ်စွန်းမှတ်ကို ရောက်ရှိမယ့်အချိန်ပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...